နမ့်ခမ်းမြို့ ကျားခေါင်းပါတီဝင် တက်ကြွလှုပ်ရှားသူတဦးပစ်ခတ်ခံရ



သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ SNLD ၏ စည်းရုံးရေးလုပ်ငန်းတွင် တက်ကြွ လှုပ်ရှားသူ စိုင်းဆန်ခေးဆိုသူသည် ယနေ့ ဂျူလိုင် ၁၃ ရက် မွန်းလွဲပိုင်းကပစ်ခတ်ခံရကာကျည် ၄ ချက် ထိမှန်၍နမ့်ခမ်းဆေးရုံ၌ သေဆုံးသွားသည်ဟုသိရသည် ။

စိုင်းဆန်ခေးအား ပစ်ခတ်လိုက်သည့်ကျည်ဆံ
စိုင်းဆန်ခေးအလောင်းအား ရင်ခွဲရုံသို့သယ်ဆောင်သွားစဉ်
ရင်ခွဲရုံရောက် စိုင်းဆန်ခေးအလောင်း
၂၀၁၆ ဂျူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက ညနေ ၃.၃၀ နာရီအချိန် စိုင်းဆန်ခေး ခေါ်  စိုင်းမောင်လှိုင် အသက် ၅၄ နှစ်သည် သမီးဖြစ်သူ ၁၀ တန်းအောင်သည့် ဂုဏ်ပြု အခမ်းအနားတက်ရောက်ပြီး အပြန် တွင် လူတယောက်ကစောင့်ဆိုင်းပစ်ခတ်ခဲ့ ကြောင်း ၊ ကျန်လူတယောက်ကဆိုင်ကယ်အသင့် စက်နိုး ကာစောင့်ထားကြောင်း ၊ တရားခံသည် ပစ်ခတ်အပြီး ဆိုင်ကယ်သမားဆီသို့ပြေးကာ နှစ်ဦးစလုံး ထွက်ပြေးလွတ်မြောက်သွားကြောင်း - ဖြစ်စဉ်ကိုမြင်တွေ့ရသည့် နမ့်ခမ်းဒေသခံ များကပြောသည် ။


“ စိုင်းဆန်ခေး က လူကောင်းပါ ။ သူကကိုယ်ရောစိတ်ပါ တက်ကြွလှုပ်ရှားတယ် ။ အခုလိုမျိုးပစ်ခတ် သတ်ဖြတ်တဲ့အဆင့်ရောက်တာတော့မကောင်းဘူးပေါ့ ။ ဘာမဆိုဆွေးနွေးဖြေရှင်းလို့ရတယ်လေ” - ဟု နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီဒုတိယဉက္ကဌ စိုင်းယီဖူးကပြောသည် ။


စိုင်းဆန်ခေးအသက် ၅၄နှစ်သည် အဖခင်းမိုင်ငင်းတုန့်ဆိုင်း ၊ အမိနိုင်းမိုင်ငင်းတုန့်ဆိုင်းတို့ ၏သားဖြစ် သည် ။ သေဆုံးချိန် ဇနီးဖြစ်သူနှင့်အတူ သမီးနန်းနွံကွန်ခေး ၊ သားစိုင်းစွမ်ခေး တို့ ကျန်ရစ်သည် ။


“ သူက သျှမ်းအမျိုးသားရေးမှာတအားတက်ကြွလှုပ်ရှားတယ် ။ အဖွဲ့အစည်းတွေထဲဝင်ပြီး လှုပ်ရှားရ တာကို ကြိုက်တဲ့သူဖြစ်တယ် ။ RCSS/SSA ၊ SSPP/SSA ၊ ဟိုမိန်းပြည်သူ့စစ် SSS - တို့နဲ့လည်း အလုပ် လုပ်ဖူးတယ်လို့ ကြားဖူးတယ် ။ အခုနောက်ဆုံးကြားရတာတော့ သစ် ၊ မီးသွေး လုပ်ငန်းမှာ ဒေသခံပြည် သူ့ စစ်တွေနဲ့  ပတ်သက်လုပ်ကိုင်နေတယ်လို့ ကြားတယ် ။ တခြားတော့မသိဘူး ” - ဟု တရပ်ကွက် တည်းသား အိုက်စိုင်းကပြောသည် ။


စိုင်းဆန်ခေးသည် သျှမ်းစာပေပြန့်ပွားရေးအတွက် ဆရာမွမ်းမံသင်တန်းတက်ရောက်ပြီး ကလေးငယ် များအားသျှမ်းစာပို့ချပေးရေးတွင်လည်း မနားမနေကြိုးပမ်းသူဖြစ်သည်ဟုလည်း သျှမ်းစာပေ ဆရာမ နန်းအေယေ့ က ပြောသည် ။


အဆိုပါသေမှုသေခင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ နမ့်ခမ်းရဲတပ်ဖွဲ့တို့ထံကြိုးစားဆက်သွယ် သော်လည်းဖုန်းလက်ခံဖြေကြားပေးခြင်းမရှိပေ ။စိုင်းဆန်ခေးပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ကျားခေါင်း ပါတီပြောရေးဆိုခွင့်စိုင်းလိတ်ကလည်းဟုတ်မှန်ကြောင်းအတည်ပြုပြောဆိုပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates