ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် အမျိုးသမီးပါဝင်ခွင့် အရေအတွက် သတ်မှတ်မထားသင့် ဦးစိုင်းညွန့်လွင်ပြော



ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်အတွက် တောင်းဆိုရာ၌ အရေအတွက်အားဖြင့် ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်ထားခြင်းမျိုး မဖြစ်သင့်ဘဲ ပိုမို ပါဝင်သင့်သည်ဟု သျှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည် ။


၎င်းက “ နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘာလို့ ၃၀ ရာခိုင်နှုန်းပဲတောင်းလဲ ။ သတ်မှတ်တာ မကောင်း ဘူး ။ ပိုပြီးတောင်းသင့်တယ် ။ ကြိုးစားသင့်တယ် ။ လမ်းဖွင့်ပေးသင့်တယ် ။ အရည်အချင်း ပေါ်မှာပဲ သတ်မှတ်ချင် တယ် ။ ကျနော့်အိုင်ဒီယာက အမျိုးသမီး ၁၀၀ က အရည်အချင်းရှိရင် ၁၀၀ လုံးက  ခေါင်းဆောင်လုပ် သင့်တယ် ။”  ဟု ဆိုသည် ။


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီး ပါဝင်ခွင့် အတွက် တောင်းဆိုရာ၌ ၃၀ ရာခိုင်နှုန်းသည် သတ်မှတ် ထားခြင်းမျိုး မဟုတ်ဘဲ အနည်းဆုံး ပါဝင်သင့်သည့် အရေအတွက်အားဖြင့် တောင်းဆိုခြင်း ဖြစ်သည်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အများစုကဆိုသည် ။


အမျိုးသမီးများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်သူများ ၊ အသက်ရှင် ကျန်ရစ်ခဲ့သူ  များနှင့်ပဋိပက္ခဒဏ် ခံစားကြရသူများအဖြစ် အမျိုးသားများကြုံတွေ့သည့် အတွေ့အကြုံများနှင့် မတူဘဲ သီးခြားပုံစံဖြင့် ပြည်တွင်း၏ အကျိုးဆက်ကို ခံစားကြရသူများဖြစ်သည်ဟု ၂၀၁၆  ဂျန်နဝါရီလက ထုတ်ပြန် သည့် TNI ၏ “အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှု မရှိနိုင်” ဟူသည့် စာတမ်းတွင် ဖော်ပြထားသည် ။


အားလုံးပါဝင်သည့် ထိရောက်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ထွန်း စေရန် အမျိုးသမီးများ အနေဖြင့် ပဋိပက္ခများကို ကာကွယ်ဖြေရှင်းနိုင်မည့် ဆုံးဖြတ်ချက် ချမှတ်သည့် အဆင့် တိုင်း၌လိုအပ်သည်ဟုလည်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည် ။


မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံဖြစ်ပြီး လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်သင့်သည်ဟုလည်း ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဧရိယာမန်နေဂျာ (ကရင်ပြည်နယ်)  နော်စင်သီယာဝင်းက  ပြောသည် ။


ယင်းအပြင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် နှင့် အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ မူဝါဒရေးရာဦးဆောင် ကော်မတီဝင် ယိင်းဟန်ဖ ကလည်း ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်နှင့် ပတ်သက်ပြီး  “ အခုကမ္ဘာပေါ်မှာ အမျိုးသမီး ဦးဆောင်တွေတော်တော်များလာပြီ ။ ဒါကြောင့် ငြိမ်းချမ်းရေးကဏ္ဍမှာ အမျိုးသမီးများများ ဆွဲခေါ် ပါဝင်သင့်တယ် နိုင်ငံရေး  အဆင့်ဆင့်တိုင်း အခန်းကဏ္ဍမှာ အမျိုးသမီးပါဝင်သင့်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးရဲ့ အခက်အခဲ ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး အစသော အမျိုးသားတွေ အကုန်မသိဘူး “ ဟု ပြောသည် ။


အမျိုးသမီးများအား ပုံစံအမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခြင်းကို ပပျောက်စေရေး သဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံကလက်မှတ်ရေးထိုးထားပြီး အဆိုပါစာချုပ် အပိုဒ် ၄ နှင့် ရ တွင် ဆုံးဖြတ်ချက် ချမှတ်ရာ၌ အမျိုး သမီးများ ပါဝင်မှုကို မြှင့်တင်ပေးသည့် မဟာဗျူဟာများကို  ချမှတ်ပေးထားသည် ။


မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းမှတ်တမ်းများအရ လူဦးရေ  ၅၁ သန်း ကျော် ရှိပြီး အရေအတွက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates