အမြန်ဆုံးရပ်ဆိုင်းသင့်ပြီဖြစ်တဲ့ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း



တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို ယခု အစိုးရ လက်ထက်မှ တင်မဟုတ်ဘဲ အရင် နအဖ စစ်အစိုးရ လက်ထက်ကတည်းကပါ ဒေသခံတွေက ကြိုက်နှစ်သက်ခြင်း မရှိတဲ့ အတွက် အရပ်ဘက် လူမှု့အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနဲ့အတူ လူထုက ကန့်ကွက်တဲ့ စီမံကိန်းတွေ စာရင်းမှာပါဝင်ခဲ့တာပါ ။


ကန့်ကွက်ခဲ့တာကလည်း အဆန်းတော့ မဟုတ်ပါဘူး ။ လူနေအိမ်ခြေတွေအနီးမှာ တည်ရှိနေတဲ့ စီမံကိန်းဖြစ် ခဲ့တဲ့ အပြင် သဘာဝ ပတ်ဝန်းကျင်နဲ့လူမှု့ဘဝတွေအတွက် ထိခိုက်မှုများစွာရှိနိုင်တဲ့အတွက် စီမံကိန်းစတင်စဉ် ကတည်းက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ် ။ သို့သော်လည်း လုပ်ချင်ရာလုပ် ငါ့မြင်းငါစိုင်းစစ်ကိုင်း ရောက်ရောက်ဆိုတဲ့စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်းအကောင်ထည်ဖော်ခဲ့ပါတယ် ။


စစ်အစိုးရလက်ထက်ကစလို့ ၂၀၁၄ ခုနစ်လောက်အထိကို စက်ရုံကလည်ပတ်ခဲ့ပြီးလျှပ်စစ်ဓါတ်အား ထွက်နှုန်း မကောင်းဘူးဆိုပြီး ခေတ္တရပ်နားခဲ့ရာကတင်ဒါအသစ်ခေါ်ပြီး တရုတ်ကုမ္မဏီရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ပြန်လည်စတင် လည်ပတ်ဖို့ လုပ်လာခဲ့ပြန်ပါပြီ ။ လူမှုရေးရာအကျိုးသက်ရောက်မှု SIA နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု EIA အတွက်လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ တရုတ်ကုမ္မဏီ Wuxi Hua Quang ကနေ ကုမ္မဏီတစ်ခုကို ဌားရမ်းပြီး လေ့လာဆန်းစစ်မှုတွေလုပ်နေတယ်လို့ ဆိုထားပါတယ် ။


အခုအထိလည်း ဒေသခံပြည်သူတွေက အဲဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေဆဲဖြစ်ပါတယ် ။ အဲဒီတီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကုန်ကြမ်းအတွက် ကျောက်မီးသွေးမိုင်းကို စစ်အစိုးရ လက် ထက်မှာ ခရိုနီကုမ္မဏီဖြစ်တဲ့ ဧဒင်ကုမ္မဏီ၂၀၀၄ က တီကျစ်ဒေသမှာတင် ၂၀၀၄ ခုနှစ်လောက်မှ စတင် တူးဖော်ပြီး လောင်စာကုန်ကြမ်းအတွက် တင်သွင်းခဲ့ပါတယ် ။ ဧဒင် ကုမ္မဏီဟာအကြီးစားထုတ်လုပ် ခွင့် ရရှိထားပြီး မိုင်းဧရိယာ ဟာ ၅၀၀ ဧကနီးပါးရှိပါတယ် ။


ရုံးအဆောက်အဦးများပါ အပါဆိုရင် ဧက ပေါင်း ၈၀၀ ကျော်ရှိပါတယ် ။ ဒီမိုင်းတွင်း တူးဖော်ဖို့အတွက် ကျေးရွာ ရ ရွာလောက် ဟာ စစ်အစိုးရလက်ထက်က ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိထားရပါတယ် ။ လျော်ကြေးအနေနဲ့ ကတော့ ၂၀၀၀၀ ကျပ်ဝန်းကျင်ဘဲရခဲ့ကြပြီး လယ်မြေအတွက် မရခဲ့ကြပါဘူး ။ အခုထိလဲ ရွှေ့ ပြောင်းခဲ့ရတဲ့ ကျေးရွာ လူထုအတွက် ဒုက္ခမျိုးစုံနဲ့လူနေမှုဘဝများကိုခြိမ်းခြောက်လျက်ရှိနေပါသေးတယ် ။


ကျောက်မီးသွေးမိုင်းတွေဟာအနက် ပေ ၅၀၀ နီးပါးရှိနေပြီးကျောက်မီးသွေးများဟာ အလိုအလျောက် မီးလောင်မှုတွေဖြစ်ပွားလျက်ရှိနေတာကိုလဲတွေ့ရပါတယ် ။ ဒေသခံတွေအနေနဲ့ကျောက်မီးသွေးမှုန့်တွေနဲ့ စက်ရုံက ပြာတွေကြောင့် ယားနာလိုဝေဒနာတွေလည်းဖြစ်နေတာတွေလည်း ရှိနေပါတယ် ။ ကျောက်မီးသွေး မိုင်းတွင်းဟာ အိမ်တွေနဲ့ ပေ၂၀၀ လောက်ပဲဝေးပါတယ် ။ လောလောဆယ်မှာ ဒေသခံ ပြည်သူတွေ အဓိက  ကန့်ကွက်နေတာကမိုင်းကို မဟုတ်ပဲ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ကန့်ကွက်နေတာပါ ။ ဒါကလည်းစက်ရုံ ရပ်သွားရင် အဲဒီကျောက်မီးသွေးတူးဖော်မှုက ရပ်သွားမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ် ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကတော့ တောင်ကြီးအောင်ပန်းကနေလာရင်တီကျစ်အဝင်မှာရှိနေပြီး လူနေအိမ်တွေကြားထဲမှာရှိနေပါတယ် ။


အရင်စစ်အစိုးရခေတ်တုန်းကတော့ အဲဒီစီမံကိန်းကို ကန့်ကွက်မှုဦးဆောင်သူတွေကို ဒေသခံ ပအိုဝ်းအဖွဲ့စည်းဖြစ်တဲ့ ခြိမ်းခြောက်တာတွေလည်း ရှိတဲ့အတွက်အချို့တက်ကြွလှုပ်ရှားသူတွေဟာ ထိုင်းဘက်ကို ထွက်ပြေးရတာတွေလည်းရှိခဲ့ပါတယ် ။


ပြီးခဲ့တဲ့နှစ်အထိ မြေစာပုံတွေက လူနေအိမ်တွေနဲ့ သိပ်မဝေးသလို ကျောက်မီးသွေးပိုတဲ့ လမ်းကြောင်းနဲ့ လူနေအိမ်များနဲ့အကွာအဝေးဟာပေ ၁၀၀ လောက်ပဲရှိတာတွေ့ရပါတယ် ။


 ရွာမှ တချို့ကယားနာလိုတွေလည်း ဖြစ်လာနေတဲ့အတွက် ပွင့်လင်းလာတဲ့ခေတ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပညာပေးမှုတွေနဲ့အတူ ဒေသခံအချို့က ကျောက်မီးသွေးလုပ်ငန်းတွေကို သင်္ကာမကင်းဖြစ်လာနေပါတယ် ။


ကျောက်မီးသွေးမိုင်းကနေ လျပ်စစ်စက်ရုံကို ရိုလာ များနဲ့ကျောက်မီးသွေးကိုပို့ဆောင်ပါတယ် ။ ကျောက်မီးသွေးပို့တဲ့လမ်းကြောင်းနဲ့ လူနေအိမ်တွေက သိပ်မဝေးဘူးလို့ပြောပြရတာဟာ ဒီတီကျစ်စက်ရုံကို ဒေသခံတွေက ခေတ်အဆက်ဆက် ကန့်ကွက်နေကြတာ ဘာကြောင့်လဲဆိုတာကို သိစေလိုလို့ ဖြစ်ပါတယ် ။


အရေးကြီးတဲ့ အချက်ကတော့ တီကျစ်ဒေသဟာ အင်းလေးကန်ရဲ့ အနောက်ဘက် ရေဝေရေလဲ ဒေသဖြစ်နေ တာပါပဲ ။ အဲဒီကျောက်မီးသွေးမိုင်းလုပ်ငန်းတွေကို အခြေပြုပြီး ဘိလပ်မြေစက်ရုံတွေ အမြောက်အမြား တည်ဆောက်ထားတာတွေလည်းရှိပါတယ် ။ အကုန်လုံးကစစ်အစိုးရလက်ထက်က စခဲ့တာ တွေဖြစ်ပြီး ဦးနေဝင်းထွန်းရဲ့ ပတ္တမြားနဂါးလိုခရိုနီတွေလည်းပါပါတယ် ။ အင်းလေးကန်ထဲဝင်တဲ့ အင်းတိမ် ( ခေါ် ) အထက်ဘီလူးချောင်းဟာ အင်းလေးကန်ကို ရေဖြည့်ပေးတဲ့ အဓိကရေအရင်းအမြစ်လည်းဖြစ်ပါတယ် ။


တန်ချိန် သန်း ၂၇၀ လောက်ထွက်မဲ့ကျောက်မီးသွေးသိုက်က ရေထွက်တွေကို ဒုက္ခပေးကောင်းပေးနိုင်ပါတယ် ။ ကျောက်မီးသွေးမိုင်းကြောင့် စိုက်ပျိုးမြေဧက များစွာလည်း ပျက်စီးခဲ့ရပြီးဖြစ်ပါတယ် ။ အင်းတိမ်ချောင်း ကိုပိတ်ထားတဲ့ အထက်ဘီလူးချောင်းဆည်ဆိုတာ တီကျစ်နားက စက်ရုံတွေအတွက် ရည်ရွယ်တည် ဆောက်ခဲ့တာ လည်းဖြစ်ပါတယ် ။ အင်းတိမ်ချောင်းကတော့ ဆည်ဆောက်ပြီးချိန်မှစလို့ ၂၀၁၆ ခုနစ်မှာ မကြုံစဖူး ရေခန်းခြောက်ခဲ့ပါတယ် ။ အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသတွေမှာ ကျောက်မီးသွေးစက်ရုံတွေ ၊ မိုင်းတွေ ၊ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတွေ အမြောက်အမြားပေါ်လာတာက ပြောရမယ်ဆိုရင် ပြဿနာတော်တော်ရှိပါတယ် ။ ကျောက်မီးသွေးစက်ရုံအတွက် တရက်ကိုရေဂါလံ ၄၀၀၀၀ လောက်အသုံးပြုမယ်လို့ ဆိုထားပြန်ပါတယ် ။ ရေဘယ်ကရမလဲဆိုတာ စက်ရုံလုပ်မဲ့ ကုမ္မဏီဘက်က သေချာကျနစွာထုတ်ပြန်မထားဘူးလို့ ဒေသခံတွေက ဆိုနေကြပါတယ် ။


ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေဟာ ရေထုအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းဝိုင်းတွေက လက်ခံနေတဲ့ အကြောင်းရာတစ်ရပ်ဖြစ်နေပါတယ် ။


ကျောက်မီးသွေးစက်ရုံတွေရဲ့ အအေးခံစနစ်တွေအတွက် ရေပမာဏကြီးကြီးမားမား သုံးပါတယ် ။ အဲဒီ လိုအပ်တဲ့ရေအတွက် သူတို့တည်ရှိရာ နေရာဒေသက ရေအရင်းအမြစ်တွေကိုစုပ်ထုတ်တဲ့အခါ ငါးတွေအများအပြားသေဆုံးရပါတယ် ။


အဲလိုကျောက်မီးသွေး စက်ရုံတွေကနေ အသုံးပြုပြီး ပြည်လည်စွန့်ပစ်တဲ့ရေတွေဟာ သတ္တုအဆိပ်တွေနဲ့ အခြားဆိုးကျိုးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝတောရိုင်း တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။  တီကျစ်ကျောက်မီးသွေးမိုင်းက ထွက်တဲ့ ကျောက်မီးသွေးဟာ သက်နု ကျောက် မီးသွေး မျိုးဖြစ်ပြီး ဆာလဖာ ပါဝင်မှုနှုန်းလည်း မြင့်မားပါတယ် ။ ဒါကြောင့် လောင်စာအဖြစ်သုံးမယ်ဆိုရင် သက်ရင့်ကျောက်မီးသွေး တွေထက် ထည့်ဝင်သုံးစွဲရနှုန်းလည်း ပိုမိုမြင့်မားမှာပါ ။ ကျောက်မီးသွေးစက်ရုံက ထွက်တဲ့ မီးခိုးပြာမှုန်ကိစ္စက အခုလို စက်အသစ်လှဲလှယ်တဲ့အချိန်မှာ ဘယ်လိုရှိတယ် မပြောတတ်ပေးမဲ့ ကမ္ဘာမှာတော့ ကျောက်မီးသွေးသုံး စက်ရုံတွေတော်တော်များများဟာ အသိဉာဏ်ပညာမြင့်မားလာမှုနဲ့အတူ သိပ်မတွင်ကျယ်တော့တဲ့ စနစ်တစ်ရပ်ဖြစ်နေပါပြီ ။


ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံများဟာ မြစ်ရေချို များကို အမြောက်အများ စုပ်တင်ခဲ့ပြီး ရေပူများ ရေဆိုးများကိုသာ ပြန်လည် သွန်ချပေးတာပါ ။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံများကြောင့် ၁၉၉၀ခုနှစ် များကစလို့ မြစ်ငယ်ပေါင်း၂၈,၀၀၀ ‪ပျက်စီးကွယ်ပျောက် သွားပါပြီ ။‬


တရုတ်နိုင်ငံရဲ့ ကျောက်မီးသွေးစက်ရုံတွေ ရေသုံးစွဲမှုဟာ နိုင်ဂါရာ ရေတခွန်ကြီး၏ တနှစ်တာအတွင်း သွန်ချခဲ့သော ရေပမာဏနဲ့ အတူတူပါဘဲ ဟုဆိုလျင်ယုံကြည် နိုင်စရာမရှိ သော်လည်း ပညာရှင်များက တွက်ချက် ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရဲ့ (Ground Water) မြေအောက်ရေ အတော်များများလဲ ပျက်စီးသွားပါပြီ။ မြောက်ပိုင်းလွင်ပြင်ရဲ့ လေးပုံ ပုံတပုံမျှသာ အကောင်း ကျန်တော့တယ်လို့ သူ့နိုင်ငံရဲ့ ရေအရင်းအမြစ်ဌာနကြီးက ထုတ်ဖေါ်ပြောဆိုနေပါပြီ။ တောင်ပိုင်းမှရေကို မြောက်ပိုင်းသို့ လွှဲယူမဲ့ ဧရာမစီမံကိန်းကြီးတောင် စတင်နေရပါပြီ။အတွင်းမွန်ဂိုလီယားရှိ မြစ်များအတွင်း သို့ တရုတ်ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံများမှ ရေပူ ရေဆိုးများ တသွင်သွင်စွန့်ခဲ့မှုကြောင့် မြစ်ကမ်းများရှိ မြက်ခင်းလွင်ပြင်များ ပျက်စီးဆုံးပါးသွားပြီ။ ကန္တာရ အဖြစ်သို့ ပြောင်းလဲသွားခဲ့တာ အထင်အရှားဖြစ်နေပါပြီ။
ကျောက်မီးသွေးစက်ရုံတွေဟာ တစ်နေ့တခြား ရှားပါးလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ရေအရင်းအမြစ်တွေကိုအ
ကြီးအကျယ်ထိခိုက်ပျက်စီးစေတယ်လို့လည်း ဂရင်းပိစ်အဖွဲ့က ဆိုထားတော့ အင်းလေးကန်နဲ့ မနီးမဝေးက ကျောက်မီးသွေးမိုင်းတွေ ၊ ကျောက်မီးသွေးသုံးစက်ရုံတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုကြောင့်အကြီး အကျယ်ကုစားဖို့လိုနေတဲ့ အင်းလေးကန် အကြောင်းစဉ်းစားမိရင် ရင်မောရပါသေးတယ် ။


အခုတီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်အားပေးစက်ရုံကို ဆက်လက်ဆောက်ရွက်မဲ့ တရုတ်နိင်ငံကုမ္မဏီဟာ လိုအပ်တဲ့ ကျောက်မီးသွေးကို တီကျစ်ကျောက်မီးသွေးမိုင်း ဖြစ်တဲ့ ဧဒင်ကုမ္မဏီက လုပ်နေတဲ့ မိုင်းကနေပဲသွင်းဖို့ သဘောတူထားပါတယ် ။ တီကျစ်ဒေသ မှာ ရှိတဲ့ ကျောက်မီးသွေးဟာ သက်တမ်းနု ကျောက်မီးသွေးအမျိုးအစားဖြစ်ပြီး မြေပေါ် တိုင်းတာချက်အရ ကျောက်မီးသွေးတန်ချိန် ၂၀ . ၂၀ မီလျံတန်ရှိတယ်လို့ သိရပါတယ် ။


စက်ရုံသက်တမ်း ၂၂ နှစ်အတွင်း ဒီကျောက်မီးသွေးဟာ စက်ရုံအတွက် ထုတ်ယူသုံးစွဲမှာဖြစ်ပါတယ် အခု ဧက ၅၀၀ နီးပါး ရှိနေတဲ့မိုင်းတွင်းကနေ မလုံလောက်ပါဘူး။ မိုင်းတွင်းဟာ နေရာ ထပ်မံချဲ့ယူရမှာ ဖြစ်ပါတယ် ဒါဆိုရင် မိုင်းတွင်းပတ်လည်မှာ ရှိနေတဲ့စိုက်ပျိုးမြေများ ကျေးရွာများဟာ ထပ်မံ ဖယ်ရှားခံရဖို့အတွက် အလွန်စိုးရိမ်စရာကောင်းနေပါတယ် ။


ဒီမိုကရေစီကို သွားနေတဲ့ အစိုးရ တနည်းအားဖြင့် ပြည်သူ့အစိုးရကလည်း တိုင်းရင်းသားဒေသတွေက စီမံကိန်းတွေနဲ့ ပတ်သက်လို့ သေချာစီစစ်သင့်တယ်လို့ ထင်ပါတယ် ။ indigenous မူလမျိုးရင်းဆိုင်ရာ အခွင့်ရေးအရဆိုရင် ဒီလိုစီမံကိန်းတွေက ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအပေါ်မူတည် ဆုံးဖြတ်ရပါမယ် ။ အခုစီမံကိန်းကို ကန့်ကွက်နေတာ တီကျစ်ဒေသ ပတ်ဝန်းကျင်က ရှမ်း ၊ ပအိုဝ်း ၊ ဓနု ၊ အင်းစတဲ့ တိုင်းရင်းသားပေါင်းစုံက ကန့်ကွက်နေတာဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကိုသွားမယ်ဆိုရင် ဒီလိုပြည်သူတွေရဲ့အသံကိုနားထောင်ဖို့ အင်မတန်မှ အရေးကြီးပါတယ် ။


အခုလောလောဆယ် EIA ၊ SIA လုပ်နေတယ်ဆိုတဲ့ ကုမ္မဏီက ပွင့်လင်းမြင်သာမှုသိပ်မရှိတဲ့ ကုမ္မဏီသာဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းက စီမံကိန်းတချို့မှာလည်း အဲဒီကုမ္မဏီက EIA ၊ SIA လုပ်ရင်းပြသနာများစွာဖြစ်နေ ပါတယ် ။ EIA SIA ကိုပြောမယ်ဆိုရင်ကျောက်မီးသွေးထုတ်တာက အစ သယ်ပို့တာ အဆုံး ၊ ကြိတ်ခွဲသန့်စင်မှု ၊ ရေ မြေတောတောင်နဲ့ လူမှု့ဘဝ ထိခိုက်မှုရှိမရှိဆိုတာက အစ စစ်ဆေးရပါမယ် ။


သယ်ယူပို့ဆောင်ရာမှာ ဖိတ်စင်လို့ မရသလို မိုင်းခွဲရင်လည်း အိမ်တွေကို ထိခိုက်မှုမ ရှိစေအောင် စီမံထားရ ပါ့မယ် ။ ရေကို အများပြည်သူသုံးစွဲနေတဲ့ရေအရင်းအမြစ်က တဆင့် ထုတ်ယူလို့ မရပါဘူး ။ ကျောက်မီးသွေးမီးရှို့ရင် နိုက်ထရိုဂျင်ဆာလဖိုဒ်တို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ကာဗွန်မိုနော့ ဆိုဒ်လို အဆိပ်သင့်ဓါတ်ငွေ့တွေလည်းထွက်ပေါ်ပါတယ် ။


စွန့်ပစ်ပစ္စည်းတွေထဲ စက်ရုံကထွက်တဲ့ ချော်ပြာတွေကို ဘယ်လိုစနစ်တကျ စွန့် မ လဲဆိုတာက အရေးကြီးပါတယ် ။ ကျောက်မီးသွေးကထွက်လာတဲ့ အမှုန်အမွှားတွေက နာတာရှည်ရောဂါတွေအပြင် အရေပြားရောဂါတွေပါဖြစ်နိုင်တဲ့အတွက် စီမံကိန်းလည်ပတ်နေစဉ်မှာပါ အဲဒါတွေကို မှတ်တမ်းတွေယူထားဖို့လည်းလိုပါတယ် ။ EIA SIA က စီမံကိန်းနဲ့ မိုင် ၂၀ ၀န်းကျင်အတွင်း ဒေသတွေကို မဖြစ်မနေကောက်ယူရမှာပါ ။ ပြည်သူရဲ့ သဘောတူညီမှု က တော့ အရေးကြီးဆုံးပါပဲ ။ Cooperate social Responsibilitiesလို့ခေါ်တဲ့ လူမှု့အကျိုးသက်ရောက်မှုအပေါ် တာဝန်ယူမှုတွေမှာဆိုရင်လည်း လှူဒါန်းပေးကမ်းတာလောက် တင် မဟုတ်ပါဘူး ။ Economic responsibility (Beprofitable) ဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်တွေ ရအောင် လုပ်ပေးနိုင်တာ ၊ အမြတ်ရအောင်လုပ်ရင်း လုပ်ငန်းတွေ ကြီးထွားပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာ ၊ အများစုကို ဝင်ငွေတွေရအောင်လုပ်ပေးနိုင် တာ ၊ လုပ်ငန်းကြီးတွေ တည်ဆောက် ဖြစ်တည်စေနိုင်တာတွေပါဝင်ပါတယ် ။ ဒုတိယတစ်ခုက Legal responsibility (Obey the Law) ပါ ။


တားမြစ်ထားတဲ့ ဥပဒေစည်းကမ်း ဓလေ့ထုံးတမ်း အစဉ်အလာတွေ သတ်မှတ်ချက်တွေအများက သတ်မှတ်ထားတဲ့ Institution တွေကို လေးစားလိုက်နာ စောင့်ထိန်းတာလို့ဆိုပါတယ် ။ တတိယကတော့ Ethical responsibility ( Be ethical. Do what is right. Avoid harm.) ပါ ။ ဥပဒေအရ ဘောင်ဝင်ရင်တောင် မလုပ်သင့် မလုပ်ထိုက်တာ မလုပ်တာလည်း CSR ပါဘဲ ။ နောက်ဆုံး ကတော့ Discretionary Responsibility (Contribute to the community and quality of life) ဖြစ်ပါတယ် ။ ရရှိတိုးပွားလာတဲ့ ဝင်ငွေတွေကို ဇိမ်ခံတာတွေ ကြွားဝါစရာတွေ အကျိုးမဲ့တာတွေမှာ မဖြုန်းတီးဘဲ အကျိုးရှိအောင် သုံးစွဲနိုင်တာပါ ။ ကမ္ဘာမှာတော့ လုပ်ငန်းတွေရဲ့ တန်ဘိုးဟာ ကြွယ်ဝမှုတွေလုပ်ငန်းခွဲတွေ ပိုင်ဆိုင်မှု့တွေ ရှယ်ယာတန်ဘိုးတွေ မဟုတ်ပါဘူး ။ CSR လုပ်နိုင်မှု ကို အရေးပေးလာကြပါတယ် ။


အခုပြန်လည်စတင်လည်ပတ်ဖို့ တာစူနေတဲ့ တီကျစ်ကျောက်မီးသွေးတွင်းနဲ့ စက်ရုံတွေ ကိစ္စမှာ လျှပ်စစ်ထုတ်မဲ့တရုတ်ကုမ္မဏီကိုယ်တိုင်ကလည်း ပရိုဖိုင် သိပ်မမြင့်သလို EIA SIA လုပ်တဲ့ ကုမ္မဏီကလည်း နိုင်ငံတကာမှာ EIA SIA လုပ်နေတဲ့ ဖြောင့်မတ်တဲ့ ကုမ္မဏီဟုတ်မဟုတ်ဆိုတဲ့ ကိစ္စတွေက အငြင်းပွားစရာရှိပါ တယ် ။


လတ်တလောအနေထားအရတော့ အမျိုးသားလွှတ်တော် သတ္တု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကနေ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံရပ်ဆိုင်းထားဖို့ အစိုးရထံစာပို့ထားပြီးခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်လည်း အမြန်ဆုံးရပ်ဆိုင်းသင့်တဲ့စီမံကိန်းဖြစ်နေပါကြောင်း သုံသပ်တင်ပြလိုက်ရပါတယ် ။

Ref; ကျောက်မီးသွေးစက်ရုံများအတွက် EIA၊ SIA ( ဦးစောမိုးမြင့် )

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates