ပြည်ထောင်စုကို တည်ဆောက်မှာလား ဖျက်ဆီးကြမှာလား
ကျနော်တို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ မဲပေးရွေးချယ်မှုနဲ့အတူ အရပ်သားအစိုးရကို ယခုအခါ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ်ဟာ မကြာသော အချိန်ကာလမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရှေ့ရှုတဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပသွားမှာဖြစ်တဲ့အကြောင်း တိုင်းပြည်ကို အသိပေးကြေညာထားပြီး ဖြစ်ပါတယ်။ အဆိုပါ ၂၁ ရာစု ပင်လုံညီလာခံအပေါ် အောက်ပါ ရှုထောင့်တွေကနေပြီးတော့ အပြုသဘောဆောင် သုံးသပ်တင်ပြလိုက်ပါတယ် ။
(၁) အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှုထောင့်
(၂) ဒီမိုကရေစီအသွင်ကူးပြောင်းရေးရှုထောင့်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှုထောင့်
ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်းနဲ့ အခြားသော တိုင်းရင်းသားလူမျိုးများဟာ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ရှေးပဝေသဏီကတည်းကရင်း အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။ မိမိတို့အကြီးအကဲရဲ့ လက်အောက်မှာပဲ မိမိတို့ရဲ့ ဥပဒေများနဲ့ အချုပ်အခြာအာဏာကို လက်လွှတ်ရခြင်းမရှိဘဲ အစဉ်အဆက် သီးခြား လွတ်လပ်စွာ နေထိုင်လာခဲ့ကြတာဟာ သမိုင်းကို ပြန်ကြည့်ရင် အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။
သီးခြားအုပ်ချုပ်ရေး
မြန်မာနိုင်ငံကို ပြည်ထောင်စုအဖြစ် မစုစည်းမီအချိန်က အင်္ဂလိပ်ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ပြီး သျှမ်း၊ ကချင်၊ ချင်း စတဲ့ ပြည်ထောင်များကို Frontier Area Administration အဖြစ် British Governor မှ တိုက်ရိုက် အုပ်ချုပ်ခဲ့ပါတယ်။ ကချင်တို့အပေါ် ကချင်တောင်တန်းဒေသအုပ်ချုပ်ရေး (၁၈၉၅ Kachin Hill-Tribes Regulation) ဖြင့်လည်းကောင်း၊ သျှမ်းပြည်တွင် (၁၉၂၂ Federated Shan States Act) အားဖြင့် လည်းကောင်း၊ ချင်းဒေသမှာ ချင်းတောင်တန်းအုပ်ချုပ်ရေး (၁၈၉၆ Chin Hill Regulation) ဖြင့်လည်းကောင်း သီးခြားစီ အုပ်ချုပ်ခဲ့ပါတယ်။ ဗမာပြည် (Proper Burma) ကိုတော့ အိန္ဒိယဘုရင်ခံ လက်အောက်မှာ ထားရှိခဲ့ပြီး ဗမာပြည်နဲ့ အိန္ဒိယ ခွဲရေး-တွဲရေး ပြဿနာ ဖြစ်ပေါ်ပြီးနောက် ၁၉၃၅ Burma Act အရ ဗမာပြည်ကို ၉၁ ဌာန အုပ်ချုပ်ရေးလို့ လူသိများတဲ့ ဒိုင်အာခီ (Diarchy) အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ကရင်နီပြည်ကတော့ သီးခြားပြည်ထောင်အဖြစ် ဆက်လက် တည်ရှိနေခဲ့ပါသည်။
အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေဟာ ၎င်းတို့ရဲ့ ကိုလိုနီအကျိုးစီးပွားအတွက် လည်းကောင်း၊ တိုင်းရင်းသားနယ်မြေ များရဲ့ နောက်ခံသမိုင်းကြောင်း မတူညီဘဲ ကွဲပြားနေတဲ့အချက်အပေါ်မှာ လည်းကောင်း အကြောင်းပြုလို့ နယ်မြေ ငါးခု ပိုင်းခြား သတ်မှတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဲဒါတွေကတော့
(၁) ရခိုင်၊ မွန်၊ ကရင်၊ ဗမာ လူမျိုးတွေ အများစုနေထိုင်တဲ့ နယ်မြေကို စုစည်းပြီးတော့ ဗမာပြည် မြေပြန့်သား (Burma Proper) လို့ခေါ်တဲ့ အင်္ဂလိပ်အစိုးရက တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့နယ်မြေ
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ သျှမ်းစော်ဘွားတွေရဲ့ ပြည်ထောင်စု သျှမ်းပြည် (The Federated Shan States)
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ကချင်ဒူဝါတွေရဲ့ ကချင်တောင်တန်းဒေသ (Kachin Hill Tracts)
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ချင်းရမ်အုပ်များရဲ့ ချင်းတောင်တန်းဒေသ (The Chin Hill Tracts)
(၅) သီးခြားလွတ်လပ်ရေးဖြင့် အသိအမှတ်ပြုထားတဲ့ စောဖျာများရဲ့ ကရင်နီပြည် (Karenni States) တို့ပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးနိုးကြားမှု
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဗြိတိသျှအစိုးရဟာ မြန်မာပြည်ကို ဆက်လက်အုပ်ချုပ်သွားနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ ဗမာပြည် မြေပြန့်သားအတွက် စက္ကူဖြူစီမံကိန်းနဲ့ တောင်တန်းဒေသများအတွက် နယ်ခြားဒေသများဆိုင်ရာ စည်းမျဉ်းဥပဒေများ (The Frontier Areas Regulations, 1946) တို့ကို ရေးဆွဲခဲ့ပါတယ်။ သို့သော်လည်း စစ်ကြီးအတွင်းက ကမ္ဘာ့ခေါင်းဆောင်များ ထုတ်ပြန်ကြေညာခဲ့တဲ့ အတ္တလန်တစ်ချာတာ၊ တီဟီရန်ကြေညာစာတမ်းနဲ့ ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ပါ အချက်တွေကြောင့် ဗမာပြည် မြေပြန့်သားနဲ့ တောင်တန်းဒေသခေါင်းဆောင်များဟာ နိုင်ငံရေးအရ နိုးကြားတက်ကြွလာခဲ့ပြီး လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်လာခဲ့ကြပါတယ်။ ပြည်မရဲ့ နိုင်ငံရေးလှုပ်ရှားမှု ဂယက်တွေဟာ သျှမ်းပြည်နဲ့ တောင်တန်းဒေသကို ရိုက်ခတ်လာတဲ့အတွက် သျှမ်းပြည်နိုင်ငံရေးဟာလည်း နိုးကြားလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူမျိုးတိုင်းက ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ကို လက်တွေ့ခံစားလိုခဲ့ကြ ပါတယ်။ သျှမ်းပြည်ကိုလည်း ပဒေသရာဇ် အုပ်ချုပ်ရေးမှသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းဖို့အတွက် နိုင်ငံရေးသမားများက ပြည်သူလူထုကို ချပြစည်းရုံးပြီး လှုံ့ဆော်လာခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး အတ္တလန်တစ်စာချုပ်ကြောင့် ဗြိတိသျှအစိုးရဟာ ကိုလိုနီနယ်မြေအားလုံးကို လွတ်လပ်ရေး အနှေးနှင့်အမြန် ပေးရတော့မှာ ဖြစ်ပါတယ်။ ဗမာပြည်ကို လွတ်လပ်ရေးပေးရန်ရှိသကဲ့သို့ သျှမ်း၊ ကချင်၊ ချင်း စတဲ့ Frontier အုပ်ချုပ်ရေးဒေသများကိုလည်း သီးခြားပြည်ထောင်များအဖြစ် လွတ်လပ်ရေးပေးရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေအောက်မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ တောင်တန်းဒေသများကိုလည်း ဗမာများနဲ့အတူ လွတ်လပ်ရေး အတူတကွယူဖို့ စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။ အဲဒီတုန်းက သျှမ်း၊ ကချင်၊ ချင်း စတဲ့ တောင်တန်းသားတွေဟာ အင်္ဂလိပ်ရဲ့ လက်အောက်က လွတ်မြောက်လိုကြပြီး ဗမာတိုင်းရင်းသားများနှင့်အတူ လွတ်လပ်ရေးကို တောင်းဆိုရင် ပိုမိုမြန်ဆန်စွာ ရရှိလိမ့်မယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။
သမိုင်းဝင်ပင်လုံစာချုပ်
Atlantic Charter ကြောင့် ကိုလိုနီနယ်မြေများ လွတ်လပ်တော့မယ့် အခြေအနေအောက်မှာ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့လေးမှာ ပြည်ထောင်စု သျှမ်းပြည် (Federated Shan States) နဲ့ ကချင်တောင်တန်း၊ ချင်းတောင်တန်းတို့မှ ခေါင်းဆောင်များဟာ သျှမ်းစော်ဘွားတွေက အိမ်ရှင်အဖြစ် ကမကထပြုတဲ့ ပင်လုံညီလာခံ တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး လွတ်လပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလို့လာခဲ့ပြီး ဗမာပြည် မြေပြန့်သားနဲ့ပေါင်းပြီး လွတ်လပ်ရေးယူဖို့အတွက် ပင်လုံစာချုပ်တစ်ရပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ သမိုင်းရဲ့လိုအပ်ချက်အရနဲ့ အဲဒီခေတ်က နိုင်ငံရေးထွက်ပေါက်အရ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီပင်လုံသဘောတူညီချက်များကို ပြန်ပြီး ခြုံငုံသုံးသပ်မယ်ဆိုရင်ဖြင့် သျှမ်းနယ်ရှင်စော်ဘွားများ၊ သျှမ်းပြည်လူထု ကိုယ်စား ရ.ပ.လ အဖွဲ့ချုပ်၊ ကချင်နှင့် ချင်းခေါင်းဆောင်များဟာ လွတ်လပ်ရေးအတူတကွ ယူကြမယ်။ လွတ်လပ်ရေး ယူပြီးကြတဲ့နောက် မြန်မာနိုင်ငံတော်သစ်ကို ထူထောင်တဲ့နေရာမှာ ပြည်ထောင်စုစနစ်အရသာ ထူထောင်ကြမယ်။ အဲဒီပြည်ထောင်စုကြီးဟာ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိရမယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြည့်အဝရှိစေရမယ်။ ပြည်ထောင်စုကြီးကနေ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိရမယ်ဆိုပြီး သဘောတူညီခဲ့ကြတဲ့အတွက် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြတယ်ဆိုတာ လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ဟာ သီးခြား ပြည်ထောင်တွေဖြစ်ကြတဲ့ တောင်တန်းဒေသနဲ့ ဗမာပြည်မြေပြန့်တို့ အဆင့်အတန်းတူ ပူးပေါင်းပြီး အတူတကွ လွတ်လပ်ရေးယူဖို့ ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအနေနဲ့ ပူးပေါင်းခြင်းမဟုတ်ဘဲ သီးခြား ပြည်ထောင်များအနေနဲ့ ပူးပေါင်းခဲ့လို့ ပြည်ထောင်စုအဖြစ် ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ်ဖြစ်မြောက်ရေးအတွက် ပင်လုံညီလာခံမတိုင်မီ နောက်ဆုံး အပေးအယူလုပ်ခဲ့ကြတဲ့ သဘောတူညီချက်များဟာ ပင်လုံစာချုပ်ရဲ့ စာဖြင့်ရေးသားမထားသော သဘောတူညီချက်များ (Unwritten Agreement) ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်၏ အခြေခံမူများ၊ ပင်လုံစာချုပ်ရဲ့ အနှစ်သာရများပဲ ဖြစ်ပါတယ်။ အဲဒီအချက်အားလုံးကို ခြုံပြီးတော့ ပင်လုံစိတ်ဓာတ်လို့လည်း ခံယူခဲ့ကြပါတယ်။ စာချုပ်မှာ မဖော်ပြထားပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့လို့ ရရှိလာတဲ့ သဘောတူညီချက်တွေ၊ စာချုပ်နဲ့ ဆက်စပ်နေတဲ့ သဘောထားတွေ၊ မိန့်ခွန်းတွေ ဆွေးနွေးချက်တွေကိုလည်း ပင်လုံစာချုပ် ပင်လုံပဋိဉာဉ်အဖြစ် အလေးအနက်ခံယူခဲ့ကြပါတယ်။
အနိုင်အရှုံးစာချုပ်မဟုတ်
ပင်လုံစာချုပ်ကြောင့်ပဲ ဗမာပြည် မြေပြန့်သား နဲ့ တောင်တန်းသားများဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်ကြောင့် စစ်မှန်တဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေး အင်အားကို တည်ဆောက်ပေးနိုင်ခဲ့တဲ့အတွက် ဗမာပြည် မြေပြန့်သားနှင့် သျှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် စတဲ့ တောင်တန်းဒေသနယ်မြေများဟာ တပြိုင်တည်း လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများဟာ သီးခြားစီ လွတ်လပ်ရေး ရယူပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ အမျိုးသားနိုင်ငံတော်များ ထူထောင်ခြင်းမပြုခဲ့ဘဲ မိမိတို့ကိုယ်စီ ပိုင်ဆိုင်ထားခဲ့တဲ့ အချုပ်အခြာအာဏာများကို စုပေါင်းလို့ ပြည်ထောင်စုနိုင်ငံတော်အဖြစ် အတူတကွ ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်လုံစာချုပ်အရ ဗမာပြည် မြေပြန့်သားနဲ့ တောင်တန်းသားတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့သလို ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားအချင်းချင်းကြားမှာ စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်မှုကို ရရှိစေခဲ့ပါတယ်။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် တောင်တန်းဒေသတစ်ခုလုံးဟာ လက်နက်အားကိုးဖြင့် ပြည်ထောင်စုအတွင်း အတင်းအကျပ် သွတ်သွင်းခံရခြင်းမဟုတ်ဘဲ တန်းတူရေးမူအရ၊ ပင်လုံစိတ်ဓာတ်အရ၊ ပင်လုံကတိကဝတ်များအရ ပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ဟာ အနိုင်အရှုံးစာချုပ်တစ်ရပ် မဟုတ်ပါဘူး။ တန်းတူရည်တူ ချုပ်ဆိုခဲ့တဲ့ စာချုပ်တစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လုံစာချုပ်အရ ပြည်ထောင်များအချင်းချင်း အတူတကွ လွတ်လပ်ရေးကို ရယူခဲ့တဲ့ အတွက်ကြောင့်လည်း လူမျိုးကိုကိုယ်စားပြုတဲ့ စာချုပ်မဟုတ်ဘဲ နယ်မြေကို ကိုယ်စားပြုတဲ့ စာချုပ်တစ်ရပ်ပဲ ဖြစ်ပါတယ်။
ဗမာကျွန်မဖြစ်စေလို
ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် မိမိရဲ့ပုဂ္ဂိုလ်ရေးအရှိန်အဝါ နိုင်ငံရေးသြဇာကို အသုံးပြုပြီး တောင်တန်းဒေသခေါင်းဆောင်များနဲ့ ပြည်သူလူထုတွေကို ကတိကဝတ်တွေ အများကြီး ပေးခဲ့ပါတယ်။ လူထုအစည်းအဝေးတွေမှာ ညီလာခံတွေမှာ တိုင်းပြုပြည်ပြုလွှတ်တော်မှာ သမိုင်းဝင်မိန့်ခွန်းတွေကို ရဲဝံ့စွာပြောကြားပြီး တိုင်းရင်းသား ခေါင်းဆောင်များနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တောင်တန်းဒေသညီလာခံ စတင်ကျင်းပတဲ့နေမှာပဲ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောတဲ့အခါ ဗမာလူမျိုးတွေက ဗြိတိသျှကျွန် မဖြစ်လိုတဲ့အကြောင်း၊ အဲဒီလိုပဲ တောင်တန်းသားတွေအနေနဲ့လည်း ဗမာကျွန်အဖြစ် မဖြစ်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။
၁၉၄၆ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မြစ်ကြီးနားကို ရောက်တဲ့အခါ ကချင်ဒူဝါတွေက မေးကြပါတယ်။ ကချင်လူမျိုးတွေဟာ လူနည်းစုဖြစ်တယ် ဗမာလူများစုရဲ့ အနိုင်ကျင့်မှာကို စိုးရိမ်တဲ့အကြောင်း ဒါကြောင့် ဖဆပလ အဖွဲ့ချုပ်ကို တာဝန်ယူနိုင်မလားလို့ မေးကြတဲ့အခါ သူ့အနေနဲ့ လုံးဝတာဝန်ယူတဲ့အကြောင်း တကယ်လို့ ဖဆပလ ကို မပြောနိုင်ခဲ့ရင် သူကိုယ်တိုင် ဖဆပလ အဖွဲ့ချုပ်က နုတ်ထွက်ပြီး သီးသန့် ကချင်သမ္မတနိုင်ငံတော် ထူထောင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်သွားမယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗမာများကို အင်္ဂလိပ်က အုပ်ချုပ်တာကို မလိုလားကြောင်း၊ အဲဒီလိုပဲ ဗမာတွေက ကချင်တွေအပေါ် အုပ်ချုပ်တာကို မလိုလားတဲ့အကြောင်း၊ ကချင်တို့ရဲ့ဒေသကို ဗမာများ ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို ကချင်ဒေသကို ကချင်တွေကပဲ လွတ်လပ်စွာ အုပ်ချုပ်ရမှာဖြစ်တယ်လို့ ကတိကဝတ်ပြု ခဲ့ပါတယ်။
အဲဒီနောက် ၁၉၄၆ ဒီဇင်ဘာ ၂၃ မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လွိုင်ကော်မြို့ ဓမ္မာရုံမှာ ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ရောက်လာတဲ့အခါမှာလည်း အင်္ဂလိပ်ပေးထားတဲ့ ကရင်နီပြည်ရဲ့ လွတ်လပ်ရေးဟာ ပြည့်ဝတဲ့ လွတ်လပ်ရေးလို့ မဆိုနိုင်ကြောင်း၊ ဗမာပြည်ရရှိမယ့် လွတ်လပ်ရေးဟာ အပြည့်အဝ လွတ်လပ်မှုရှိမှာဖြစ်ကြောင်း၊ ကရင်နီပြည် အနေနဲ့ ဖွဲ့စည်းတော့မယ့် ပြည်ထောင်စုဗမာနိုင်ငံမှာ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရင် ကရင်နီပြည်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရရှိစေမှာဖြစ်ကြောင်း၊ ကရင်နီပြည်သူပြည်သားတွေကပဲ တိုက်ရိုက်ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိစေမယ်ဆိုတဲ့အကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။
၁၉၄၇ ဇွန် ၁၃ မှာ ကျင်းပပြုလုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် မိန့်ခွန်းပြောတဲ့အခါမှာ ကျနော်တို့ သျှမ်း၊ ကချင်၊ ချင်း တောင်တန်းဒေသသားတွေဟာ အင်္ဂလိပ်နယ်ချဲ့စနစ်အောက်က လွတ်မြောက်ဖို့အတွက် ဗမာပြည် မြေပြန့်သားနဲ့ ပူးပေါင်းသွေးစည်းနေရတဲ့ အချိန်ဖြစ်တယ်။ ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်။ ဉာဏ်လည်းသာတယ်။ ဒီတော့ တစ်နေ့နေ့မှာ မတော်တဆများ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကား လုပ်များနေမလားဆိုပြီး တွေးပူစိုးရိမ်မိတဲ့အကြောင်း ထည့်သွင်းပြောသွားခဲ့သလို ကျနော်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲထွက်လိုပါက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါးကျူးကျော်ခံရလေမလားလို့ စိုးရိမ်တာဟာလည်း ကျနော်တို့ မလွန်ဘူးဆိုတဲ့အကြောင်းနဲ့ အင်္ဂလိပ်ကျွန်ဘဝကနေ လွတ်ပြီး ပခုံးပြောင်းအဖြစ် ဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကို မလိုချင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
ပင်လုံစိတ်ဓာတ်
၁၉၄၇ ဇွန်လ ၁၆ မှာ အဲဒီညီလာခံမှာပဲ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ အနေနဲ့ စိုးရိမ်စရာ အလျဉ်းမရှိကြပါနဲ့၊ မိမိတို့လက်ခံထားခဲ့တဲ့ သဘောတူညီချက်များဟာ not only the letter of agreement သာမကဘဲ the spirit of agreement ဖြစ်တယ်ဆိုတဲ့အကြောင်း၊ မိမိပေးထားတဲ့ ကတိ၊ နားလည်ပြီးတဲ့ သဘောတူညီချက်တွေကို နယ်ချဲ့သမားတွေလို ဖောက်ဖျက်ခြင်းလုပ်မှာ မဟုတ်တဲ့အကြောင်း၊ ဒီလိုပေးထားပြီးတဲ့ ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မှာလားလို့ သံသယရှိနေတဲ့ လူတွေဟာ ကျနော်တို့ရဲ့ sense of honor, sense of self-respect, sense of pride ကို စော်ကားတာနဲ့ အတူတူပဲလို့ ယူဆတဲ့အကြောင်း၊ ကျနော်တို့ ဗမာလူမျိုးစုများဖြစ်တဲ့ လူတွေက ခင်ဗျားတို့ သဘောမတူဘဲ မနေနိုင်တဲ့အခြေအနေမျိုးကို လက်တစ်လုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျနော်တို့က မလုပ်ဘူးဆိုတာကို အတိအလင်း နားလည်ထားစေချင်တဲ့အကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
ဒီဖော်ပြချက်တွေဟာ ပင်လုံစိတ်ဓာတ်ကို မီးမောင်းထိုးပြခဲ့တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ပင်လုံစိတ်ဓာတ် ဆိုတာက ၁၉၄၇ ဖေဖော်ဝါရီ ၁၂ မှာ ပင်လုံမှာ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား အခိုင်အမာ အပြန်အလှန် ကတိပေးခဲ့ကြတဲ့ ကတိကဝတ်များနဲ့ သဘောတူညီချက်များကို လိုက်နာ စောင့်ထိန်းမယ် အတူတကွ အကောင်အထည် ဖော်သွားမယ်ဆိုတဲ့ စိတ်ဓာတ်ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။
၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်အချို့ဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့မှာ အတွင်းဝန်များရုံး၌ အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျဆုံးပြီးတဲ့နောက် ၁၉၄၇ စက်တင်ဘာ ၂၄ မှာ တိုင်းပြည်ပြုလွှတ်တော်ကနေပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြု ပြဌာန်းခဲ့ပါတယ်။ တိုင်းပြည်ပြုလွှတ်တော်မှာ သျှမ်းပြည်က ကိုယ်စားလှယ်တွေဟာ လွတ်လပ်ရေးအတွက် ဇောကြီးနေတာက တစ်ကြောင်း၊ နိုင်ငံရေးအတွေ့အကြုံ နုနယ်သေးတာကတစ်ကြောင်း၊ ဗမာနိုင်ငံရေးခေါင်းဆောင် များအပေါ် ယုံကြည်အားထားမှု လွန်ကဲနေတာက တစ်ကြောင်းတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခပ်လွယ်လွယ်ပဲ သဘောတူခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လွတ်လပ်ရေးအတွက်ပဲ အရေးကြီးနေတဲ့အတွက် တိုင်းပြည်ပြု လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖို့ပဲဖြစ်နေပါတယ်။ ဒါ့အပြင် ၁၉၄၇ အခြေခံဥပဒေမူကြမ်းပါအချက်တွေကို အချေအတင် မဆွေးနွေးနိုင်ခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အချိန်မလုံလောက်ခြင်းပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်လာတဲ့အခါမှာတော့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ လူမျိုးစုတွေအနေနဲ့ ကန့်သတ်ဖော်ပြထားသလောက်ကိုသာ အုပ်ချုပ်ရေးအာဏာရရှိကြပြီး ပင်လုံစာချုပ်ပါ ဆိုလိုရင်းအနှစ်သာရနဲ့ ကွဲလွဲလာခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာတော့ ဖဆပလ အစိုးရဟာ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို လိုက်နာဖို့ တဖြည်းဖြည်း ပျက်ကွက်လာခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားများအကြား အာဏာခွဲဝေမှု မညီမျှခြင်းကြောင့် မကျေနပ်ချက်များ ပေါ်ပေါက်လာခဲ့ပြီး ပြည်တွင်းစစ် စတင် ဖြစ်ပွားခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက အာဏာရရှိထားတဲ့ ဖဆပလ အစိုးရဟာ ဝါဒရေးရာ ပဋိပက္ခတွေကိုလည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုအရေးကို လည်းကောင်း ကျေကျေလည်လည် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြေရှင်းရမယ့်အစား ဗဟိုချုပ်ကိုင်မှုကို အားပြုလျက် အင်အားသုံး ဖြေရှင်းခဲ့ပါတယ်။ နိုင်ငံရေးပြဿနာကို ဆေးမြီးတိုနည်းဖြင့် ဖြေရှင်းခဲ့တဲ့အတွက် ပြည်တွင်းစစ်မီးဟာလည်းပဲ အရှိန်ရလာခဲ့ပါတယ်။
ပြည်ထောင်စုဟန်ဆောင် တစ်ပြည်ထောင်နိုင်ငံတော်
တိုင်းရင်းသားလူမျိုးစုတွေဟာ တန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အားကိုးအားထားပြုခဲ့ပေမယ့်လည်း ဗိုလ်ချုပ်ကျဆုံးသွားတဲ့အခါ အဲဒီ မျှော်လင့်ချက်တွေဟာလည်းပဲ မှုန်ဝါးခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အခြေခံကို တောင်တန်းဒေသ လူမျိုးစုခေါင်းဆောင်များနဲ့ ညှိနှိုင်းပြီး ချမှတ်ခဲ့သော်ငြားလည်း ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရဟာ အသွင်အားဖြင့်တော့ ပြည်ထောင်စု (Federal State) လက်တွေ့အားဖြင့် တစ်ပြည်ထောင် (Unitary State) ဖြစ်တဲ့ အမည်ခံပြည်ထောင်စုဖွဲ့စည်းပုံကိုသာ ရေးဆွဲစေခဲ့ပါတယ်။ လွတ်လပ်ရေး အလျင်အမြန်ရရှိဖို့နဲ့ ခိုင်မာတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ အသားပေးတဲ့ ဗမာ့နိုင်ငံရေးခေါင်းဆောင်များနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက ရေးဆွဲခဲ့ကြတဲ့ ဥပဒေပညာရှင်များဟာ မြန်မာနိုင်ငံရဲ့ လူမျိုးစုရေးရာကိစ္စအပေါ်မှာ လေးလေးနက်နက် စဉ်းစားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။
ဖက်ဒရယ်မူ ခေါ် သျှမ်းမူ
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မူလရည်မှန်းထားသလို ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းပုံမဟုတ်ခြင်း၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုပုံစံမဟုတ်ခြင်း စတဲ့အကြောင်းတရားတွေကြောင့် ပြည်ထောင်စုသက်တမ်း ၁၃ နှစ်ကျော်ကာလအတွင်းမှာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်နယ်ပြည်မ ဆက်ဆံရေးတွေမှာ အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုလာတဲ့အတွက် သျှမ်းခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၆၁ ဇွန်လ တောင်ကြီးမှာပြုလုပ်တဲ့ ပြည်နယ်ပေါင်းစုံညီလာခံကြီးမှာ “ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း” ကို ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းခဲ့ပါတယ်။ ဖက်ဒရယ်မူ ခေါ် သျှမ်းမူလို့ လူသိများပါတယ်။ အဲဒီစာတမ်းမှာ ပါဝင်တဲ့ အဓိကအချက်တွေကတော့
(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး
(၂) ပြည်ထောင်စုလွှတ်တော်နှစ်ရပ်အား အာဏာတူပေးရေး
(၃) လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်း ညီမျှသော ကိုယ်စားလှယ်စေလွှတ်ရေး
(၄) ကြွင်းကျန်အာဏာများကို ပြည်နယ်သို့ လွှဲအပ်ရေး
(၅) ပြည်ထောင်စုဘဏ်ဏ္ဍာတော် မျှတစွာခွဲဝေရေး တို့ပဲဖြစ်ပါတယ်။
ဖက်ဒရယ်မူ ပေါ်ပေါက်လာပုံကို လေ့လာကြည့်တဲ့အခါ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်၊ ပျော့ကွက်ဟာကွက်တွေကို လေ့လာပြီး ပုဒ်မတစ်ခုချင်းစီ ပြင်ဆင်တာထက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲခြင်းက ပို၍ကောင်းမွန်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၆၂ ဖေဖော်ဝါရီ ၂၄ မှာ ရန်ကုန် ပြည်လမ်းရှိ အသံလွှင့်ရုံ၌ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး လူမျိုးပေါင်းစုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီး စဝ်ခွန်ချိုက ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုယ်စား ၎င်းတို့လိုလားတဲ့ ပြည်ထောင်စုမူကို တင်ပြခဲ့ပါတယ်။ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး သျှမ်းခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အဆင့်ဆင့်သော တင်ပြဆွေးနွေးချက်များဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တဲ့ လုပ်ရပ်များသာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဖက်ဒရယ်မူကို တင်ပြတဲ့အထဲမှာ ခွဲထွက်ရေးဆိုတာ တစ်လုံးတစ်ပါဒမှ မပါခဲ့သလို သျှမ်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များရဲ့ ဆန္ဒသဘောထားကို လေ့လာတဲ့အခါမှာလည်း ပြည်ထောင်စုကြီးကနေ ခွဲထွက်လိုတဲ့၊ ပြည်ထောင်စုကြီးကို ပြိုကွဲစေလိုတဲ့ စိတ်ဆန္ဒများ လုံးဝမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုတင်ပြတယ်ဆိုတာကလည်း နိုင်ငံသားများရဲ့ အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါတယ်။
ပြည်ထောင်စုပြိုကွဲရေးမူလား
ဒါပေမယ့်လည်း ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုစစ်စစ်မူကို ပြည်ထောင်စုပြိုကွဲရေးမူ ဖြစ်တယ်လို့ အကြောင်းပြပြီး ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက ပြည်ထောင်စုအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီတိုင်းပြည်အဖြစ် ၁၀ နှစ်ကျော် ရပ်တည်ခဲ့ပြီးတဲ့နောက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်ပယ်ဘောင်အတွင်းကို စစ်တပ်က ဝင်ရောက်ပါဝင်လာတဲ့နောက်ပိုင်း ဒီမိုကရေစီအခြေခံများ ပျက်စီးခဲ့ရပါတယ်။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးလမ်းစဟာလည်းပဲ မှေးမှိန်ပျောက်ကွယ် သွားခဲ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်များဟာ ၁၉၇၄ ဇန်နဝါရီ ၃ ရက်နေ့မှာ တစ်ပါတီအာဏာရှင်စနစ်ကို အခြေခံတဲ့ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီး ၁၉၄၇ အခြေခံဥပဒေနေရာမှာ အစားထိုးလိုက်ပါတယ်။ ဒီမိုကရေစီစနစ် အခြေခံများနဲ့ ဒီမိုကရေစီအနှစ်သာရ မပါရှိတဲ့ ဥပဒေများနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ရာ အာဏာရှင်စနစ်ဟာလည်း ခိုင်မာကြီးထွားလာခဲ့ပါတယ်။
၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီအာဏာရှင်စနစ်ရဲ့အောက်မှာ တိုင်းရင်းသား လူမျိုးစုများ သာမက ပြည်သူလူထုတစ်ရပ်လုံးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ တရားရေးမဏ်ဏ္ဍိုင်တွင် အကျင့်ပျက်ခြစားမှုများ လွှမ်းမိုးလာခြင်း၊ တိုင်းရင်းသားလူမျိုးစုများ ဖိနှိပ်ခံရခြင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အထီးကျန်ဖြစ်လာခြင်း စတဲ့ အထွေထွေ ကျပ်တည်းမှုများနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြည်သူ့လူထုဆန္ဒကို အလေးမပေးတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ ကြီးမားကျယ်ပြန့်တဲ့ လူထုအုံကြွဆန့်ကျင်မှု ပေါ်ပေါက်လာခဲ့ပြီး မဆလ အစိုးရပြုတ်ကျခဲ့ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ မှာ တပ်မတော်က အာဏာသိမ်းယူလိုက်ပြီး တိုင်းပြည်ဟာ စစ်အုပ်ချုပ်ရေးအောက်ကို တဖန်ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ စစ်အစိုးရဟာ ၎င်းတို့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားအခွင့်အရေးကင်းမဲ့နေတဲ့ လူထုဆန္ဒမပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုခဲ့ပါတယ်။ အဲဒီတုန်းက SNLD ပါတီဟာ စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပေမယ့်လည်း တိုင်းရင်းသားအခွင့်အရေးကို လျစ်လျူရှုတဲ့ ညီလာခံဖြစ်တဲ့အတွက် ၂၀၀၃ မှာ ညီလာခံကနေ ထွက်ခွာခဲ့ပါတယ်။
အာဏာရှင်အုပ်စိုးသူ အဆက်ဆက်အောက်မှာ တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ်မှာ ဖြေရှင်းခွင့်မရခဲ့တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို မျက်နှာမူလာခဲ့ကြရပါတယ်။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ စီးပွားရေး၊ လူမှုရေး၊ သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေး၊ ပြည်ပနိုင်ငံရေး စတဲ့ အကြောင်းတရားပေါင်းစုံ ရောယှက်ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အစိုးရအဆက်ဆက်နဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းကို နိုင်ငံရေးနဲ့ စစ်ရေး အမြတ်ထုတ်ဖို့သက်သက်ပဲ ဆောင်ရွက်ခဲ့တဲ့အတွက် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ ပိုမိုရှုပ်ထွေးလာခဲ့ပြီး သိမ်မွေ့အကဲဆတ်လာခဲ့ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အတွေးနှစ်မျိုး
ယနေ့ကာလမှာတော့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ကြမယ့်နေရာမှာ အခြေခံအတွေးနှစ်ရပ်ကို တွေ့ရှိရပါတယ်။ ပထမအတွေးကတော့ လက်ရှိ တိုင်းဒေသကြီး ရ ခုနဲ့ ပြည်နယ် ရ ခုကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ဖြစ်ပါတယ်။ ပထဝီအနေအထားအပေါ် အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပုံစံလို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြည်ထောင်စုပုံစံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ဖြစ်ပါတယ်။
ဒုတိယအတွေးကတော့ ဗမာလူမျိုးတွေအတွက် သီးခြားပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပြည်နယ် ၈ ပြည်နယ် ပါဝင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံလို့ ပြောရမှာဖြစ်ပါတယ်။ ဒီပြည်ထောင်စုပုံစံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးကို ဦးတည်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဖြစ်ပါတယ်။
အဲဒီလို ထူထောင်သွားဖို့ စိတ်ကူးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ဟာ မဖြစ်မနေ ထည့်သွင်းသွားရမယ့် အခြေခံမူများဖြစ်သလို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး တို့ဟာလည်း မရှိမဖြစ် ပါဝင်ရမယ့် အခြေခံမူများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွင်းမှာ မလွဲမသွေပါဝင်ရမယ့် အခြေခံမူများကို ပေါင်းစပ်ကြတဲ့နေရာမှာ အဟန့်အတားဖြစ်နေ တာကတော့ အထက်ကပုံစံနှစ်မျိုးကို အသေဆုပ်ကိုင်ပြီး ရှုမြင်သုံးသပ်နေကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ပြန်လည်ဖော်ထုတ်အပ်သော ပင်လုံစိတ်ဓာတ်
ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဟာ ဒွန်တွဲနေသလို တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်ဘဲနဲ့ ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။ တိုင်းရင်းသားပဋိပက္ခ စတင်ပေါက်ဖွားလာရတဲ့ အကြောင်းတရားကို ခြေရာခံကြည့်တဲ့ နေရာမှာ ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့်ဆိုတာ ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ကျင်းပပြုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးဟာလည်း တောင်တန်းဒေသနဲ့ ဗမာပြည် မြေပြန့်သားအကြား ထားရှိခဲ့တဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ပြီး ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်မယ့် ညီလာခံအဖြစ် ပုံဖော်သင့်ပါတယ်။ အရပ်သားအစိုးရက ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ ပင်လုံစိတ်ဓာတ်ကို ပျက်စီးစေမယ့်၊ ပင်လုံအနှစ်သာရကို ဖုံးကွယ်စေမယ့် ညီလာခံမျိုးမဖြစ်သင့်ပါဘူး။ ပြည်ထောင်စုအဖြစ် ပေါ်ထွန်းလာစေခဲ့တဲ့ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို နိုင်ငံရေးအရ၊ ဥပဒေကြောင်းအရ၊ တရားဝင်မှုကို ပစ်ပယ်ခြင်းသည် ပြည်ထောင်စုကို ဖျက်ဆီးခြင်းပင်ဖြစ်တယ်ဆိုတာကို ဤနေရာမှ တင်ပြလိုပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးရှုထောင့်
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရကတည်းကရင်း ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ နေရာမှာ တစ်ပါတီအာဏာရှင်စနစ်နဲ့ အစားထိုးခံခဲ့ရတဲ့အခါ ဒီမိုကရေစီရှင်သန်ခွင့်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဒီမိုကရေစီအခွင့်အရေးဟာ ကျဆုံးသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံမှာ လွှတ်တော်အသစ်နဲ့ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတယ်လို့ ဆိုပေမယ့်လည်း အရပ်သားအသွင်ပြောင်း စစ်ခေါင်းဆောင်တွေကပဲ အာဏာကို ဆက်လက်ချုပ်ကိုင်ထားခဲ့တဲ့အတွက် ဒီမိုကရေစီရေးဟာ အေးစက်နေခဲ့ပါတယ်။
အံ့ဖွယ်သူရဲအောင်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ကြွေးကြော်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာ နေရာယူထားတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအပြင် နေရာအများစုကို ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ လွှတ်တော်ထဲမှာ အချိန်ကုန်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ ဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့အနေအထားဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြည်သူလူထုကြီးရဲ့ တစ်ခဲနက် မဲပေးရွေးချယ်မှုကြောင့် NLD ပါတီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် အများအပြားမှာ အံ့ဖွယ်သူရဲ အောင်ပွဲကို ရရှိခဲ့ပါတယ်။ တစ်ဖက်ရဲ့ အစီအစဉ်တကျ အကွက်ချထားတဲ့ ကစားပွဲအောက်ကနေ လွတ်ထွက်သွားပြီး တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ NLD ပါတီဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ကို အခြားအင်အားစုများနဲ့ ပူးပေါင်းစရာမလိုဘဲ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ ခြေလှမ်းအစကို စတင်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
စိန်ခေါ်မူကြားက NLD အစိုးရ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မောင်းနှင်မယ့် NLD အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ စိန်ခေါ်မှုများစွာနဲ့ ပြည့်နှက်နေပါတယ်။ တရားဥပဒေစိုးမိုးမှု၊ အကျင့်ပျက်ခြစားမှုနဲ့ တိုင်းရင်းသားအရေးတွေက ဒီိမိုကရေစီနောက်ပြန်လှည့်အောင် ခြိမ်းခြောက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်ရန် အလွန့်အလွန် ခက်ခဲတဲ့ ဥပဒေဖြစ်သလို တိုင်းရင်းသားပြဿနာကို ပိုမိုရှုပ်ထွေးစေတဲ့ ဥပဒေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်ကို အထူးအခွင့်အရေးပေးထားသလို တပ်မတော်ကလည်း ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်နေတဲ့ အခြေအနေအောက်မှာ အရပ်သားအစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ချဉ်းကပ်ရင်း တစ်ဖက်မှာလည်း ဗဟိုချုပ်ကိုင်မှုလျော့ချရေး အစီအစဉ်တွေကို ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
အပယ်ခံတိုင်းရင်းသားဆန္ဒ
စစ်အစိုးရလက်ထက်တုန်းက တိုင်းရင်းသားတွေဟာ မိမိတို့ အမျိုးသားဝတ်စုံကို ဝတ်ပြီး ဆိုကရေးတီးပွဲမှာ ဗမာသီချင်းသီဆိုခိုင်းပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုအဖြစ် ပုံဖော်ခံခဲ့ရသလို ယနေ့အချိန်တိုင်အောင်လည်း တိုင်းရင်းသားစာပေဟာ လမ်းဘေးမှာတောင် ဖော်ပြခွင့်မရသေးတဲ့အခြေအနေဟာ လွန်စွာ ဝမ်းနည်းစရာ ကောင်းပါတယ်။ တိုင်းရင်းသားတွေရဲ့ တည်ရှိမှုနဲ့ အမျိုးသားဂုဏ်သိက္ခာအတွက် စိုးရိမ်ဖွယ်ရာလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ပကတိဆန္ဒကို နားလည်အောင် ကြိုးစားရမှာဖြစ်သလို တိုင်းရင်းသားတွေရဲ့ တရားတဲ့ရပိုင်ခွင့်တွေကို လေးစားအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း နိုင်ငံတည်ဆောက်ရေးမှာ NLD အစိုးရကို ဝိုင်းဝန်းကူညီဖို့ လိုသလို ဒီမိုကရေစီရှင်သန်ရေးနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားဖို့ ကိုလည်း ကြိုးပမ်းအားထုတ်ဖို့ လိုအပ်ပါတယ်။
တိုင်းပြည်ရဲ့ ပကတိအခြေအနေ
မြန်မာနိုင်ငံဟာ ရာစုနှစ်တစ်ဝက်ကျော်လောက် ဒီမိုကရေစီကင်းမဲ့တဲ့ ကာလကို ဖြတ်သန်းခဲ့ရတဲ့အတွက် ကျရှုံးတိုင်းပြည် (Fail State) အဖြစ်ကို ဦးတည်နေပါတယ်။ သဘာဝသယံဇာတတွေ ကုန်ခမ်းလာနေပြီး ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်စာရင်းကနေ ယခုအချိန်ထိ လွတ်မြောက်နိုင်ခြင်း မရှိသေးပါဘူး။ ချွတ်ခြုံကျနေတဲ့ ဒီတိုင်းပြည်အတွက် အခြေခံအဆောက်အဦတွေ မြှင့်တင်ပေးဖို့ အရေးတကြီး လိုအပ်နေသလို လူသားအရင်းအမြစ်တွေက အရည်အချင်း ကျဆင်းနေပြီး Institution တွေက ပျက်စီးနေပါတယ်။ မျိုးချစ်စိတ်ဓာတ်တွေ အလွန်အမင်း ဖောင်းပွနေပြီး ပြည်ထောင်စုစိတ်ဓာတ်တွေ ကင်းမဲ့နေပါတယ်။ တစ်တိုင်းပြည်လုံး အကျင့်ပျက်ခြစားမှု တွေက နေရာတိုင်းမှာ ခိုင်မာအားကောင်းနေဆဲ ဖြစ်ပါတယ်။
ပြည်ထောင်စုအရေး အလေးပေး
ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု တည်ငြိမ်ချောမွေ့စေဖို့အတွက် တိုင်းရင်းသားများက ပါဝင်ကူညီဖို့ လိုပါတယ်။ နိုင်ငံရေးအင်အားစုအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားအားလုံးက အားပေးဖို့ လိုပါတယ်။ ဒါမှသာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ပြည်ထောင်စု အမွေကောင်းတွေကို ချန်ထားရစ်နိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးနဲ့ လူမျိုးတစ်မျိုးကြား ပဋိပက္ခတွေကို ချန်ထားရစ်တာထက် သာယာဝပြောတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက် တရားမျှတမှု၊ တန်းတူမှုဆိုတဲ့ ရေခံမြေခံကောင်းတွေကို ချန်ထားခဲ့ကြဖို့ လိုအပ်နေပါတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
စိုင်းနေမင်း(ဆောင်းပါးရှင်)
Tags: Feature