TNLA နှင့် RCSS/SSA ကြားတိုက်ပွဲများဆက်လက်ဖြစ်ပွါး ငြိမ်းချမ်းစွာဆွေးနွေးလိုကြောင်း RCSS ထုတ်ပြန်



မလ ၁ ရက်နေ့က ဖြစ်ပွါးခဲ့သော  RCSS/SSA နှင့် တအာင်းတပ်မတော်တို့ကြား တိုက်ပွဲနှင့်ပတ်သက်၍ RCSS/SSA ဘက်က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။


အဆိုပါကြေငြာချက်တွင် အချက် ၃ ချက်ပါရှိပြီး -  နှစ်ဘက်အကြားပဋိပက္ခများအား ငြိမ်းချမ်းစွာညှိနှိုင်း ဆွေးနွေးအဖြေရှာရန် မျှော်လင့်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အကျိုးဆောင်ရွက်ပေးမည့်  UNFC နှင့် UWSA တို့ ၏ လက် ကမ်း မှုကို ဝမ်းမြောက်ကြိုဆိုကြောင်း RCSS မှ စာရေးသားပေးပို့ ခဲ့ပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည် ။


“ ကျနော်တို့  RCSS နဲ့ TNLA  ၂ ဖွဲ့ကြားထဲကိုဝင်ရောက်ဖြေရှင်းပေးမယ်လို့ UNFC တို့ဘက်က ကမ်းလှမ်းလာတဲ့အပေါ် ၊ ၀ တပ်ဖွဲ့ဘက်က ကြေငြာချက်တွေထုတ်ပြန်လာတဲ့အပေါ်ကျနော်တို့ဝမ်းသာကြောင်းနဲ့ လက်ခံကြောင်း ဧပြီလ ၂၆ ရက်က ကျနော်တို့အစည်းအဝေးထိုင်ပြီး စာပြန်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာလိုပါတယ်” - ဟု  RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက သျှမ်းသံတော်ဆင့်အားပြောသည် ။


သို့သော် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် တအာင်းတပ်ဖွဲ့တို့ကြား သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဆိုင်းလိန်ကျေးရွာအုပ်စု (ပန်ခါး) လွယ်ဟွမ် ၊ မန့်ဝီး ၊ ဝိန်းမွန်း ၊ ဆိုင်းလိန်ကျေးရွာတို့တွင် တို့တွင် တိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟု ဆိုပါသည် ။


၎င်းနှင့်ပတ်သက်ပြီး RCSS / SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက “ ကျနော်တို့ကတော့ တအာင်းတပ်ဖွဲ့ကို ကျနော်တို့ရဲ့ ရန်သူလို့ ဘယ်တော့မှ သဘောမထားဘူး ။ ကျနော်တို့ တမြေတည်းနေ တရေးတည်းသောက်လာတဲ့ညီကို သွေးချင်းတွေပါ ။ ဘာပြသနာဘဲဖြစ်ဖြစ် စစ်ရေးနည်းနဲ့ဖြေရှင်းလို့မပြီးနိုင်ပါဘူး။ မငြိမ်းချမ်းနိုင်ပါဘူး။ ကျနော်တို့ ငြိမ်းချမ်းသောတွေ့ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းသွားဖို့မျှော်လင့်ပါတယ် ” ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။


အဆိုပါကြေငြာချက်၏ တတိယအချက်တွင်မူ RCSS/SSA အား TNLA ဘက်မှ ထပ်မံထိုးစစ်ဆင် စတင်တိုက်ခိုက်ခြင်းမှာ ငြိမ်းချမ်းစွာတွေ့ဆုံညှိနှိုင်းအဖြေရှာ လိုသည့်ဆန္ဒမရှိဟု ပါရှိပါသည် ။


တအာင်းတပ်မတော်ဘက်ကမူ မတ်လနှင့် ဧပြီလ အတွင်းတွင် မိမိဒေသပြည်သူများ၏ စားဝတ်နေရေးအတွက် အားထား ရသော လက်ဖက်ခူးရာသီတွင် တိုက်ပွဲဖြစ်ပွားမှုမရှိစေရေးရှောင်ကာ RCSS/SSA  တပ်ဖွဲ့မှ တအာင်းတပ် မတော်လှုပ်ရှားနယ်မြေအတွင်း နယ်မြေပိုမိုတိုးချဲ့လှုပ်ရှားလာခြင်း ၊ အခိုင်အမာတပ်စခန်းတည်ဆောက်လာခြင်း ပြုလုပ်လာသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည် - ဟု ထုတ်ပြန်ထားပါသည် ။


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း အစိုးရသစ်နှင့်ငြိမ်းချမ်းရေးအတွက် တရားဝင် ကမ်းလှမ်းမှု မရှိသေးသော်လည်း TNLA ဘက်က ဆွေးနွေးလိုကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောပြဖူးသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး တပြည်လုံးအပစ် အခတ်ရပ်စဲရေး စာချုပ် NCA တွင်လည်းလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပါသည် ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး  PSLF/TNLA  မှာမူ မည်သည့်နေရာတွင်မျှ လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့ဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates