ဗမာလူမျိုးစုများ၏ သမိုင်းကိုသာအဓိကထားသင်ကြားလို့ ပြည်တွင်းစစ်နှစ်ပေါင်း ၆၀ ကျော်ကြာ



အစိုးရ၏ သမိုင်းပြဌာန်းစာအုပ်များတွင်ဗမာလူမျိုးစုကိုသာ ကိုယ်စားပြုသောသမိုင်းပြဌာန်းချက်များကို အဓိက ဖော်ပြခြင်းမှာ နှစ်ပေါင်းများစွာပြည်မအစိုးရနှင့် မျိုးနွယ်စု တိုင်းရင်းသားများအကြားပြည်တွင်းစစ်ဖြစ်ရခြင်း၏ အစိတ်အပိုင်းတရပ်ဖြစ်သည်ဟု ပါမောက္ခရိုဆယ်လီမက်ထရီက ပြောသည် ။


ဗမာလူမျိုးစုများ၏ သမိုင်းကိုသာအဓိကထားဖော်ပြခြင်းကြောင့်အခြားသော လူမျိုးစု တိုင်းရင်းသားများ ကို အသိမှတ်ပြုဖော်ပြခြင်းမရှိပဲ သမိုင်းကို လိုရာပုံသွင်းဖော်ဆောင်မှုများကိုခေတ်အဆက်ဆက် အစိုးရများက လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် ပြည်ထောင်စုမစ်ဆူရီတက္ကသိုလ်မှ ပါမောက္ခက Teaching History To Promote National Reconciliation ခေါင်းစဉ်ဖြင့် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း ၌ကျင်းပခဲ့သည့် ဟောပြောမှုတွင် ပြောဆိုသည် ။


' သမိုင်းစာအုပ်တွေနဲ့ကျောင်းပြဌာန်းစာအုပ်တွေမှာ အဓိက ဖော်ပြနေတဲ့ ပဒေသရာဇ်စစ်ဘုရင်ွ ( အနော်ရထာ၊ ဘုရင့်နောင် ) တို့လို ဇာတ်ကောင်တွေ ကျန်တဲ့တိုင်းရင်းသားမျိုးနွယ်စုတွေက ဒုတိယ နိုင်ငံသားနေရာမှာသာ ပါဝင်နေခဲ့တယ်' ဟုပါမောက္ခ ရိုဆယ်လီ မက်ထရီက ပြောသည် ။


ပါလီမန် ဒီမိုကရေစီခေတ်၊ မဆလတစ်ပါတီ အာဏာရှင် အစိုးရ ၊ နဝတ ၊ နအဖ အစိုးရလက်ထက်များ တွင်ကျောင်းသုံးပြဌာန်းစာအုပ်များ`၌ သမိုင်းကို လိုရာသွင်းပုံဖော်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းကို အလေးပေးပုံဖော်မှုများမှာ ပါလီမန်ခေတ်အစောပိုင်းကာလကရှိခဲ့သော်လည်း စစ်အာဏာရှင်လက်ထက် ၁၉၆၂ မှစ၍ အနော်ရထာ ၊ ကျန်စစ်သား ၊ဘုရင့်နောင်တို့ကိုသာ အလေးပေးဖော်ပြခဲ့သည် ။


မူလတန်း ၊အလယ်တန်းနှင့် အထက်တန်း ပညာရေးစနစ်တစ်ခုလုံးတွင် ဗမာလူမျိုးများကိုအမွှန်းတင်ထားပြီး ကျန်မျိုးနွယ်စုများအပေါ် ပုံဖော်မှုနည်းပါးခဲ့ကာ နအဖအစိုးရလက်ထက်ကဆိုရင် ထိုင်း ကို အဓိကရန်သူအဖြစ် ဖော်ပြလာခဲ့ပြီး ၄င်းနှင့်မျိုးနွယ်ခြင်းဆက်စပ်မှုရှိသော ရှမ်းမျိုးနွယ်စုများ မိမိကို မိမိခေါ်ဝေါ်သည့်တိုင်း ( TAI ) အမည်ကိုပင် နိမ့်ချခေါ်ဝေါ်သုံးစွဲမှုများရှိခဲ့ပါသည် ။


' မြန်မာ့သမိုင်းမှာ ရှမ်းဘုရင် သိုဟန်ဘွားကိုကျတော့ လူဆိုးလူရိုင်းလို့ဖော်ပြတယ်။ အင်းဝမှာ ရဟန်းတွေကို သတ်တယ်လို့ ဖော်ပြထားတယ်။ ဒါဆိုဦးအောင်ဇေယျက မွန်ရဟန်းသံဃာ ( ၃၀၀၀) ကျော်ကို ဆင်နဲ့နင်း ၊ ကုဋီမှာအလုံပိတ်မီးရှို့တဲ့နည်းလမ်းတွေနဲ့ သတ်တာကြတော့အလောင်းဘုရားဆိုပြီးအမွှမ်းတင်ထားရုံမကဘူး။ အခုနေပြည်တော်မှာ အနော်ရထာ ၊ဘုရင့်နောင်တို့နဲ့အတူ ရုပ်ထုကြီးထုပြီး ဂုဏ်ပြုထားသေးတယ် ။ ' ဟုရှမ်းနိုင်ငံရေးလေ့လာသူ ခွန်းဆေ၏ ကျွန်တော်သူပုန်ဖြစ်လာပုံ ဆိုသည့်စာအုပ်တွင် ဖော်ပြထားသည် ။


၎င်းကိုယ်တိုင်ပင်လျှင်သူပုန်ဖြစ်လာရခြင်းမှာ တိုင်းရင်းသားဘာသာစကားနှင့် စာပေ၊ သမိုင်းတို့အားဖိနှိပ်မှုနှင့် ပတ်သက်ကြောင်း ဖော်ပြထားပြီး ယခင်ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ဟောင်းဖြစ်သူ စိုင်းလိတ်မှာလည်း ရှမ်းဘာသာစာပေသင်ကြားမှုနှင့် သမိုင်းအရ ခွဲခြားဖိနှိပ်မှုများကြောင့်လက်နက်ကိုင်တော်လှန်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ရသည်ဟုသျှမ်းသံတော်ဆင့်သတင်းဌာန၏ ဆောင်းပါး တပုဒ်တွင်လည်း ဖော်ပြထားသည်။


ပါမောက္ခရိုဆာရီက ပြောကြားရာတွင် သမိုင်းပြဌာန်းစာအုပ်အများစု`၌ ကရင်စသည့်တိုင်းရင်းသားမျိုး နွယ်စုကြီးများ ကို အနည်းငယ်ဖော်ပြမှုရှိသော်လည်းတအာင်းပလောင် ၊ ဓနုတို့မှာ ကိုယ်စားပြုမှုကင်း မဲ့နေကြောင်း ၊မီဇိုချင်းများနှင့် ပတ်သက်၍ နှုတ်သမိုင်းသာရှိနေကြောင်းသမိုင်းပြဌာန်း စာအုပ်များရေးသားရာတွင် နှုတ်ပြောသမိုင်းများသာရှိသည့်တိုင်းရင်းသားများအတွက် စကားပြောများကို စာသားအဖြစ် ဖော်ပြသင့်ကြောင်းအကြံပြုသည် ။


ပြည်တွင်းစစ်ရပ်စဲရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဆောင်ရွက်ရာတွင်သမိုင်းပြဌာန်းစာအုပ်များကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် တစ်စိတ်တစ်ပိုင်းကူညီလုပ်ဆောင်နိုင်ကြောင်း ပါမောက္ခက အကြံပြုပြောဆိုသည်။


The Ladies မှ ကူးယူဖေါ်ပြသည်။ မူရင်းသတင်းဖတ်ရှုရန် https://www.facebook.com/News.TheLadies/posts/591033011071672:0

(TheLadies News မှ ကူးယူဖေါ်ပြသည်)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates