နန်းစမ်းစမ်းအေး၏ နမ့်မကျောက်မီးသွေးတွင်းဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း ပြည်နယ်လွှတ်တော် မဖြေကြား



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတင် ကျင်းပရာ သဘာဝ ပတ်ဝန်း ကျင်ပျက်စီးမှုနှင့်တိုက်ရိုက်သက်ဆိုင်သည့် ကြယ်ပွင့်ပြမေးခွန်းအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် လွှတ်တော် မှဖြေကြားခဲ့သည်ဟုသိရသည် ။

ဂျူလိုင် ၁၂ ရက်က ပြန်လည်စတင်သည့် သျှမ်းပြည်နယ်  လွှတ်တော်အစည်းအဝေး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ကျင်းပ ဒုတိယအကြိမ် သျှမ်းပြည် နယ် လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့ ဂျူလိုင် ၁၂ ရက်နေ့က သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး၏ ကြယ်ပွင့်ပြ မေးခွန်း အပေါ် ပြည်ထောင်စု လွှတ်တော် သို့ တင်သွင်း ရန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည် ။


သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စု၊ နားကွန်ကျေးရွာ နှင့် လင်းဆိုင်းကျေးရွာ အတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ကုမ္မဏီ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တရားဝင် လုပ်ကိုင်ခွင့် စာချုပ်စာတမ်း ရှိမရှိ သိရှိလိုခြင်း နှင့် စာချုပ်သက်တမ်း မကုန်ဆုံးသေးပါက စာချုပ်သက်တမ်းရပ်တန့်ရန် အစီစဉ်ရှိမရှိ မေးခဲ့ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။


“ သျှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သဘောထား မှတ်ချက်နဲ့သာ ဆောင်ရွက် ရပြီးတော့ ခွင့်ပြုမိန့် တွေကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သို့မှသာ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် သက်ဆိုင်ရာလွှတ်တော်ကနေတဆင့် သယံဇာတ နဲ့ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နေပြည်တော်သို့ မေးမြန်းဆောင်ရွက်သင့်ပါကြောင်း - ဆိုပြီးသျှမ်းပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်က ဖြေလိုက်ပါတယ်” ဟု နန်းစမ်းစမ်းအေး က ပြောသည် ။


သျှမ်းပြည်အရေးကို ပြည်ထောင်စု သို့ တင်ပြတောင်းဆိုနေရမည်ဆိုပါ က ရှေ့ဆက် လုပ်ကိုင်ဆောင်ရွက် ၊ အကောင်အထည်ဖော်သွားမည့်နေရာ တွင် နှောင့်နှေးကြန့်ကြာသွားပြီး သျှမ်းပြည်အစိုးရ ၊ သျှမ်းပြည်နယ် လွှတ် တော် သည် သျှမ်းပြည်အတွက် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝပေးပြီး သျှမ်းပြည်အရေးကို သျှမ်းပြည်အစိုးရမှ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင် ရွက်သင့်ကြောင်း ကြယ်ပွင့်ပြ မေးခွန်းမေးသူ နန်းစမ်းစမ်းအေး ကပြောသည် ။


“ သျှမ်းပြည်တွင်းမှာရှိတဲ့ လုပ်ကွက် ဖြစ်ပြီး ပြည်နယ်ဝန်ကြီးကနေ မဖြေရှင်း နိုင်ရင်တောင် အဖြေပေး သင့်တယ် ။ ကွင်းဆင်းစစ်ဆေးပြီး လုပ်ပေးမယ် ဆိုတာကို ဖြေပေးသင့်တယ်။ အခုက ဘာဖြေရှင်းချက် မှမပေး ဘဲ ပြည်ထောင် စု လွှတ်တော်ကို တင်ခိုင်းတယ် ။သျှမ်းပြည်တွင်းမှာဆိုရင် သျှမ်းပြည် ဝန်ကြီး တွေက အာဏာအရှိဆုံးလေ ၊ သျှမ်းပြည်တွင်းက လုပ်ကွက်တွေ သူတို့ ကောင်းကောင်း ထိန်းချုပ် သင့်တယ် ။ ဘာဖြစ်လဲဆို ဘာဘဲတင်သွင်း တင်သွင်း ဘာမေးခွန်းတွေမေးမေး ပြည်ထောင်စု ကိုဘဲတင်ခိုင်းနေရင် သျှမ်းပြည်နယ်လွှတ်တော် ဘာအဓိပ္ပာယ်ရှိတော့မလဲ ” ဟု ကျားခေါင်း လွှတ်တော်အမတ် နန်းစမ်းစမ်းအေး ကပြောသည် ။

နမ့်မကျောက်မီးသွေးတူးဖော်ခဲ့သည့်နေရာ တနေရာ
ငွေရည်ပုလဲကုမ္မဏီသည် ၀မ့်လုံ – နမ့်မကျေးရွာအတွင်းသို့ ၂၀၀၀ ပြည့်နှစ် ကတည်းက စတင်ဝင် ရောက်လာပြီး ခန့်မှန်းဧရိယာ ၃၀ ဧကရှိသည့်နယ်မြေ တွင် ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေး တူး ဖော်ကြောင်း ၊ ထို့ကြောင့် လယ် ယာခြံမြေများ ၊ တော တောင်ရေမြေ သဘာဝပတ်ဝန်းကျင် ၊ ချောင်း ရေများ ပျက်စီးဆုံးရှုံးရကြောင်း ၊ ညစ်ညမ်းသည့်လေ ၊ ညစ်ညမ်း သည့်ရေကြောင့်ဒေသခံ ၏ကျန်းမာရေး တနေ့တခြား ဆုတ်ယုတ်လာကြောင်း ၊ ကုမ္မဏီ က ကျောက်မီးသွေး မတူးခင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက် EIA/SIA လုပ်ဆောင်ခြင်း မရှိကြောင်း ဒေသခံ များက ဆိုပါသည် ။


နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ – ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နား ကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည် ။


NLD အစိုးရသစ်လက်ထက် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမအကြိမ်အား ဧပြီလက ကျင်းပရာ ပထမပုံမှန်အစည်းအဝေး နဝမနေ့ ဧပြီလ ၅ ရက်နေ့တွင် သျှမ်းပြည်နယ်ဝန်ကြီး ဌာန ၈ ခု လျာထားခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်းမရှိသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ လွှတ် တော် အစီစဉ် မပြီးသေးဘဲ အစည်းအဝေး ရပ်ဆိုင်း ခဲ့သည် ။ ထိုစဉ်ကတည်းကလွှတ်တော် ရပ်နားခဲ့သည်မှာ ယနေ့မှသာ လွှတ်တော်အစည်းအဝေး ပြန်လည်စတင်ခြင်းဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates