မြို့ဝင်/ထွက်ဆိုင်းဘုတ်များ သျှမ်းစာဖြင့်ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရအကြောင်းကြား



သျှမ်းပြည်နယ် အတွင်းရှိ မြို့ဝင်/ထွက် ဆိုင်းဘုတ်များကို ဒေသခံများသဘော ဆန္ဒအတိုင်း စိတ်ကြိုက်ရေးသားစိုက်ထူနိုင်ကြောင်း သျှမ်းပြည်နယ် အစိုးရ စည်ပင်သာယာရေးဝန်ကြီးမှ အမိန့်စာ တစ်စောင်ထုတ်ပြန်လိုက်သည် ။


အဆိုပါ အမိန့်စာတွင် သျှမ်းပြည်နယ်အတွင်းရှိ မြို့ဝင်/ထွက် များ၏ ဆိုင်းဘုတ်များကို အသုံးပြုမည့် ဘာသာစကားများကို အများသုံး၊ ရုံးသုံးဖြစ်သည့် မြန်မာဘာသာစကားအပြင် သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား များထည့်သွင်းရေးသားလိုက လွတ်လပ်စွာ ရေးသားနိုင်ကြောင်း  ပါရှိသည် ။


“ သျှမ်းပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးက ထုတ်ပြန်လာတဲ့ အသိပေးကြေငြာချက်ထဲမှာ - မည်သည့် တိုင်းရင်းသားဘာသာစကားကို ရေးသားပါဆိုပြီး ခိုင်းစေခြင်းမပြုဘူး။ကန့်ကွက်ခြင်းလည်းပြု မှာ မဟုတ် ဘူး။ တားမြစ်ပိတ်ပင်ခြင်းလည်းပြုမှာမဟုတ်ဘူး - သက်ဆိုင်ရာမြို့နယ်က ဒေသခံအများစု ရဲ့ ဆန္ဒအလျောက် ဆိုင်းဘုတ်ရဲ့အရွယ်အစားနဲ့ကိုက်ညီမယ့် မြန်မာစာနဲ့တိုင်းရင်းသားစာ အရေအ တွက်ကိုဆုံးဖြတ်ပြီးထည့်သွင်းထွင်းထုနိုင်ကြောင်းသက်ဆိုင်ရာကို အသိပေးအပ်သည် ” ဟုပါရှိသည် ။


သက်ဆိုင်ရာထံ အသိပေးအကြောင်းကြားစာကို ဂျွန်လ ၃၀ ရက်နေ့ ကထုတ်ပြန်ခဲ့ကြောင်းသိရသည် ။


တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီမှ ဆရာမ နန်းနွန်းမို က-  “အရင်က ရေးထားပြီး တဲ့မြန်မာစာ အပါအဝင် သျှမ်းစာနဲ့ တွဲပြီးတော့မှ ဖော်ပြရမယ်ဆိုပြီး ဒီနေ့ ၃၀ ရက်နေ့ နေ့စွဲနဲ့ ပြန်ပြီး တော့မှ ထုတ်ပြန်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျေနပ်အားရမိတာပေါ့ ။ ဖက်ဒရယ်ပြည်ထောင် စုကို တည်ထောင်မယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့အနေနဲ့ တိုင်းရင်းသားအား လုံး တန်းတူအခွင့်အရေးရှိရမယ်လေ။ ဒီအပေါ်အခြေခံပြီးတော့  သျှမ်းပြည်နယ်ထဲ မှာရှိတဲ့ မြို့ အဝင် အထွက် ဆိုင်းဘုတ်တွေကို မိခင်ဘာသာစာပေဖြစ်တဲ့ သျှမ်းစာနဲ့ ပြန်လည်ရေးထိုးခွင့်ပေးတဲ့အပေါ် သျှမ်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူတစ်ယောက် အနေနဲ့  ကျမ ဝမ်းသာ ဂုဏ်ယူကြောင်း”ဟု ၄င်းကပြောသည် ။


ဂျွန်လ ၁၉ ရက်နေ့က သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ သျှမ်းပြည် တွင်းရှိ မြို့အဝင် အထွက် ဆိုင်းဘုတ်များကို သျှမ်းဘာသာနှင့် ရေးထိုးနိုင်သည်ဟု ညွန်ကြားခဲ့ပြီးနောက် တစ်ပတ်အတွင်း ကန့်ကွက်မှုများဖြစ်ပေါ်လာသဖြင့် ပြုလုပ်နေသည့် /နေဆဲ ဆိုင်းဘုတ်များကို ယာယီ ရပ်ထားရန် ဆိုင်ရာ အာဏာပိုင်များကညွှန်ကြားသည်ဟုဆိုကာ ဆိုင်းဘုတ်လုပ်ခြင်း ရပ်နားလိုက်ကြသည်။ သို့သော်  သျှမ်းစာဖြင့် ဆိုင်းဘုတ်ရေးသားရေးရပ်တန့်ရန် တားမြစ်စာကို မည်သည့်ဌာနမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိဘူးဟုလဲ ဆိုပါသည် ။


ထိုအတောအတွင်း ဆိုင်းဘုတ်အဖျက်ခံရခြင်း ၊ သျှမ်းစာရေးသားခွင့်မရခြင်းအပေါ် ဒေသတွင်းလူထုမှ မကျေနပ်ဟုပြောဆိုမှုများကြောင့် ဂျွန်လ ၂၈ ရက်က သျှမ်းပြည်နယ်အစိုးရက အစည်းအဝေးကျင်းပ ကာ ဂျွန်လ ၃၀ ရက် ရက်စွဲဖြင့် ပြန်လည်ခွင့်ပြုသည့် အကြောင်းကြားစာများ ဆိုင်ရာအာဏာပိုင်များထံ ထုတ်ပြန်ပေးပို့ခဲ့ခြင်းဖြစ်သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates