တိုင်းရင်းသားလူငယ်များ ကွန်ယက်မှ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဂေါက်ကလပ် ဟိုတယ်၌ ပထမအကြိမ် တိုင်းရင်းသား လူငယ်များ ကွန်ယက်မှ ကမကထ ပြုပြီး ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။


အဆိုပါ ငြိမ်းချမ်းရေး နှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ (သို့) ၂၁ ရာစု ပင်လုံညီလာခံကို မှန်မှန်ကန်ကန် သုံးသပ်ဆွေးနွေးခြင်း ၊ ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ပတ်သက်သော ဆွေးနွေးသုံးသပ်ခြင်းများကို ဂျူလိုင် (၁၁ နှင့် ၁၂) နှစ်ရက်သာ ဆွေးနွေးသွားမည်ဟု တိုင်းရင်း သားလူငယ်များ၏ အလုပ်အမှုဆောင် စိုင်းအောင်မြင့်ဦး ကပြောသည် ။


“ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဘယ်လိုသွားမလဲ၊ ဘယ်သူတွေပါဝင်ကြမလဲ ၊ အဲ့ဒါတွေပြန် သုံးသပ် တယ် ။ နောက်တစ်ခုက ၂၁ ရာစု ပင်လုံညီလာခံမှာ အရပ်ဘက် အဖွဲ့ အစည်းများရဲ့ အခန်း ကဏ္ဍကိုဆွေးနွေးကြတယ် ။ ပြီးတော့ ငြိမ်းချမ်းရေးနဲ့ဖက်ဒရယ် အပိုင်းကိုလည်း ကျနော်တို့က ဆွေး နွေးကြပါတယ် ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေလုပ်နေကြတယ် ။ ပြည်သူလူထုမမေ့အောင် ပြန်သုံးသပ်တာပါ” ဟု ၄င်းကပြောသည် ။


ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ဆိုသည့်ခေါင်းစဉ် ထည့်သွင်းဆွေးနွေးရခြင်းသည် လက်ရှိဖြစ်ပွါး နေသော တိုင်းရင်းသားအချင်းချင်းကြား အမြင်လွှဲမှားမှုမျိုး ရှေ့ဆက် ဆက်လက်မရှိစေရန် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ပွဲဖြစ်မြောက် ရေးကော်မတီဝင် မိုင်းမျိုးအောင် ကပြောသည် ။


“ လက်ရှိသျှမ်း ၊ မြောက်မှာ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ကြား အမြင်လွှဲမှားတဲ့ အပိုင်းရှိတာ ပေါ့နော် ။ ဒီလိုမျိုး အမြင်လွှဲမှားမှုမရှိအောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်နိုင်အောင် စည်းစည်းလုံးလုံးနဲ့ နေနိုင်မှသာလျှင် ကျနော်တို့တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်တွေ ရနိုင် မှာဖြစ်တယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရခြင်းဖြစ်တယ် ” ဟု ၄င်းကပြောသည် ။


 ငြိမ်းချမ်းရေး နှင့်ဆိုင်သော အလုပ်ရုံဆွေးနွေးပွဲသို့ သျှမ်းပြည်မြောက်ပိုင်းမှ ကချင် ၊ သျှမ်း ၊ တအာင်း ၊ လားဟူ ၊ မြောင်ဇီး ၊ ကိုးကန့် ၊ ဝ ၊ လီဆူ စသည့် တိုင်းရင်း သားပေါင်း ၈ မျိုးခန့်တက်ရောက်ပြီး ပါတီ တွေပါဝင်များ ၊ လူငယ်များ ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ ၊ အမျိုးသမီးအဖွဲ့များ စသည့် လူထုအခြေပြုအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား ၁၀၀ ခန့်တက်ရောက်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates