ကျောက်မဲမြို့နယ် မီးရှို့ခံရရွာများမှတွေ့ရှိ အလောင်းများမှာ ဒေသခံရွာသားများဖြစ်နေ



သျှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်အတွင်း မီးရှို့ခံထားရသည့် အလောင်း ၈ လောင်းအနက် ခြောက် လောင်းသည် ရွာခံအရပ်သား များဖြစ် သည်ဟု  စစ်ဘေးသင့် ရွာများအားသွားရောက်ကြည့်ရှုလေ့လာ ခဲ့သည့် ကျောက်မဲမြို့နယ် SNLD ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောသည် ။


မေလ ၂၁ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့နယ် ပန်လော့ ကျေးရွာအနီးတွင် နောင်ကွမ်ရွာသားအလောင်း ၃ လောင်းနှင့် ဝိုးလုံရွာတွင် အလောင်း  ၅ လောင်းတွေ့ရကြောင်း စိုင်းထွန်းဝင်းက ဤကဲ့သို့ ရှင်းပြသည် ။

ပန်လော့ရွာ၊ ဝိုးလုံရွာအခြေအနေ(ဓါတ်ပုံ- Naw Kham Naw Kham )
“ ပန်လော့ရွာနားက နောင်ကွမ်ရွာသားအလောင်း ၃ လောင်းက စိုင်းအိုက်နောင့် အသက် ၂၇ နှစ် နဲ့ အကို ဖြစ်သူ စိုင်းအိုက်မတ် အသက် ၃၀ ၊ စိုင်းအိုက်တင့် ၂၆ နှစ် ။ အလောင်းကိုလည်း ပန်လော့မှာဘဲ မီး သဂြိုဟ် လိုက်တယ် ။ ဒီ ၃ ယောက်ကို တပ် မတော်က သတ်တာလို့ရွာသားတွေပြန် လည်ပြောပြ ချက်အရသိရပါတယ် ။ ဘာလို့ လည်းဆိုတော့ ပန်လော့ရွာ ကိုစစ်ဘေးရှောင်သွားတဲ့ နောင်ကွမ်ရွာသားတွေက ရွာပြန်ပြီး ကျွဲနွားတွေပြန် သွားလွှတ်တော့ အဲဒီရွာထဲမှာ တပ်မတော်ရဲ့ စစ်ကြောင်းနဲ့တိုးတော့ ပေါ်တာ ဖမ်းခံရတာတွေလဲရှိတယ်လို့ ပြောပြတယ်လေ ။”


“ ဝိုးလုံရွာထဲမှာတွေ့တာက အလောင်း ၃ လောင်း ။ အဲဒါအရိုးဘဲကျန်တော့ ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမသိနိုင်သေးဘူး ။ အိမ်နဲ့ တွဲချည်ပြီးမီးရှို့ တာ ကတယောက် အိမ်သာနဲ့တွဲပြီးမီးရှို့တာက တယောက်နဲ့ ရွာလယ်မှာ က တယောက် ။ နောက် ၀ိုးလုံရွာမြောက်ဘက်မှာကျတော့ SSPP/SSA ရဲ့လူလို့ ယူဆရတဲ့ အလောင်းတလောင်းတွေ့ရတယ်။ စစ်ဝတ်စုံဝတ် ထားလို့ ။ နောက်ရွာတောင်ဘက်မှာ  လဲ အလောင်းတလောင်းတွေ့တယ် ။ ဆိုတော့ ဝိုးလုံမှာချည်းဘဲ စုစုပေါင်း ၅ လောင်းတွေ့တယ် ။ သူတို့တွေ ကျတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူး ။ ”


ဝိုးလုံရွာသားများ၏ စာရင်းအရ ပျောက်နေသည့်ရွာသား ၂ ဦး ( စိုင်းပေါ် ၂၃ နနှစ် စိုင်းကျော်လွန်း ၄၀ နှစ် ) သကဲ့သို့   အက်ကြီးရွာမှလည်း ရွာသား ၂ ယောက် ( စိုင်းထွန်းရွှေ ၃၃ နှစ်နဲ့ ပန်ကျန်ရွာက စိုင်းကော ၂၂ နှစ် ) ပျောက်ဆုံးနေကြောင်း စစ်ဘေးရှောင်များထံမှသိရသည် ။


မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ကျောက် မဲမြို့  ပန်လော့ရွာဘုန်းကြီးကျောင်းနှင့် နောင်ပိန်အုပ်စု ဟိုကစ် ဓမာရုံ တို့တွင် ခိုလှုံနေသော စစ်ဘေးရှောင်များမှာ  နမ့်ဖာတ် ၊ အက်ကြီး ၊ ပိန်းနင်မ် ၊ ဝိုးလုံ ၊ ပန်ကျန် ရွာတို့မှ ရွာသား ( ဦးရေ ၁၀၀၀ ခန့် ) များဖြစ်ကြကြောင်း ဦးစိုင်းထွန်းဝင်းကပြောသည် ။


“ အခု ရွာသားတော်တော်များများက ရွာပြန်ကြပြီ ။ အပျက်အစီးများတဲ့ ဝိုးလုံ ရွာသားတွေ ကဘဲ ရွာမပြန်ချင်တာ ။ အခု ပန်ကျန်ရွာဘုန်းကြီးကျောင်း မှာ ရှိနေတယ် ။ ဝိုးလုံရွာ က အိမ်ခြေ ၃၀ လောက်ရှိတယ်လေ ။ လောလော ဆယ် တော့ သူတို့အတွက် နေထိုင် စားသောက်သွားဖို့ စိတ်မပူရပေမယ့် ကြာရင်တော့မလွယ်ဘူးလေ ။ ဒါကြောင့် သူတို့တွေ အတွက်အကူအညီတွေ လိုတာပေါ့နော် ။ ကျနော်တို့ဘက်ကလည်း အစီရင်ခံစာ သစ် တင်ထားမယ် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို အကြံဉာဏ်တောင်း ပြီးတော့ လုပ် ဆောင် သွား မှာဖြစ်ပါတယ် ။ ” ဟု ဦးစိုင်းထွန်းဝင်းက ပြောသည် ။


ကျောက်မဲမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် စိုင်းထွန်းဝင်းနှင့်စိုင်းထွန်းဉာဏ် တို့သည် ဒေသတွင်း လူငယ်တချို့ ၊ သတင်းသမားများနှင့်အတူ ပြီးခဲ့ သည့် မေလ ၂၁ ရက်နေ့က ပန်လော့ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်ရွာသားများအား နေရပ်ရင်း ပြန်လည်ပို့ဆောင်ခဲ့ရာ စစ်ဘေးသင့်ရွာသားများ အခြေအနေကို သိရှိရခြင်းဖြစ်သည် ။


“ ကျနော်တို့ဘက်ကလည်း စရဖ တို့ စကခ တို့ ဌာနဆိုင်ရာအားလုံးကို သတင်းပို့ တောင်း ဆိုထားတယ် ။ ရွာသား တွေကိုနေရပ်ပြန်ပြီး ကောင်းကောင်း မွန်မွန်ပြန်လည် လုပ်ကိုင် စားသောက်ခွင့်ပေးဖို့နဲ့ အနှောင့်အယှက် မပေး ဖို့ပေါ့နော် ။ ”- ဟု စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။


ကျောက်မဲမြို့နယ်အတွင်း မေလဆန်းပိုင်းမှစတင်၍ မြန်မာ့တပ်မတော် နှင့် SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တပ်မတော်မှလေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ပြေး ဒုက္ခသည်များ ရာချီထွက်ပြေး တိမ်းရှောင် နေရကာ တိုက်ပွဲဖြစ်ပွားရာဒေသ အနီးရှိကျေးရွာများတွင် ယင်းကဲ့သို့ မီးရှို့ထားသည့် အလောင်းများတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။


သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်  နှင့် လားရှိုးမြို့နယ် ဘက်သို့ SSPP/SSA ဝမ်ဟိုင်း အဖွဲ့ကသတ်မှတ် နယ် မြေ ကျော်လွန်သည်ဟုဆိုကာ  တပ်မတော်ကအင်အားသုံး တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် မေလ ၅ ရက်မှ ၂၀ ရက်အထိ SSPP/SSA နှင့်ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၊ SSPP/SSA ၏ အလောင်းများနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း  မေလ ၂၁ ရက်က တပ်မတော်က ထုတ်ပြန်ကြေငြာထားသည် ။


“ ဘယ်ဘက်ကပဲဖြစ်ဖြစ် သူတို့စစ်အချင်းချင်းဖြစ်တာကိစ္စ မရှိဘူး ။ ပြောချင် တာတော့ ပြည်သူတွေကို ဆွဲမထည့် ပါနဲ့ ။ စစ်ကြောင့်လူထုဒုက္ခရောက်ရ တာများလှပါပြီ ။ ပြန်ကြည့်ရင်လည်း ၂ ဖက်လုံးဟာ ပြည်သူလူထုရဲ့ ထောက် ပံ့မှုနဲ့သာ နေထိုင်နေတာပါ ။ ဘယ်ဘက်ကမဆို ပြည်သူကိုအားကိုးနေရ တာ ပဲလေ ။ ဒါကြောင့်  ပြည်သူတွေကို ငဲ့ညှာ သောအားဖြင့် ပြည်သူတွေကို ထပ်ပြီး ဒုက္ခမပေးစေ ချင်တော့ဘူးဗျာ ” ဟု ဦးစိုင်းထွန်းဝင်းက ဆက်လက်ပြောသည် ။


၂၁ ရာစုပင်လုံညီလာခံကို လပိုင်းအတွင်း ပြုလုပ်လိုသည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးနောက် တပ်မတော်က တိုက်ပွဲများ ပြန်လည်ဆင်နွဲလာနေခြင်းမှာ  တပ်မတော်သည် ၂၁ ရာစု ပင်လုံညီလာခံကို ဖျက်လိုဖျက်ဆီးလုပ်နေခြင်းလောဟု သံသယဝင်မိကြောင်း သျှမ်းပြည်တပ်မတော်မြောက်ပိုင်းမှ သတင်းထုတ်ပြန်ထားသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates