အဖမ်းခံရလူထု နှင့် SSPP/SSA ကေဒါ တပ်သား ပြန်လွတ်ပေးရန် သမ္မတ ထံတောင်းဆို



အစိုးရတပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးခေါ်ဆောင်သွားသော SSPP/SSA တပ်မတော်၏ အရာရှိ စစ်သည်များ နှင့် ဒေသခံ အရပ်သားပြည်သူများအား ပြန်လည်လွှတ်ပေးနိုင်ရေးအတွက်နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိုလ်များထံ စာတင်ထားကြောင်း သိရသည် ။


ဂျွန်လ ၂၆ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးထင်ကျော် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဘုန်းမြတ် ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး ရာပြည့် တို့အပါအဝင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး  ထံပါစာပေးပို့ခဲ့ကြောင်း ၊ ဖမ်းဆီးခေါ်သွားသော စစ်သည်များ နှင့်ဒေသခံပြည်သူများ အားပြန်လည်လွှတ်ပေး နိုင်ရေးအတွက်  တောင်းဆိုထားကြောင်း ၀မ့်ဟိုင်း ဗဟိုရုံး အရာရှိ ဗိုလ်မှူးစိုင်းအောင် ကပြောသည် ။


“ ကျနော်တို့  လူတွေကိုဖမ်းလိုက်တာတော့ ငြိမ်းချမ်းရေးကို ထိခိုက်တာပေါ့ ။ ဘာဖြစ်လဲဆို ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးတာတာဘဲ ငြိမ်းချမ်းရေးအဖွဲ့ဆိုတာ သူတို့က ကျနော်တို့ကို ငြိမ်းချမ်းရေးအဖွဲ့လို့ မသတ်မှတ်ဘူးလေ ။ ကျနော်တို့လူတွေကို တစ်နေရာပြီး တစ်နေရာ လိုက်ဖမ်းနေတယ် ” ဟု ၄င်းကပြောသည် ။


တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ ထာဝရငြိမ်းချမ်းရေးသို့ ရှေ့ရှုသွားနေချိန်တွင် ယခုလိုကိစ္စမျိုးပေါ်ပေါက်လာသည့်အတွက်ကြောင့် မိမိအဖွဲ့အစည်းအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း နှင့် ယင်းကိစ္စကို နိုင်ငံတော်သမ္မတကြီးမှ သဘောထားကြီးကြီး နှင့် ရေရှည်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှုသောအားဖြင့် သနားညှာတာ ၊ စာနာထောက် ထား ကာ မိမိတပ်ဖွဲ့ဝင်များ နှင့် အရပ်သားပြည်သူများအား ပြန်လည်လွှတ်မြောက်ပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရသည် ။


“ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့ မေလ ၁၃ ရက်နေ့က ရမခ တိုင်းမှူး ဗိုလ်ချုပ်ဘုန်းမြတ်ထံ စာရေးတောင်းဆိုထားတယ် ။ သူက - ခင်ဗျားတို့လူအတွက် မစိုးရိမ်ပါနဲ့ လုံခြုံတဲ့နေရာထားပေးပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်တဲ့ ။ ထွက်လာတော့ လျှပ်စစ်နဲ့ တိုက်ပြီးသေနတ်ဒင် နဲ့ ရိုက်တယ် ။ လက်ပြန်ကြိုး တုတ်ပြီး ၁၄ ရက်လုံးလုံး တစ်နေ့ ၃ ခါ စစ်ကြောရေးလုပ်ပြီး တစ်ခါစစ်ရင် အနဲဆုံး ၅ချက်အရိုက်ခံရကြောင်း ” ဟု SSPP/SSA အရာရှိတစ်ဦးက ပြောသည် ။


အစိုးရတပ်မတော်စစ်ကြောင်းများမှ SSPP/SSA တပ်ဖွဲ့ဝင် နှင့် အရပ်သားပြည်သူများအား ဖမ်းဆီးသွားသည်မှာ ၂၀၁၅ နိုဝင်ဘာလအတွင်း တပ်မတော် စစ်ကြောင်းမှ ၁ ဦး ဖမ်းသွားပြီး ၂၀၁၆ မတ်လနှင့် ဧပြီလ အတွင်း တပ်မ (၉၉) မှ ဖမ်းဆီးခေါ်ဆောင်သွားသော SSPP/SSA တပ်ဖွဲ့ ဝင် အရာရှိ စစ်သည် (၂၀) ဦး နှင့် အရပ်သား (၂)ဦး နှင့် ၂၀၁၆မေလ (၃၁) ရက်နေ့တွင် သိန္နီ မြို့နယ် အတွင်း တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့စရဖ မှ ဖမ်းဆီးသွားသော အရပ်သား ( ၈) ဦး စုစုပေါင်း ( ၃၁) ဦး ရှိကြောင်း သိရသည် ။


တိုက်ပွဲကာလက သျှမ်းပြည်တပ်မတော် SSPP/SSA မှ ဖမ်းဆီးထားသည့်  မြန်မာအစိုးရ တပ်မ တော်သား ဗိုလ်ကြီးအဆင့် ၁ ဦး ၊ အရာခံဗိုလ် ၂ ဦး ၊ တပ်ကြပ်ကြီး ၂ ဦး ၊ တပ်ကြပ် ၂ ဦး ၊ ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သားနှစ်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်  ငြိမ်းချမ်းရေးအတွက် မျှော်ကိုးပြီး သျှမ်းပြည်တပ်မတော် SSPP/SSA မှ ၂၀၁၆ ဂျန္နဝါရီ ၂၁ ရက်နေ့က အစိုးရတပ်မတော်ထံ ပြန်လည်ပေးခဲ့သော်လည်း၊ တပ်မတော်မှ ဖမ်းထားသည့် လူထု သျှမ်းပြည်တပ်မတော် SSPP/SSA ကေဒါတပ်သားများ ပြန်လည်လွတ်ပေးခြင်းမရှိသောကြောင့် အနာဂတ်တိုင်းပြည်ထူထောင်ရေး အတွက် စိုးရိမ်မိသည်ဟု ဌာနချုပ်အရာကြီးတဦးက လည်းပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates