ငြိမ်းချမ်းရေးနှင့် အမျိုးသမီး ကဏ်ဏ္ဍ သတင်းရေးသားခြင်းသင်တန်း ဖွင့်လှစ်လျက်ရှိ
NGO အဖွဲ့အစည်း တစ်ခုဖြစ်သော အင်တာနျူးစ်က စီစဉ် ဖွင့်လှစ်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကဏ်ဏ္ဍ သတင်းရေးသားနည်းသင်တန်းကို ရန်ကုန်မြို့ရှိ ၊ ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ Excel Crystal Jade Restaurant တွင် ဂျွန်လ ၂၇ ရက်က စတင် ပြုလုပ်သည် ။
အဆိုပါ သင်တန်းကို ဂျွန် ၂၇ ရက်မှ ဂျူလိုင် ၈ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး ၁၁ ရက် ကြာမြင့်မည် ဖြစ်သည် ။
ယင်းကဲ့သို့ သင်တန်း ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး အင်တာနျူးစ်၏ သတင်းစာပညာ အကြံပေး ဦးမြင့်ကျော်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးတွေ ဆွေးနွေးပွဲတွေမှာ အမျိုး သမီး တွေပါဝင်မှု ၊ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားမှုကြောင့် အမျိုးသမီးတွေအပေါ် အကျိုးသက် ရောက်မှုတွေနဲ့ ဖြေရှင်းရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ်ဏ္ဍတွေကို သေချာစွာနားလည်ပြီး သတင်း ရေးသားနိုင်အောင် အဲတာ အဓိကရည်ရွယ်ချက်ပါပဲ ” ဟု ပြောသည် ။
သတင်းသမားတွေအတွက် ငြိမ်းချမ်းရေးလမ်းစဉ်နှင့်ပတ်သက်ပြီး လက်ရှိ အခြေအနေ အပေါ်တင်ပြနိုင်ရန် ၊ အမျိုးသမီး Gender နှင့် ၄င်းတို့ပါဝင်နေရရာရှိလာရေး အဓိကအရေးပါပုံအစရှိ သတင်းများဖြန့်ဝေနိုင်ရန် ရည်ရွယ် သည်ဟု ၄င်းက ဆက်ပြောသည် ။
အဆိုပါ သင်တန်းသို့ တက်ရောက်နေသော ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့မှ သတင်းထောက် တစ်ဦးဖြစ်သူ ကိုဇေယျာမင်းက နိုင်ငံအတွက် အလွန်လိုအပ်နေသော ငြိမ်းချမ်းရေးလုပ်ဆောင် ချက်များ တွင် မီဒီယာအခန်းကဏ်ဏ္ဍအဖြစ် ငြိမ်းချမ်းရေးသတင်းဆောင်းပါးများရေးသားခြင်းဖြင့် လုပ်ဆောင်လိုသောကြောင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်း ကရရှိသော အချက်အလက်များကို အခြေခံကာ တိုင်းရင်းဒေသအသီးသီးမှာ တိုင်းရင်းသားပြည်သူ တို့ရဲ့ လိုအပ်ချက်များကို ရေးသားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည် ။
သင်တန်းသူတဦးဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းဘက် တိုင်းလိုင် သျှမ်းနီအသံ အဖွဲ့မှ နန်းနွယ် ကလည်း - “ ဒေသမှာ အမျိုးသမီတွေအတွက် ဥပဒေ ဆိုတာလဲ မရှိသလိုပေါ့ ။ မငြိမ်းချမ်းတဲ့နယ်မြေ ဆိုတော့ လူခွင့်အရေးချိုးဖောက်ခံရတာ အများကြီးရှိတယ် ၊ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်လာ တာက နည်းပါတယ် ။ ဒီသင်တန်းကနေပြီးရင် ကျမတတ်နိုင်သလောက် အမျိုးသမီးနဲ့ငြိမ်းချမ်းရေး အကြောင်း လေးတွေကို အပါတ်စဉ် ပါ ဖြစ်အောင်တော့ ကြိုးစားသွားမှာပါ ၊ ကျမတို့ နယ်ဘက်မှာက လက်နက်ကိုင်တွေများတယ် ။ ဟိုတုန်းကလဲ ရာအိမ်မှူး အမျိုးသမီး အသတ်ခံရတယ် ခုထိ တရားခံ ကို ဥပဒေ အရအရေး ယူပေးတာ မရှိဘူး ” ဟု ပြောသည် ။
သင်တန်းမှာ ၂ ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားများအား ဒေသဘက်နယ်ဘက်သို့ ခရီးထွက်ကွင်းဆင်းမှုများ ရှိမည်ဖြစ်ကြောင်း ၊ လက်ရှိသင်တန်းသည် ၂၀၁၆ ခုနှစ်အတွင်း ပထမ သင်တန်းဖြစ် ကြောင်း ဦးမြင့်ကျော်က ဆက်ပြောသည် ။
အင်တာနျူးစ်သည် သတင်းနှင့်မီဒီယာ ဖွံဖြိုးရေးလုပ်ငန်းများတွင် အဓိကကူညီပံ့ပိုးနေသော နိုင်ငံ တကာ NGO အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၂ ခုနှစ်ခန့်က စတင်ကာ ထိုင်းနိုင်ငံတွင် မီဒီယာနှင့် ပတ်သက် သည့် သင်တန်းများ သင်ကြားပေးခဲ့သည် ။ ၂၀၁၂ ခုနှစ် နောက်ပိုင်း မြန်မာ ပြည်တွင်းဝင် ရောက်ရုံးဖွင့်လှစ်ခဲ့ပြီး မီဒီယာဖွံ့ဖြိုးရေးသင်တန်းနှစ်စဉ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည် ။
Tags: Education, News