နမ္မတူဒေသခံများ လယ်ယာအသွားအလာ လမ်းတွင် ထောင်မှိုင်း နင်းမိ - ၁ ဦးသေ ရ ဦးဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ဒေသခံရွာသား မိုင်းနင်းမိရာ ရ ဦးဒဏ်ရာပြင်းထန်ပြီး ၁ ဦးမှာပွဲချင်းပြီးသေဆုံးကြောင်း သိရသည် ။
မန်စံဆေးရုံရောက် ဒဏ်ရာရ ရွာသားများ |
“နမ့်ပိုင် ၅ ဦး၊ နားကျိုင်းရွာ ၃ ဦး ၊ ကွန်ကျောင်း ၂ ဦး၊ ပိန်းလုံရွာသား ၂ ဦး ၊ နားကျဲရွာ ၄ ဦး ။ နမ့်ပိုင်က စိုင်းကျော်သောင်း ပွဲချင်းပြီးသေတယ် ။ ဒဏ်ရာရသူ ရ ဦးပေါ့ ။ ဒဏ်ရာပြင်းထန်သူ ၃ ယောက် တော့ လားရှိုးဆေးရုံကို ပို့လိုက်တယ် ။ ဒဏ်ရာသိပ်မပြင်းတဲ့ နမ့်ပိုင်ရွာသား ၃ ယောက်နဲ့ နားကျဲ ၁ ယောက်ကတော့ မန်စံတိုက်နယ်ဆေးရုံမှာဘဲရှိသေးတယ် ။ နားကျဲက စိုင်းဆန်လူ မျက်လုံးတဖက် မမြင်ရတော့ဘူးပြောနေတယ် ။ ” ဟု စိုင်းခမ်းကပြောသည် ။
ဒဏ်ရာပြင်း ၃ယောက်မှာ စိုင်းအောင်မြင့် နားကျိုင်းရွာ (အသက်စိုးရိမ်ရ) စိုင်းဆန်လူ နားကျဲရွာ (မျက်လုံးထိ) စိုင်းမောင်အေး ပိန်းလုံရွာ (ရင်ပတ်နှင့်လည်ပင်းမှာထိ) တို့ဖြစ်ကြောင်းဆိုပါသည် ။
အဆိုပါရွာသား ၁၇ ဦးမှာ ဂျူလိုင်လ ၆ ရက်မနက်ပိုင်းက နမ္မတူမြို့နယ်တောင်ဘက် နမ့်ပိုင်ရွာနှင့် နားကွန်ရွာကြား (နားကွန်မရောက်ခင် ကောင်းထွမ်ရွာအထွက်တွင်) ထောင်ထားသော ကြိုးမိုင်း နင်းမိရာမှ သေကြေဒဏ်ရာရရှိသွားခြင်းဖြစ်သည် ။
ဒဏ်ရာရရှိသူများမှာ စိုင်းအောင်မြင့်( နားကျိုင်း ) ၊ စိုင်းမောင်အေး ( ပိန်းလုံ ) ၊ စိုင်းဆန်လူ (နားကျဲ) ၊ စိုင်းဆန်ကျော် ( နမ့်ပိုင် ) ၊ စိုင်းဆန်စိုင်း ( နမ့်ပိုင် ) ၊ အိုက်ကျိုင်း (နမ့်ပိုင် ) တို့ဖြစ်ကြပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည် ။
အတည်ပြုချက်မရသေးသည့်သတင်းအရ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ထံသို့ စား နပ်ရိက္ခာ ထောက်ပံ့ရန်အသွား လျှော့တိုက်ထောင်မှိုင်းနင်းမိခြင်းဖြစ်ကြောင်း ၊ ၄င်းတို့နှင့် အတူ ပါလာသည့် RCSS/SSA စစ်ကြောင်း မှ ရဲဘော်တဦးလဲ ထိခိုက်သေဆုံးကြောင်း ၊ ထို ဒေသ အတွင်း တအာင်း (ပလောင်) TNLA တပ်ဖွဲ့ လည်း မကြာခဏ လှုပ်ရှားသွား လာသည်ကို တွေ့ရကြောင်း ၊ မကြာခင်ရက်ပိုင်းကပင် ၄င်းတို့အဖွဲ့ကို တွေ့ရှိရကြောင်း ရွာသားများ ပြောပြ ချက်အရသိရသည် ။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ RCSS/SSA အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရှိသေးပေ ။
ဒဏ်ရာရရှိသူများအား ဒေသတွင်းလူငယ်အဖွဲ့ ၊ နိုင်ငံရေးပါတီများနှင့် ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးတို့မှ ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည် ။
နမ္မတူမြို့နယ်အတွင်းတွင် ဒေသတွင်း အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှုများ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ခိုက်မှုများ မပြတ်ဖြစ်ပွါးနေသည့် ဒေသဖြစ်ပါသည် ။
Tags: News, War