ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအတွက်ကြိုးပမ်းမှု အမျိုးသမီးပါဝင်မှုအားနည်းနေသေး ငြိမ်းဖောင်ဒေးရှင်းထောက်ပြ



ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအတွက်ကြိုးပမ်းမှုတွင် အမျိုးသမီးပါဝင်မှုအားနည်းနေသည့်အပေါ် အမျိုးသမီးအရည်အချင်းမြင့်တင် ပေးရန်လိုအပ်နေကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် လူမှုပေါင်းစည်းရေး အစီအစဉ်ကပြောဆိုလိုက်ပါသည် ။


“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုကြည့်မယ်ဆိုရင်  ၁၉၆၇ ကနေ ၁၉၉၇ အထိပေါ့နော် ကျမတို့  အမျိုးသမီးတွေကနေ တိုင်းရင်းသားအဖွဲ့နဲ့ နိုင်ငံတော်အစိုးရ ငြိမ်းချမ်းရေးရဖို့ အတွက် ကြိုးစားခဲ့တယ် ။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးမှာပါဝင်နိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကြိုးစားလာခဲ့တယ် ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပါဝင်ဖို့အခွင့်အလမ်းမရနိုင်ခြင်းကြောင့် ကျမတို့ကြိုးပမ်း ချက်က အားရဖွယ်ရာရလာဒ် မရှိခဲ့ဘူး ။ ၁၉၉၇ ခုနှစ် နောက်ပိုင်းကနေ ၂၀၁၀ ခုနှစ် အတွင်းမှာတော့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် လမ်းတွေပွင့်လာတယ်ပြောရမှာပေါ့နော် ။  နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့ ကြားထဲမှာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှု တော်တော်လေးအားကောင်းလာတယ် ။ အောင်မြင်မှု တွေလည်းရရှိလာတယ် ။  ရှေ့ဆက်လည်း ဒီထက်မက ပါဝင်လာနိုင်အောင် ကြိုးစားရမယ် ။ အမျိုးသမီးအရည်အချင်း ပိုမိုမြင့်တင်ရမယ် ” ဟု  ငြိမ်းဖောင်းဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် လူမှုပေါင်းစည်းရေး အစီအစဉ် မန်နေဂျာ ဒေါ်နန်းရှန်ကပြောသည် ။


ဂျူလိုင်လ ၆ ရက်က Royal Park Hotel တွင်ကျင်းပသော အင်တာနျူးစ်၏ အမျိုးသမီးနှင့်မီဒီယာ ဖိုရမ်တွင်   ဒေါ်နန်းရှန် ကပြောဆိုလိုက်သည် ။


ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးအပိုင်းတွင်  အမျိုးသမီး ပါဝင်မှုများပြားလာပြီဖြစ်ကြောင်း ၊ ထို့ကြောင့် “  ငြိမ်းချမ်းရေး ကဏ်ဏ္ဍတွင် အမျိုးသမီးအင်အားအများအပြားပါဝင်လာနိုင်အောင်ဆွဲခေါ် လေ့ကျင့်အရည်အချင်းဖြည့်ရမည်ဖြစ်ပြီး နိုင်ငံရေး အဆင့်ဆင့်တို့တွင်လည်း အမျိုးသမီးများ ပါဝင်လာသင့်ကြောင်း ” သျှမ်းအမျိုးသမီးရေးရာ  လှုပ်ရှားဆောင်ရွက်ရေးအသင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ယိင်းဟန်ဖ က ပြောသည် ။


“ ကမ္ဘာပေါ်မှာ အမျိုးသမီးရဲ့ဦးရေ က အမျိုးသားဦးရေထက်များတယ် ။ အမျိုးသမီးရဲ့ အခက်အခဲတွေ အမျိုးသမီးတွေဘဲ သိတယ် ။ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး  စတာတွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက်  မကျွမ်းကျင်ဘူး ။ မြန်မာ နိုင်ငံဟာ အရင်တုန်းက  အမျိုးသားတွေပဲ  ဦးဆောင်လာတယ် ။ အခုလည်း အမျိုးသားတွေဦးဆောင်မှုအခန်းမှာ အများကြီး နေရာ ယူထားတယ် ။  ဒီနေ့ခေတ်မှာ တကယ်လို့ အမျိုး သမီးတွေကို ဒီဦးဆောင်မှုအပိုင်းတွေမှာ ပါဝင်ခွင့်ပေးလာမယ်ဆိုရင်တော့ အမျိုးသမီး တွေတိုးတက်မြှင့်မားရေး ဦးဆောင်ဦးရွက် လုပ်နိုင်မှာဖြစ်သလို နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက် တစ်လမ်းနေပြီး ကူညီဆောင်ရွက်သွားနိုင် မယ်လို့ ယုံကြည်တယ် ။ ”  ဟု   ယိင်းဟန်ဖ က ပြောသည် ။


မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်အရေအတွက်သတ်မှတ်ထားခြင်းမရှိ၊ လမ်းဖွင့်ပေးထားကြောင်း ၊ လက်ရှိ တောင်းဆိုမှု ၃၀  ရာခိုင်နှုန်းထက်မက ၁၀၀ ရာခိုင်နှုန်းပါဝင်သင့်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က  စိုင်းညွန့်လွင် က ပြောသည် ။


အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုပပျောက်စေရေး သဘောတူစာချုပ် (CEDAW) ကို မြန်မာအစိုးရက ၁၉၉၇ ခုနှစ်က ပါဝင် လက်မှတ်ရေးထိုးခဲ့ပါသည် ။


၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းမှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ  ၅၁ သန်းကျော် ရှိပြီး အဆိုပါ အရေအတွက်၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates