မြို့သန့်ရှင်းရေးအတွက်မိုင်းရှူးလူငယ်များ စုပေါင်းအမှိုက်ကောက်



မိုင်းရှူးလူငယ်များဦးဆောင်ကာ မြို့တွင်းသာယာသန့်ရှင်းရေးအတွက်ရည်ရွယ်ပြီး မြို့နေလူထုစုပေါင်း၍ မြို့တွင်းအထင်ကရနေရာများအား အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည် ။


ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ မိုင်းရှူးမြို့ရှိ မြို့လယ် နမ့်င ချောင်းဘေး ၂ ဘက်နှင့်မြို့လယ်ဘုရားကျောင်းကြီးတို့တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မိုင်းရှူးမြို့လူငယ်များက အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ကြခြင်းဖြစ်ရာ လူငယ် ၊ လူထု ၊ အစိုးရဝန်ထမ်းများပူးပေါင်းပါဝင်ရာ လူအင်အား ၃၀၀ ထက်မနည်း ရှိကြောင်း မိုင်းရှူးမြို့လူငယ် နန်းယိင်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


“ မိုင်းရှူးမြို့မှာနေထိုင်တဲ့ လူထုအားလုံးနဲ့ အနာဂတ်မျိုးဆက်သစ် လေးတွေ သန့်ရှင်းသာယာမှုကိုတန်ဖိုးထားတတ်အောင် အမှိုက်တွေကိုစနစ်တကျ ပစ်တတ်အောင် စုပေါင်းသန့်ရှင်းရေးပြုလုပ်တတ်အောင် စတာတွေကိုရည်ရွယ်ပါတယ် ”  ဟု ဆိုသည် ။


မိုင်းရှူးမြို့လူငယ်များအဖွဲ့သည် ၂၀၁၄ ခုနှစ်ကတည်းကစပြီးအပတ်စဉ် စနေနေ့တိုင်း  မြို့တွင်းအမှိုက်သရိုက်ရှင်းလင်းမှုကို စတင်လှုပ်ရှားဆောင်ရွက်လာခဲ့ပြီး တိုက်ပွဲများနှင့်ဒေသတွင်းအခြေအနေများကြောင့် လှုပ်ရှားမှု ရပ်နားသွားခဲ့ရာ ၂၀၁၆ နှစ်ဦးပိုင်းမှသာ ပြန်လည်အကောင်အထည်ဖော်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်ဟုလည်း လူငယ်တဦးဖြစ်သည့် အေးခမ်းက ဆိုပါသည် ။


“ ပတ်ဝန်းကျင်သန့်ရှင်းမှ ကျန်းမာရေးကောင်းမွန်မယ်ဆိုတော့ အမှိုက်ကောက်ဖို့ သန့်ရှင်းရေးလုပ်ကြဖို့ တိုက်တွန်းတယ် ။ ကျမတို့အမှိုက်ကောက်တာကိုတချို့ကလည်းအကောင်းမြင်တယ် ။ တချို့ကလည်းအကောင်းမမြင်ဘူး ။ လူထုတရပ်လုံးပါဝင်လာအောင် ၊ အားလုံးကကျမတို့လှုပ်ရှားမှုအပေါ် နားလည်လာအောင် တော်တော်လေးအချိန်ပေးလုပ်ဆောင်ခဲ့ရပါတယ် ။ အားလုံးကတော့ သဘာဝပတ်ဝန်းကျင်ကောင်းမွန်လာအောင် ၊ ရေမြေတောတောင်စိမ်းလန်းစိုပြေလာအောင်အတွက်ဘဲဖြစ်ပါတယ် ။ ဒါတွေလုပ်ဆောင်ဖို့ အားလုံးမှာတာဝန်ရှိပါတယ် ။” နန်းယိင်းကပြောသည် ။


မိုင်းရှူးမြို့တွင်းအမှိုက်ကောက်သန့်ရှင်းရေးစတင်လုပ်ဆောင်စဉ်ကပူးပေါင်းပါဝင်သူ ၅၀ ခန့်သာရှိသော်လည်းလက်ရှိတွင် ပူးပေါင်းပါဝင်သူ ၃၀၀ ထက်မနည်းရှိကြောင်း ၊ ရှေ့ဆက်တွင်လည်း မြို့တွင်းစုပေါင်းသန့်ရှင်းရေးကို ၁ လ လျင် ၂ ကြိမ်ပြုလုပ်သွားရန်စီစဉ်ထားကြောင်း သိရသည် ။


အရည်အသွေးမြင့်ကျောက်နှင့် ပတ္တမြားထွက်ရှိရာ မိုင်းရှူးမြို့တွင် မြို့တွင်းရပ်ကွက် ၄ ခုရှိပြီး မြို့ခံလူထုအပြင် ဒေသအသီးသီးမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူများဖြင့် စည်ကားလျက်ရှိပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates