မြို့ဆိုင်းဘုတ်ကသျှမ်းစာဖြင့် ယုံကြည်မှုတည်ဆောက်ရေး



'ယုံကြည်မှုရှိပြီဆိုရင် ကျွန်မတို့စိုးရိမ်မှုကိုကျော်လွှားနိုင်ပါတယ် ယုံကြည်မှုမရှိ လို့စိုးရိမ်တာ ပါ '  - လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အရေးကြီးပုံနဲ့ ပတ်သက်လို့ မကြာခဏပြောဆိုလေ့ရှိတာ သတိထားမိပါတယ် ။


ဟုတ်ပါတယ် ။ ယုံကြည်မှုဆိုတာ နေရာတကာမှာအရေးကြီးပါတယ် ။ လူ့အသိုင်း အဝိုင်း အတွင်းမှာကော လူ့အဖွဲ့အစည်းအတွင်းမှာပါ လူတွေအားလုံးကိုယ်တိုင် ငါတို့နေထိုင်ရတာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်း ဆိုင်ရာပါ ဘာမှ စိုးရိမ်စရာမရှိဘူး လုံခြုံတယ် ။ အားလုံးက တန်းတူအခွင့်အရေးရတယ်။ ညီတူညီမျှ မရှိဘူး ။ လူမျိုးဘာသာ ခွဲခြားမှုမရှိဘူး ။ ဆိုတဲ့ အခြေနေတစ်ရပ်ပေါ်ပေါက်လာဖို့ဟာ မတူညီတဲ့ လူ့အဖွဲ့ အစည်းတွေအတွင်းမှာ ယုံကြည်မှု တည်ဆောက်ထားနိုင်ဖို့လိုပါတယ် ။


ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့ နေရာမှာ ဆွေးနွေးပွဲခန်းမတွေထဲမှာတင် တည်ေ ဆာက်နေရုံနဲ့ မပြီးပါဘူး ။ လူထုအခြေပြုဖို့လိုပါတယ်။ မျိုးနွယ်စု အရောင် အသွေးစုံလင်ကာ စိတ်ဝမ်းကွဲမှု များပြား နေပြီး ၊ ပညာရေး ၊ စီးပွားရေး နိမ့်ကျနေတဲ့ လူ့အဖွဲ့စည်းတွေမှာဆိုရင် ယုံကြည်မှုတည်ဆောက် ရတာ ပိုခက်တတ်ပါတယ် ။ အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်တဲ့ ကိစ္စတွေလည်း ဒုနဲ့ဒေးရှိနိုင်တာကြောင့်ပါ ။


အစွန်းရောက်ဝါဒတွေဆိုတာကလည်း မတည်ငြိမ်တဲ့ တိုင်းပြည်တွေ လူ့တန်ဖိုး ၊ အနုပညာ ၊ ယဉ်ကျေးမှု ၊ ဒသနိက ၊ သမိုင်းနဲ့ သူတို့ပါဝင်ဖွဲ့စည်းထားတဲ့ လွတ် လပ်မျှတတဲ့ လူသား ဆန် တဲ့ တန်ဖိုးတွေကို လစ်လျူရှူတဲ့ ပတ်ဝန်းကျင်မှာသာ ပိုပြီးပေါက်ဖွားနိုင်ကြတာပါ ။


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း မတည်ငြိမ်ခဲ့တဲ့ ဖြစ်စဉ်တွေ အခြေနေတွေကို ကြည့်မယ် ဆိုရင်လည်း လူ့အဖွဲ့အစည်းအတွင်း တစ်ဘက်နဲ့ တစ်ဘက်နားလည်မှု လေးစား မှုနည်းပါးတာ ၊ သမိုင်းယဉ်ကျေးမှုတွေကို လိုသလို ပုံသွင်းတာ ၊ အမျိုး ၊ ဘာသာ ၊ သာသနာ ၊ စာပေ အကြောင်းပြုပြီး တပြည်ထောင်နဲ့ လူမျိုးကြီးစနစ်ထူထောင်ဖို့ ကြိုးစားတာ ဆိုတဲ့ ကိစ္စရပ်တွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေခဲ့ပါတယ် ။


မျိုးနွယ်စုံလင် အရောင်သွေးစုံလင် ၊ ကိုးကွယ်မှုဘာသာစုံလင်တဲ့အနေထားပေါ်မူတည်ပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အားလုံးပါဝင်နိုင်တဲ့ တန်းတူ ရည်တူမှုရှိတဲ့ ပြည်ထောင်စုတရပ်ကို ထူထောင်ဖို့ကြိုးစားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် အချို့အပါဝင် အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ချိန်မှာတော့ ပြည်ထောင်စုကို သွားမဲ့လမ်းကြောင်းဟာ ချိုးကွေ့သွားခဲ့ပါတယ် ။


ဒါဟာ တန်းတူရည်တူရှိမှုကို နည်းလမ်းပေါင်းစုံနဲ့ ချိုးဖောက်ခဲ့ကြ သူတွေကြောင့်ဖြစ်ပါတယ်။ အမျိုး၊ ဘာသာ ၊ သာသနာ ၊ စာပေ ၊ ယဉ်ကျေးမှုဆိုတာ ထိန်းသိမ်းရမှာမှန်ပေမဲ့ မတူညီ ကွဲပြားတဲ့ လူ့အဖွဲ့ စည်းတွေ များပြားတဲ့ မြန်မာလိုနိုင်ငံမှာတော့ တန်ဆေး လွန်ဘေး ဆို သလိုပါပဲ။ ကြုံခဲ့ရတာတွေ ကတော့ လွန်ကုန်တော့ ဘေးဖြစ် ကုန်တဲ့ သဘောပါ ။ ပြန်ကြည့် ရင် စပြီးယုံကြည်မှု ပျက်တဲ့အထဲမှာ ရပိုင်ခွင့် စီမံပိုင်ခွင့်တွေ မပေးတာတွေပါသလို ၁၉၅၂ မှာ ဦးနုကနေအခြေခံဥပဒေပါ ပေးထားချက်ကို ပယ်ဖျက်ပြီး မြန်မာစာ တစ်ခုတည်းကို ရုံးသုံးဘာသာနဲ့ ပြဌာန်းခဲ့တာက အမျိုးသား စည်းလုံးညီညွတ်ရေးဒေါက်တိုင်စပျက်တယ်လို့ ဆိုနိုင်ပါတယ် ။


စစချင်းအသုံးပြုတဲ့ ၁၉၄၇ အခြေခံ ဥပဒေမှာတော့ အင်္ဂလိပ်ခေတ်မှာ ကျင့်သုံးခဲ့တဲ့အတိုင်း ဗမာစာ ၊ အင်္ဂလိပ်စာကို အဓိက ရုံးသုံးစာ ကျန်တဲ့ တိုင်းရင်းသားဘာသာတွေကို သူတို့ဒေ သတွေမှာ တရားဝင်သုံးနိုင် တယ်ဆိုတဲ့အနေထားပါ ။ တိုင်းရင်းသားဘာသာတွေအနေနဲ့ အင်္ဂလိပ်ခေတ် မှာ တရားဝင်သတ်မှတ်ထားပေမဲ့ မသင်မနေရဘာသာကတော့ အင်္ဂလိပ် စာနဲ့ မြန်မာစာသာဖြစ်ပါတယ် ။


သုတေသီ ဂျွန်ကေဒီကတော့ 'ဗြိတိသျှမူဝါဒဟာ ဗမာပြည်ကို ထာဝရ အုပ်ချုပ်သွားဖို့ မဟုတ် ဘူး။ အနာဂတ်ကာလမှာ ဒီတိုင်းပြည်ကို သူစွန့်ခွာသွားခဲ့ရင် သူစပြီးသိမ်းကတည်းက တစ်စု တစ်စည်း ထဲဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုတဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ' လို့ ဆိုထားပါတယ် ။


အိန္ဒိယမှာလည်း အင်္ဂလိပ်တွေအနေနဲ့ ဒီလိုပဲကျင့်သုံးခဲ့တာပါ ။ ဟင်ဒီနဲ့ အင်္ဂလိပ်က ရုံးသုံး ဘာသာ စကားဖြစ်ပြီး သက်ဆိုင်ရာ မျိုးနွယ်စုဒေသတွေ မှာတော့ သူတို့ရဲ့ တိုင်းရင်းသား စာပေတွေ ဘာသာ စကားတွေက တရားဝင်ပါ တယ် ။ တရားဝင်တယ်ဆိုပြီးသတ်မှတ်ထားတဲ့ မျိုးနွယ်စုဘာသာစကားက ၂၂ မျိုးကျော်ရှိပါတယ် ။ နောက်ပြီး ဦးနုဆက်သုံးခဲ့တာက ဘာသာရေးအရနိုင်ငံတော် ဘာသာပြဌာန်း တဲ့ ကိစ္စပါ ။


ဦးနေဝင်းလက်ထက်မှာတော့ တိုင်းရင်းသားဘာသာစာပေတွေ ကို နှိပ်ကွပ်ခဲ့ပါ တယ်။ နှိပ် ကွပ် တာကြောင့်ပဲ ဆက်လက်ထိန်းသိမ်းလိုစိတ်တွေ တိုင်းရင်းသားတွေဆီကျန်နေသလား မသိပါ ။


တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေအကုန်လုံးမှာ တိုင်းရင်းသား ဘာ သာက မသင် မနေစာပေဖြစ်ခဲ့ပါတယ် ။ သျှမ်းတိုင်းရင်းသား ဘာသာစာပေ သင်ကြားခွင့် ပိတ်ပင်ခဲ့တဲ့အတွက် လက်နက်ကိုင် တော် လှန်ရေးလုပ်ခဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ အဲဒီအထဲမှာ ယခင် သျှမ်းတပ်မတော် ခေါင်းဆောင်ကြီး စိုင်းလိတ်ဟာ ထင်ရှားပါတယ် ။


တရုတ်နိုင်ငံဘက်က သျှမ်းတွေနေထိုင်ရာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မှာ ( မိဏ်းခွန် တို့ ၊ ဆစ် ဆောင်ပဏ္ဏား တို့လို ဒေသတွေမှာ ) လမ်းဆိုင်းဘုတ်တွေကအစ ဘာသာနှစ်မျိုး သုံးမျိုးနဲ့ရေးထားတာ သတိပြုမိပါတယ် ။ လမ်းဆိုင်းဘုတ် မြို့ဆိုင်းဘုတ်ကအစရေးရင် တရုတ် ဘာသာ အင်္ဂလိပ်ဘာသာ ၊ သျှမ်းဘာသာတွေနဲ့ ရေးပါတယ် ။ နိုင်ငံရေးအရ ကွန်မြူ နစ်ပါတီ လက်အောက်မှာ ရောက်နေပေမဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရထား တယ် ။ စီးပွားရေးအရ ပြေလည်တယ် ။


ဘာသာစကား စာပေသင်ကြားခွင့် သင်ယူမှု လွတ်လပ်တယ် ။ လူလိုသူ လိုနေရတယ် ။ ယဉ်ကျေးမှုအရလွတ် လပ်မှုရှိ တယ် ဆိုတဲ့ အနေထားမှာ အဲဒီနယ်မြေမှာနေတဲ့ သျှမ်းတွေက မြန်မာပြည်က သျှမ်းတွေ လို သေနတ်ကိုင်ဖို့ စိတ်မဝင်စားကြပါဘူး ။


လူမျိုးစုအခွင့်ရေးကလည်း မြန်မာပြည်ထက်သာတဲ့ အခြေနေမှာရှိပါတယ် ။ ဆိုတော့ ဟန့် လူမျိုးအဓိကကျတဲ့ တရုတ်ပြည် မှာတောင် ၊ ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ကြုံခဲ့ရတဲ့ တရုတ်ပြည်မှာတောင် အဲဒီကသျှမ်းတွေက မြန်မာ ပြည် က သျှမ်းတွေလို တော်လှန်ရေးလုပ်ဖို့ စိတ်မဝင်စားကြပါဘူး ။ ဒါကိုသျှမ်းသံတော်ဆင့် တည်ထောင်သူ ဦးခွန်ဆိုင်းကလည်း ကျွန်တော် သူပုန်ဖြစ်လာပုံ စာအုပ်ထဲမှာ သူ့သူငယ်ချင်း တရုတ်ပြည်က သျှမ်းတယောက်နဲ့ မေးမြန်းခဲ့ပုံကို ခုလို ဖော်ပြထားပါတယ် ။'


တရုတ်ပြည်က တပြည်ထောင်စနစ်ကျင့်သုံးနေပေမဲ့ လူမျိုးစုတွေအပေါ်ထားရှိတဲ့ မူဝါဒဟာ ဗမာစစ် အာဏာရှင် တွေထက် အများကြီးတိုးတက်တယ် ။ ငါတို့တရုတ်ဆီမှာ တရုတ်က အုပ်ချုပ်တယ်ဆိုပေမဲ့ လူလိုသူလိုနေရတယ်။ လူ့အခွင့်ရေးဆိုတာ အများကြီးရှိတယ် ။ လူမျိုး စု အခွင့်ရေးကလည်း ဗမာပြည် ထက်အဆပေါင်းများစွာသာတယ် ။ ဒါကြောင့် တစ်လ ဒေါ် လာ တစ်သောင်းလောက်ပေးလည်း တရုတ်အစိုးရကိုတော်လှန်ဖို့ မရှိဘူး ။ ဒါပေမဲ့ မင်းတို့လို တပြားမှ မရရင်တော့ တော်လှန်မှာ သေချာတယ် ။ ဆိုပြီး ဦးခွန်ဆိုင်းကို သူ့သူငယ်ချင်း က ပြောပုံကို ဖော်ပြထားပါ တယ် ။


တရုတ်နဲ့ ပတ်သက်လို့ပဲ အဲဒီ စာအုပ်ထဲမှာ ဖော်ပြထားတာက  အရင်ဦးသန်းရွှေလက်ထက် မှာ သျှမ်းနဲ့ ပတ်သက် လို့ အမြဲခေါင်းခဲရတဲ့အကြောင်း သူ့အစိုးရအဖွဲ့ဝင်တစ်ဦးက တရုတ် ခရီးစဉ်မှာ ပြောခဲ့တော့ တရုတ်ဘက်က ကိုယ်စားလှယ်တစ်ဦးက မြန်မာပြည်မှ သျှမ်း ၁၀၀ ရှိရင် ကျွန်တော်တို့ဆီမှာ သျှမ်း အနည်းဆုံး ၃၀၀ ကျော် ၄၀၀ လောက်ရှိတယ် ။ သျှမ်းတွေ ဟာ အင်မတန်မှ အုပ်ချုပ်ရလွယ်ကူတဲ့ လူမျိုးဖြစ်တယ် ။ သူတို့နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ ပြဿနာမရှိဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က သူတို့နဲ့ ပတ်သက်လို့ ဘာပြဿနာမှ မလုပ်လို့ပဲလို့ အဲဒီတရုတ်ကိုယ်စားလှယ်က ပြောဆိုတာကိုရေးသားထား ပါတယ် ။


အခုအချိန်အထိ သျှမ်းပြည်နယ်မှာ စစ်ဌာနချုပ်တိုင်း ( ၄) တိုင်းနဲ့ မြန်မာပြည်က စစ်တပ်တွေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက်သျှမ်းနဲ့ ကချင်ပြည်နယ်မှာ ရှိနေပေမဲ့ အင်္ဂလိပ်ခေတ်မှာတော့ သျှမ်းပြည်တပြည်လုံး တပ်ရင်း (၂) ရင်းပဲ သုံးခဲ့ရပြီး မပင်မပန်းနဲ့ ထိန်းနိုင်ခဲ့တာက နှိုင်းယှဉ် စရာ အခြေနေတစ်ရပ်မှာရှိနေတာပါ ။


ဘာသာစကားစာပေကွဲပြားမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ ဖက်ဒရယ်နိုင်ငံတွေကို လေ့လာကြည့် မယ် ဆိုရင် ဆွစ်ဇာ လန်မှာ  ဂျာမန်၊ ပြင်သစ် ၊ အီတလီတို့ဟာ ပင်မ တရားဝင်ရုံးသုံးဘာသာ စကားတွေအဖြစ် သတ်မှတ်ခဲ့ပါတယ် ။ ၁၉၉၀ လူဦးရေစာရင်းအရ ဂျာမန်စကားပြောသူ ၆၄ ရာခိုင်နှုန်း ၊ ပြင်သစ် ဘာသာစကားပြောသူ ၁၉ ရာခိုင်နှုန်း ၊ အီတာလျံ ၈ရာခိုင်နှုန်း ၊ ရိုမန့်စ ၆ ရာခိုင်နှုန်း ၊ အခြားဘာသာစကားတွေက ၉ ရာခိုင်နှုန်းရှိတာပါ ။


ရိုမန့်စာကို တရားဝင်ဘာသာအဖြစ်သုံးတဲ့ ပြည်နယ် (ကန်တုံနယ်) လည်းရှိပါတယ် ။ သက်ဆိုင်ရာ ပြည်နယ် ( ကန်တုံနယ်) တွေအလိုက် လမ်းဆိုင်းဘုတ်တွေ ကအစ ဘာ သာစကားသုံးလေးမျိုးနဲ့ ဖော်ပြကြပါတယ် ။ ကွန်မြူးဆိုတာကတော့ မြို့များ ၊ ကျေးရွာ အုပ်စုများကို ခေါ်ဝေါ်ပြီး ပညာရေးကဏ္ဍမှာတော့ အဲဒီကွန်မြူးတွေကို အခြေခံပြီးသွား ပါတယ် ။


ဘာသာစကားသုံးစွဲမှု သင်ရိုးညွှန်းတမ်းကအစပါ ။ ယင်းအတွက်ကြောင့် ပင် အချို့နေရာတွေ မှာ တနယ်နဲ့  တနယ်ပြောင်းရွှေ့ပညာ သင်ကြားရ သူတွေ အဖို့ သက်ဆိုင်ရာ နယ်မြေ အလိုက် ဘာသာစကားပြန်လည်သင်ယူရမှုကြောင့် အခက်ခဲဖြစ်တာတွေ လည်းရှိပါတယ် ။ ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်မှာတော့ လူဦးရေ ၆ သန်း နီးပါးဟာ ပြင်သစ် စကားပြော သူတွေ ဖြစ်ခဲ့ဖူးပြီး ယနေ့ထက်တိုင် ပြင်သစ်ဘာသာစကားကလည်း ရှင်သန်နေဆဲဖြစ် ပါတယ် ။


ကနေဒါမှာ နဂိုကတိုင်းရင်းမျိုးနွယ်စုအနည်းငယ်ရှိပေမဲ့ ၁၅ ရာစုလောက်ကစလို့ အင်္ဂလိပ် နဲ့ ပြင်သစ်တွေ အခြေချလာတာဖြစ်ပါတယ် ။ အင်္ဂလိပ်ဆီကိုလွဲပေးခဲ့ပြီးနောက် ၁၇၇၄ ကတည်းက ကနေဒါနိုင်ငံမှာ လူနည်းစုတွေရဲ့ ဘာသာ စကားနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေကို ဥပဒေကြောင်းတွေနဲ့ အကာကွယ်စပေးနိုင်ခဲ့ပါတယ် ။


အခုခေတ်မှာတော့ ပြည်နယ် ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်နေပါပြီ ။ ကနေဒါရဲ့ ကွီဘက် ပြည်နယ် မှာ ပြင်သစ်ဘာသာစကားက ယနေ့ထက်တိုင် ဆက်လက်ရှင်သန်နေ တာက  သက်ဆိုင်ရာ လူထုကိုယ်တိုင်က အင်္ဂလိပ်ဘာသာစကားနဲ့ ပေါင်းလို့ မိမိစာပေ ဘာသာစကားကိုပျောက်ကွယ် မသွားစေလိုတဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါတယ် ။


ပြင်သစ်တွေအနေနဲ့ကနေဒါကို အင်္ဂလိပ်ထက်အရင်ရောက်ခဲ့ပေမဲ့ နောက်မှရောက်ပြီး နယ်မြေ သိမ်းနိုင်ခဲ့တဲ့ အင်္ဂလိပ်တွေက ပြင်သစ်တွေကို အတင်းအကျပ် အင်္ဂလိပ်ဇာတ်သွင်း ဘာသာ စကား စာပေကအစပျောက်အောင်မလုပ်ခဲ့တာကလည်း ကနေဒါ ဖက်ဒရယ် စနစ်အောင်မြင်မှုရဲ့ သော့ ချက် ပဲဖြစ်တယ်လို့ ဆိုကြပါတယ် ။


၁၉၆၉ ခုနစ်က ကနေဒါလွှတ်တော်ကနေတရားဝင်ပြဌာန်းခဲ့တဲ့ဘာသာစကားအက်ဥပဒေမှာပြည်ထောင်စု အဆင့်ရုံးတွေ အဖွဲ့အစည်းတွေမှာ  ပြင်သစ်ဘာသာစကားကို  အင်္ဂလိပ်ဘာသာစကားနဲ့ အဆင့်တူ တရား ဝင်ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ပေး ခဲ့သ လို   ပြင်သစ် ဘာသာစကားပြောသူတွေက တနိုင်ငံ လုံးရဲ့ ၂၅ ရာခိုင်နှုန်းရှိသလို အစိုးရ ၀န်ထမ်းတွေရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ပြင်သစ် စကားပြောသူတွေ နဲ့ခန့်ထားခဲ့ပါတယ် ။ ဒါကြောင့်ပဲ အဲဒီမတိုင်ခင်ဖြစ်ခဲ့တဲ့ ကွီဘက်ပြည်နယ်ခွဲ ထွက်ရေးလှုပ်ရှားမှုတွေဟာ မဲခွဲဆုံးဖြတ်မှုတွေမှာ မအောင်မြင်ဖြစ်ခဲ့ရပါတယ် ။


အခြားသော ဒေသဆိုင်ရာ လုပ်ပိုင်ခွင့် ၊ ပြည်နယ်တွေအလိုက် အခွန်နဲ့ သယံဇာတ်ခွဲဝေ ခွင့် တွေကလည်း အများကြီး ဗဟိုကနေ ခွဲပေးလိုက်တဲ့အတွက် ကနေဒါပြည်ထောင်စုဟာ အခုအထိ ကမ္ဘာ့အလယ်မှာ ထည်ဝါနေဆဲဖြစ်ပါတယ် ။


တကယ်တော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ အားကောင်းချက်တွေကိုကြည့် ရင် ဒေသ အစိုးရ တွေမှာ လုပ်ပိုင်ခွင့်တွေပေးတာကြောင့် ဗဟို ချုပ်ကိုင်မှုကဲတဲ့စီမံခန့်ခွဲမှု ထက် စွမ်းဆောင် ရည်ပိုမိုမြင့်မား လာမှု ၊ မတူညီတဲ့ မူဝါဒအမျိုးမျိုးကိုစမ်းသပ်နိုင်ပြီး အလုပ်ဖြစ်နိုင်တဲ့ မူဝါဒကို ရွေးထုတ်ကာ ကျန် ဒေသတွေမှာ လက်တွေ့ကျင့်သုံးနိုင်မှု ၊ ဒေသအစိုးရတွေရှိနေတဲ့အတွက် ဒေသခံလူထုအတွက် နိုင်ငံရေး အုပ်ချုပ်ရေး ကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်မှု ၊မတူညီသော ယဉ်ကျေးမှုအုပ်စုအသီးသီးအတွက် လုပ်ပိုင်ခွင့် အာဏာတွေရှိ တဲ့အတွက်လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုအပေါ် တန်ဖိုးထား ဆက်ဆံတတ်မှုစတဲ့ အချက်တွေပဲဖြစ်ပါတယ် ။


တကယ်တော့ အခုလတ်တလော သျှမ်းပြည်အတွင်းက မြို့ဆိုင်းဘုတ်တွေက သျှမ်းစာတွေ ဖျက်ဆီးခံရတာ ပြန်ဖျက်သွားတာတွေဟာ တကယ်တော့ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရအပေါ် သက်ဆိုင်ရာ လူထုတွေက ယုံကြည်မှု လျော့နည်းစေတဲ့ ကိစ္စ သံသယဖြစ်စေ တဲ့ကိစ္စပဲဖြစ်ပါတယ် ။ ယုံကြည်မှုတည်ဆောက်မယ် ၂၁ ပင်လုံ ဘာညာဆိုပြီးအော်နေတဲ့ အချိန်ပါ ။ အချို့ဆိုင်းဘုတ်တွေဆို ပြန်ဖုံးထားတာမီးရှို့ခံရတာတွေလည်းဖြစ်နေပါတယ် ။


အခုအချိန်ထိဘာကြောင့်ဖျက်တယ်ဆိုတာလည်း တရားဝင်ရှင်းလင်းကြတာ မတွေ့မိသေးပါ ဘူး ။ သျှမ်းပြည်နယ် မှာရှိတဲ့ လူထုအကြားမှာတော့ ဒီကိစ္စတွေဟာ လတ်တလောမှာ တနုံ့နုံ့နဲ့ စုပ်တသပ် သပ်ဖြစ် နေတဲ့အပြင် မတူညီတဲ့လူမျိုးစုအကြားမှာလည်း သံသယတွေပွားနေ တာတွေ့ရ ပါတယ် ။


တကယ်တော့ ဒီကိစ္စတွေဟာ  လူ့အခွင့်ရေးအရချိုးဖောက်မှု ၊ လူနည်းစု တိုင်းရင်းသား အခွင့်ရေး ဖောက်ဖျက်ကျူး လွန်မှု ၊ တိုင်းရင်းသား လူမျိုးနဲ့ ယဉ်ကျေးမှုစာပေတွေ အပေါ်ခွဲခြားဆက်ဆံမှု တွေနဲ့လည်းအကျုံးဝင်ပြန်ပါတယ် ။ ပြည်ထောင်စုတန်းတူရေး ၊ ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ ကိစ္စတွေမှာ တိုင်းရင်းသားဘာသာ စာပေကိစ္စတွေ ကလည်းအရေးပါပါတယ် ။


ဒီမိုကရေစီနဲ့လည်း တကယ်တော့ ဒေသအလိုက်ဆိုရင် မညီပါဘူး ။ ပြန်ဖျက်ခဲ့တဲ့သူတွေ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အလွှဲသုံးစားပြုရာလည်းရောက်ပါတယ် ။ တချို့ကိစ္စတွေက ပညာရှိ သတိဖြစ်ခဲ့ အမှိုက်ကစ ပြသာဒ် မီးလောင်ဖြစ်နိုင်တာမို့ပါ ။ အင်္ဂလိပ်ခေတ်မှာတောင် သျှမ်းပြည်နယ်က မြို့ဆိုင်းဘုတ်တွေ လမ်းဆိုင်းဘုတ်တွေ ကို သျှမ်း ၊ အင်္ဂလိပ် ၊ မြန်မာ ဘာသာတွေနဲ့ စိုက်ထူခဲ့တာပါ ။


' ဗမာခေါင်းဆောင်တွေက အင်္ဂလိပ်လက်ရာကို မဖျက်ပဲ ဆက်လက်ခြေရာခံ လုပ်ဆောင်ခဲ့ မယ်ဆိုရင် ကျွန်တော့်တို့အားလုံးဟာ ဗမာဖြစ်ကုန်ပြီ ။ အခုသူတို့မလုပ်တတ်တော့ ကျွန်တော်တို့ သျှမ်းဘဝက မကျွတ်နိုင်သေးဘူး' လို့ ကွယ်လွန်သူ သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်ပြောခဲ့တာကို ကျွန်တော်သတိရမိပါတယ် ။


ကိုးကား-ခွန်းဆေ (ကျွန်တော်သူပုန်ဖြစ်လာပုံ )

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates