နမ္မတူမြို့နယ် အတွင်းရှိ RCSS/SSA အား အစိုးရတပ်မတော် စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း လှုပ်ရှားသွားလာနေသည့်  သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်မတော် စစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် ယမန်နေ့ ဂျွန် ၂၇ ရက် နံနက်ပိုင်းက ပိတ်ဆို့တိုက်ခိုက်ခဲ့သည် ။


၂၀၁၆ ဂျွန် ၂၇ ရက် နံနက်ပိုင်းက သိန္နီမြို့ အနောက်ဘက် ၊ နမ္မတူမြို့မြောက်ဘက်ခြမ်းဒေသ မိုင်းမော်နှင့် မိုင်းတတ် ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်မတော် တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းများက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး ထိခိုက်မှု ရှိကြောင်း အမည်မဖေါ်လိုသည့် ဒေသအတွင်း RCSS/SSA အရာရှိက ဤကဲ့သို့ပြောသည် ။


“ ကျနော်တို့ ရှိနေတယ်ဆိုတာ သူတို့သိတာဘဲ ။ ကျနော်တို့ဘက်က သတိမထားမိချိန် သူတို့လာတိုက်တော့ အထိ အခိုက် ရှိတယ် ။ သူတို့လဲ ထိခိုက်မှုရှိတယ်လို့ထင်တယ် ။ တိုက်ပွဲကတော်တော်ကြာတယ် ။ အချိန်က မကြည့်ထား မိဘူး ။ နောက်ဆုံး သူတို့ ပြန်ချိတ်လာတာ ။ အခု ပစ်နေတာ RCSS/SSA လားတဲ့။ ဟုတ်တယ်လို့ - ခင်ဗျားတို့ဘဲ အရင်လာပစ်တာ လေ- လို့ ပြန်ပြောလိုက်တယ် ။ အဲအချိန်မှ တောင်းပန်ပါတယ် တဲ့ ” - ဟု RCSS/SSA တပ်မှူးနှင့် နီးစပ်သည့် သိန္နီမြို့သား တဦးကပြောသည် ။


မြန်မာအစိုးရတပ်မတော်စစ်ကြောင်း တိုက်ခိုက်မှု ရပ်နားသွားပြီး မကြာမီ မွန်းလွဲပိုင်းအချိန်တွင်လည်း တအာင်း (ပလောင်) အမျိုးသား တပ်မတော်စစ်ကြောင်းမှ ၎င်းတို့အား ထပ်မံလာရောက် တိုက်ခိုက်ကြောင်း ထိုတိုက်ပွဲတွင် လည်း နှစ်ဘက်ထိခိုက်မှု ရှိသည်ဟု ပြောသည် ။


“ ဗမာ့တပ်မတော် စစ်ကြောင်း နဲ့ တိုက်ပွဲဖြစ်ပွားတာ မကြာလိုက်ဘူး။ ထမင်းတောင် မကျက်သေးဘူး ။ TNLA စစ်ကြောင်းရောက်လာတော့ တိုက်ပွဲထပ်ဖြစ်တယ် ။ ကျဆုံးတာတော့မရှိဘူး ။ ဒဏ်ရာ ရတာတော့ရှိတယ် ။ ပလောင်ဘက်တော့ မသိဘူး ” - ဟု သျှမ်းသံတော်ဆင့်သို့ ဆက်၍ ပြောသည် ။


RCSS/SSA သည် မြန်မာအစိုးရ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုး ထား သည့် သျှမ်းလက်နက်ကိုင်တပ်ဖြစ်သည် ။ TNLA မှာမူ နိုင်ငံရေးဆွေးနွေးပွဲသို့ ပါဝင်လိုလျှင် လက်နက်အပြီး စွန့်လွတ် ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရာဇသံပေးထားသည် ။


အလားတူ ဂျွန် ၂၇ ရက်တွင်ပင် မွန်းတည့်ချိန် မှ ညနေပိုင်း အထိ TNLA နှင့် မြန်မာအစိုးရတပ်မတော်တို့လည်း ကျောက်မဲမြို့ အနောက်မြောက်ဘက် တော့ဆန် ၊ ညောင်မောင်း ၊ ပါလိုင် ကျေးရွာ အုပ်စုအတွင်း တွင် တိုက်ပွဲဖြစ်ပွား ခဲ့ပါသေး သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates