ကျားဖြူပါတီဗဟိုကော်မတီဝင် လဲချားပြည်သူ့လွှတ်တော် ဘာကြောင့်ပါတီဝင်မှနှုတ်ထွက် ? (ဆက်သွယ်မေးမြန်းခန်း)



ပြီးခဲ့တဲ့အစိုးရသက်တမ်းမှာ အနိုင်ရသျှမ်းပါတီဖြစ်တဲ့ ကျားဖြူပါတီရဲ့ ဗဟိုကော်မတီဝင် တဦး ဖြစ်တဲ့ ၊ ကျားဖြူပါတီစတင်တည်ထောင်ရာမှာလည်းပါဝင်တဲ့ လဲချားမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စိုင်းတင်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပါတီဝင်ကနေနှုတ်ထွက်စာတင် လိုက်ပါတယ် ။ သူဟာ ထိပ်တန်းကျားဖြူကုမ္မဏီရဲ့ မန်နေးဂျင်းဒါရိုက်တာလည်း ဖြစ်ပါတယ် ။ ဘာကြောင့် ကျားဖြူပါတီကနေ နှုတ်ထွက်လိုက်ပါသလဲ ။ အကြောင်းစုံသိရအောင် စိုင်းတင် ကို သျှမ်းသံတော်ဆင့်သတင်းဌာန သတင်းထောက် စိုင်းယွက်ခမ်းကနေ ဆက်သွယ်မေးမြန်း ထားပါတယ် ။


မေး ။ ။ ဆရာစိုင်းတင် ခင်ဗျ ။ ဘာကြောင့် ကျားဖြူပါတီကနေထွက်ရသလဲ ။ ရှင်းပြပေးပါဦး ခင်ဗျ ။


ဖြေ ။ ။ ဘာကြောင့်နှုတ်ထွက်ရသလဲလို့ မေးလာရင်ကျနော် ကျားဖြူပါတီ စတင်တည်ထောင်စဉ် ကတည်းက အကြောင်းကိုပြန်ပြောရမှာပေါ့ ။


ကျားဖြူပါတီ စတင်ထောင်တုန်းက ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ သျှမ်းခေါင်းဆောင်တွေဖြစ် တဲ့ ခွန်ထွန်းဦး  စိုင်းညွန့်လွင် တို့က အချုပ်ခန်းထဲ ရောက်နေတုန်းဘဲ ။ ဆိုတော့ကျနော်တို့ ကျန်ရှိ တဲ့ခေါင်းဆောင်တွေဖြစ်တဲ့ စဝ်ကိုင်ဖှတို့နဲ့အတူကျနော်တို့နဲ့ မိတ်ဆွေသူငယ်ချင်း တွေ ဖြစ်တဲ့ အယ်ဒီတာ ဟင်း ကာယန်း တို့နဲ့ တွေ့ဆုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သျှမ်းပါတီ တခုထပ်မံတည်ထောင်ဖို့ ဆွေးနွေးကြတယ် ။ အဲ့တုန်းကပါတီနာမည်ကို ကျားဖြူပါတီလို့တောင် မသတ်မှတ်သေးဘူး ။ တည်ထောင်ထားပြီးတော့ ခွန်ထွန်းဦးတို့ ထောင်က ထွက်လာရင် ပါတီတခုတည်းပြန်ပေါင်းကြမယ်ဆိုပြီး သဘောတူထားကြတယ် ။


ကျနော့အနေနဲ့ကလည်း ဒီကျားဖြူပါတီစတင်တည်ထောင်စဉ်က ကျနော်ဟာဗဟိုကော် မတီ ဝင်အဖွဲ့ ၁၅ ယောက်ထဲမှာပါဝင်တယ် ။ နောက်တခုက သျှမ်းပြည်တောင်ပိုင်းအတွက် တောင်ကြီးမှာ စဝ်ယွန်းပိုင်နဲ့အတူလက်တွဲပြီးတော့ ကျနော့အိမ်မှာ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်တယ် ။ အဲဒီမှာ ကျားဖြူပါတီဖွဲ့စည်းနိုင်ခဲ့တယ် ။


အဲ့ဒီလိုကျားဖြူပါတီစတင်ဖွဲ့စည်း ရုံးဖွင့်နိုင်ကတည်းက ဒီကနေ့အထိ ၆ နှစ်တာကာလ ကျနော် ဟာ ကျားဖြူပါတီထဲမှာ အလုပ်လုပ်ပေးနိုင်ခဲ့တယ် ။ ပြီးတော့ ကျနော်လဲချားမြို့မှာ ပြည်သူ့ လွှတ်တော်ဝင်ပြိုင်တယ် ။ အနိုင်ရခဲ့တယ် ။ လွှတ်တော်သက်တမ်းလည်း ၅ နှစ်ပြည့် ပြီးဖြစ် တယ် ။ ကျားဖြူပါတီရဲ့ ဥပဒေစည်းကမ်းချက်ထဲမှာလည်း ဗဟိုကော်မတီတယောက် ရဲ့သက် တမ်းဟာ လွှတ်တော်ရဲ့သက်တမ်းနဲ့အတူတူဘဲ လို့ပါရှိတယ် ။ ဒါကြောင့်ကျနော့်ရဲ့ လွှတ်တော် သက်တမ်းဟာ ဇန်နဝါရီလ ၃၁ ရက်နေ့က ကုန်ဆုံးသွားပြီဖြစ်ပါတယ် ။ အဲတာကြောင့် ကျနော့် ရဲ့ ဗဟိုကော်မတီဝင်တယောက်အနေနဲ့ သက်တမ်းဟာ ကုန်ဆုံးသွားပြီဖြစ်တဲ့ အတွက်အလုပ် ဆက်မလုပ်လိုတော့လို့ အခုလိုနှုတ်ထွက်ရတာဖြစ်ပါတယ် ။


မေး ။ ။ ဘာကြောင့် ကျားဖြူပါတီထဲမှာ အလုပ်ဆက်မလုပ်လိုတာလဲခင်ဗျ ။


ဖြေ ။ ။  ဒီကြားထဲမှာကျနော် ကျားဖြူပါတီကနေ သျှမ်းပါတီကြီး ၂ ခု ပူးပေါင်းဖို့အမြဲတိုက် တွန်းခဲ့တယ် ။ ၂ ဖက် ပူးပေါင်းရေးကော်မတီ က လည်း တွေ့ဆုံခဲ့တယ် ။ အဲဒီ ပူးပေါင်းရေး ကော်မတီထဲမှာလည်း ကျနော်ကိုယ်တိုင်ပါဝင်တယ် ။ အဲလို ၁ ကြိမ်တည်းသာ တွေ့ဆုံပြီး နောက်ပိုင်းထပ်မံပြီး မတွေ့ဆုံဖြစ်တော့ဘူး ။ အဲဒီအတွက် ကျနော် သျှမ်းပြည်သားတွေအတွက် သျှမ်းအမျိုးသားတွေအတွက် အမိသျှမ်းပြည်ကြီးအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတယ် ။ ကျနော်တို့ရဲ့ ၂ ဖက်ခေါင်းဆောင်ကြီးတွေက သူ့ကြောင့် ကိုယ့်ကြောင့်ဆိုပြီးတော့ အပြစ်တွေ ပုံချကြတယ် ။ ကျနော်က ၂ ပါတီပူးပေါင်းဖို့တိုက်တွန်းလာတာ ကျနော်တို့ ကျားဖြူပါတီရဲ့ အကြီးအကဲတွေက ကျနော့ကို အမြင်ကပ် မျက်မုန်းကျိုးတဲ့အထိ ရှိကောင်း ရှိလာပါတယ် ။ ကျနော်လည်း တနေ့တော့ ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်လာနိုးနိုးစောင့်ရင်း သီးခံစောင့် ရင်းနဲ့ဒီနေ့အထိပါဘဲ ။


၂၀၁၅ ရွေးကောက် ပွဲမတိုင်ခင်တုန်းကလည်း ကျနော်တို့ပါတီရဲ့အစည်းအဝေးမှာ တင်ပြခဲ့ တယ် ။ ကျနော်တို့ပါတီကြီး ၂ ခုပူးပေါင်းပြီးမှ ရွေးကောက်ပွဲဝင်ရအောင်လား ဆိုပြီးတော့ တင်ပြခဲ့တယ် ။ အစည်းအဝေးပြင်ပမှာရောဘဲတိုက်တွန်းခဲ့တယ် ။ တကယ်လို့ ပါတီကြီး ၂ ခု မပူးပေါင်းနိုင်ခဲ့ရင်တောင်မှရွေးကောက်ပွဲ ဝင်မယ့်နေရာကိုခွဲဝေကြပြီး အနိုင်ရတဲ့ အမတ် တွေက လွှတ်တော်ထဲမှာ လက်တွဲပြီးအလုပ်လုပ်ရအောင်လေ လို့လည်း တိုက်တွန်းတယ် ။ “ သူတို့တောင်မှ ဝင်တာဘဲ။ ငါတို့လဲဝင်မှာပေါ့ ” ဆိုပြီး ကျားဖြူအကြီး အကဲတွေကပြောတယ် ။ ၂ ပါတီလုံး ညှိနှိုင်းမှုမရှိဘဲ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲတုန်း ကလို အနိုင်ရမှာမဟုတ်ဘူးလို့လဲ ကျနော် သတိပေးတယ် ။ ဒါမယ့် ဆရာကြီးတွေက နားထဲမထဲ့ဘူး ။


ကျနော်သတိပေးချင်တာတခုက ကျနော်တို့ခေါင်းဆောင်ကြီးတွေက ဒီမိုကရေစီနိုင်ငံကို သွားမယ်လို့ပြောတယ် ။ လူထုဖြစ်ချင်တဲ့ဆန္ဒကိုတော့ နားမထောင်ဘူး။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စလေ ။ ဒီအချက်တွေကိုလည်းကျနော် စိတ်ထိခိုက်ရတယ် ။ ဒါကြောင့်ကျနော် ပါတီက နှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါ ။


နောက်တခု ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးကာလ ၂ လကလည်း ကျားဖြူပါတီက - တိုင်းနဲ့ပြည်နယ်ဝန်ကြီးဌာနမှာလည်း ကိုယ့်လူတွေနေရာရရှိရေး ၊ သျှမ်းပြည်နယ်အစိုးရ ဖွဲ့ရေး စတာတွေကြွေးကြော်ခဲ့တယ် ။ တကယ်တမ်း ရွေးကောက်ပွဲလဲကျင်းပရော မိုင်းပန် မြို့ မှာ ပြည်နယ်လွှတ်တော်အတွက် တနေရာတည်း အနိုင်ရခဲ့တယ် ။ ကျနော်ကိုယ်တိုင်က တွဲဖက်အတွင်းရေးမှူးတယောက်ဖြစ်နေတာကြောင့် ကျနော့မှာလည်းတာဝန်ရှိတယ် ။ ကျနော့ကိုယ်ကျနော် ရှက်တယ် ။ ဒါကြောင့်ကျနော် နှုတ်ထွက်ရတာဖြစ်တယ် ။ ဒီကိစ္စ ကျနော့်ကိုဘယ်သူမှ ဖိအားမပေးပါဘူး ။ ကျနော့ဆန္ဒ အစစ်အမှန်ပါဘဲ ။


မေး ။ ။ ကျားဖြူပါတီကနှုတ်ထွက်ပြီးရင် ဘာဆက်လုပ်မလဲခင်ဗျ ။ တခြားပါတီထဲပြောင်း ဝင်ပြီးနိုင်ငံရေးဆက်လုပ်ဦးမလား ။


ဖြေ ။ ။ လောလောဆယ်ကျနော်ဘယ်ပါတီဆီကိုမှ မကူးပြောင်းဘူး ။ ဒါပေမယ့် ကျနော့ သျှမ်းအမျိုးသားရေးအတွက် သျှမ်းပြည်အတွက်လုပ်ငန်းတွေ လုပ်သင့် တာကိုတော့ အလျဉ်းသင့်သလိုကျနော်လုပ်သွားမယ်။ကျနော်လူမှုရေးလုပ်ငန်းတွေကိုဘဲလုပ်ဆောင်သွားမယ် ။ ကျနော်နဲ့စိတ်တူ ကိုယ်တူ နဲ့လက်တွဲပူးပေါင်းလုပ်ဆောင်သွားမယ် ။


မေး ။ ။ ဆရာစိုင်းတင်နှုတ်ထွက်စာ ဘယ်နေ့ကတင်တာလဲခင်ဗျ ။


ဖြေ ။ ။ ကျနော့်ထွက်စာကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်ကဘဲ ကျားဖြူရုံးချုပ်နဲ့ မြို့နယ်ရုံးအသီးသီးကို (စာအိတ် ၃၈ လုံးစာ) ပေးပို့တယ် ။ ဥက္ကဌကြီးဆီကိုလည်းပို့တယ် ။ ဘာမှအကြောင်းပြန်တာမရှိသေးဘူး ။

မေး ။ ။ ဆရာစိုင်းတင်ဘာများထပ်ပြောချင်ပါသလဲခင်ဗျ ။


ဖြေ ။ ။ တကယ်တော့ ပါတီထဲဝင်ဖို့က အဓိကမဟုတ်ပါဘူး ။ ကိုယ့်လူမျိုး ကိုယ့်ဒေသ အတွက် အလုပ်လုပ်တာက အဓိကဖြစ်ပါတယ် ။ အထင်ရှားဆုံး သာဓက တခုပြရမယ်ဆိုရင် နမ့်ခမ်းမြို့ကိုကြည့်ပါလား ။ မြို့သူမြို့သားအားလုံးက မျိုးချစ်စိတ်အပြည့်ရှိတဲ့မြို့ ။ စည်းလုံး ညီညွတ်မှုအရှိဆုံးမြို့ ။ ဒါပေမယ့်ရွေးကောက်ပွဲမှာ သျှမ်းတယောက်မှ နေရာမရလိုက်ဘူး ။ သူများက ဝင်ယူသွားတယ် ။ မဲလာမပေးတဲ့သူ ၁၀၀၀၀ ကျော်ရှိတယ် ။


အဲတာကြောင့် ဗမာတောင်မှပါတီတွေအများကြီးရှိတာဘဲလို့ပြောနေတဲ့သူတွေ - သျှမ်းပါတီ နဲ့ ဗမာပါတီ အခြေအနေခြင်းမတူဘူး ။   ကိုယ်တို့တွေက အများကြီးကြိုးစား ရမယ်လေ ။


၂၀၁၀ ရွေးကောက်ပွဲကာလက လဲချားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရတဲ့ စိုင်းမောင်တင် (ခေါ်) စိုင်းတင် (၅၆ နှစ်) ဟာ ထိပ်တန်း ကျားဖြူကုမ္မဏီလီမိတက်ရဲ့ မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်ပါတယ် ။  စိုင်းတင်ဟာ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ဇာတိဖြစ်ပါတယ် ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒေသ ဒီဂရီကောလိပ်နဲ့  ဒီဂရီကောလိပ်ကနေ ပထဝီဘာသာရပ်နဲ့  ဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates