မိုင်းယော်တွင်ပစ်သတ်ခံရသူ ၇ ဦးအနက် အမည်မသိသေးသည့် ၂ ဦးသည် လားရှိုးဒေသခံ ညီအကိုဖြစ်နေ ကျန်ရစ်မိသားစုများ ရဲစခန်းသို့အမှုဖွင့်
လားရှိုးမြို့နယ် မိုင်းယော် တိုက်နယ် တွင် ပစ်သတ်ခံရသည့် လူ ၇ ဦးအနက် အမည်မသိသည့် ကျန် အလောင်း ၂ လောင်းသည် ဆိုင်ခိုက်ကျေးရွာအုပ်စု နမ့်ယော်(နန်းမျှော်) ကျေးရွာသား ဖြစ်သည်ဟု မိသားစုများက အတည်ပြုပြီး လားရှိုး ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းထားသည်ဟု ကြားသိရသည် ။
သေဆုံးသူ စိုင်းလ ( ၄င်း၏ဇနီးနှင့်သားနှင့်အတူ တွေ့ရစဉ်) |
“ သေဆုံး သူ နှစ်ဦးလုံးက ဝတ်ထားတဲ့ အဝတ်တွေ ၊ ဖိနပ်တွေကို ကြည့်ရင်တော့ ကျမတို့ရွာကဆိုတာ သေချာပြီ ။ ကျမတို့ အမျိုးတွေလေ ။ သူတို့ကလူကောင်းပါ ။ သူတို့ကို တရွာလုံး ကသိကြပါတယ် ။ ဒီကလေးတွေက လူကောင်းပါ ။ သူတို့ပစ်သတ်ခံရတယ်။ အလောင်းသေချာမမြှုပ်ထားလို့လေ ။ ရဲတွေ နဲ့ ဒီကနေ့ထပ်သွားကြည့်ဖို့လုပ်နေတယ် ” - နမ့်ယော်ကျေးရွာ အကြီးအကဲ၏ဇနီးက ပြောသည် ။
အဆိုပါ အလောင်း ၂ လောင်းအား ဂျူလိုင် ၃ ရက်နေ့က ရွာသားများက ပထမ အကြိမ်သွားရောက် ကြည့် ရှုပြီး၊ ဂျူလိုင် ၄ ရက်နေ့က ရဲစခန်းသို့ ပထမ ဆုံးအကြိမ် သွားရောက်တိုင်တန်းခဲ့ကြောင်း ၊ ဂျူလိုင်လ ၆ ရက် ယနေ့တွင်မူ တရားဝင်စစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့ဝင်များ နှင့် ထပ်မံသွားရောက်စစ်ဆေးခဲ့ကြောင်း သွားရောက်သူတဦး ကပြော သည် ။
သေဆုံးသူ နှစ်ဦးသည် ဆိုင်ခိုက်ကျေးရွာအုပ်စု နမ့်ယော်ကျေးရွာသား စိုင်းနော်တင့် အသက် ၃၃ နှစ်၊ စိုင်းလှ အသက် ၃၀ နှစ် တို့ ညီအစ်ကို ဖြစ်သည် ။ ၎င်းတို့ မိဘသည် နမ့်ယော်ကျေးရွာနေ စိုင်းဆန် အောင် နှင့် နန်းအေးအမ် တို့ ဖြစ်သည်ဟုသိရသည် ။
“ ကျနော်တို့ ဆီလာတိုင်တာရှိတယ် ။ ကွင်းစစ်ဆေးပေးဖို့လဲ တာဝန်ရှိသူတွေ ပြင်ဆင်နေတယ်လို့သိရ တယ် ။ ”- ဟု လားရှိုးမြို့ ရဲ အရာရှိငယ် တဦးကပြောသည် ။
“ လိုတာတွေ ကျနော် ဝိုင်းလုပ်ပေးနေတယ် ၊ ၃ ရက်နေ့ တုန်းကလဲ ရဲစခန်းကို အတူသွားတယ် ။ နမ့် ယော် ကျေးရွာက ကျန်ရစ်တဲ့ မိဘဆွေမျိုးတွေက မိုင်းယော်မှာသေတဲ့ သူနှစ်ဦးကသူတို့ရွာက ဆိုတာ သေချာတယ်တဲ့ ” - ဟု လားရှိုးခရိုင် အမျိုးသား လွှတ်တော် အမတ် စိုင်းဝမ်းလျဲန်းခမ်း က ပြောသည် ။
သေဆုံးသူ စိုင်းနော်တင့် နှင့် စိုင်းလှ တို့ညီအကိုသည် ညီဖြစ်သူစိုင်းလှ ၏ (အိမ်ထောင်ကွဲနေသည့်) အမျိုးသမီး ၊ မိုင်းယော် - မိုင်းကျက် ကြားရှိ ပန်လျှော် (ပ္ဂင်္လြဝ်) ကျေးရွာသူ - ဆိုင်းမိုင် အား ပြန်ခေါ်ရန် လားရှိုးမြို့မှ ဆိုင်ကယ် ဖြင့် ပန်လျှော်ရွာအသွား မိုင်းယော် အဝင် တွင် ဂျွန် ၂၅ ရက်နေ့က ပစ်သတ်ခံရခြင်းဖြစ်သည် ။
လားရှိုးမြို့နယ် မိုင်းယော် ဒေသခံ ၇ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာအစိုးရ တပ်မတော်၏ လက်ချက်ဟု ဒေသခံများကပြောဆိုနေကြသော်လည်း အစိုးရ တပ်မတော်ပိုင် မြဝတီ သတင်းစာတွင်မူ ပြီးခဲ့သည့် ဂျွန် ၂၅ -၂၆ ရက်နေ့ က မြန်မာ့တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက် ပွဲဖြစ်ပွားပြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် TNLA တပ်သား ၇ ဦးအား မြေမြှုပ်ပေးခဲ့ သည်ဟု ရေးသားဖော်ပြထားသည် ။
Tags: Human Right, News