မိုင်းယော်ရွာသားများအားသတ်ဖြတ်သည့်တပ်မတော်သားအား စစ်ခုံရုံးဖြင့်စစ်ဆေးပြစ်ဒဏ် ပေးသွားမည်ဟုဆို



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု၌ ဒေသခံ ရွာသားများ သတ်ဖြတ်ခံရသည့် ကိစ္စ နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဝန်ခံခဲ့ကြောင်း သိရသည် ။


သတင်းစာ ရှင်းလင်းပွဲကို ဂျူလိုင် ၂၀ ရက်နေ့တွင် ပြုလုပ်ပြီး စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က  - မိုင်းယော် ရွာသား ၅ ဦး သတ်ဖြတ်ခံရမှုအား  တပ်မတော်ဘက်မှ  စစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ စည်းကမ်းနှင့် မကိုက်ညီ သော အချက်အလက်များ တွေ့ရှိရသည့်အတွက် ဆက်လက်စစ်ဆေးနေကြောင်း  နှင့် စစ်ဆေးတွေ့ရှိချက်များအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် - ဟု ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည် ။


လားရှိုးခရိုင် အမျိုးသားလွှတ်တော် စိုင်းဝမ်းလျန်း က -  “ ဒါကတော့ သူတို့လည်း တကယ်မှားတော့ ဝန်ခံသင့်တယ် ။ ဒါပေမယ့် ဝန်ခံလို့ လည်း မပြီးဘူး ။ တရားဥပဒေနဲ့အညီ သူတို့လုပ်မယ် ။ သူတို့လူကို အရေးယူမယ်ဆိုတော့ ကောင်းတာပေါ့ ။ သေသွားတဲ့ ရွာသားတွေရဲ့ မိဘဘက်ကလည်း တော်တော် ဒုက္ခရောက်တယ် ။ သူတို့သားက မိသားစုအားလုံးကို လုပ်ကျွေးရှာကျွေးတာ ဒီလို သေသွားတော့ မိသားစုအတွက် များစွာ နစ်နာဆုံးရှုံးရတယ် ” ဟု ၄င်းကပြောသည် ။  


တပ်မတော်ဘက်မှ လူ့အခွင့်အရေးချိုးဖောက်ပြီး ပြန်လည်ဝန်ခံသည်မှာ သမိုင်းတွင် မရှိသေးကြောင်း နှင့် မိုင်းယော်ဒေသခံများ ဘက်ကလည်း အပြစ်မဲ့ ပြည်သူများ သေသွားသည့် နှင့် ပတ်သက်ပြီး ရှုတ်ချ ကန့်ကွက်ကြောင်း စိုင်းဝမ်းလျန်း ကပြောသည် ။


သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရခြင်း ၊ ဒေသတွင်း လူငယ် နှင့် ခရီးသွားများ ဖမ်းဆီး ခံရခြင်း ၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း နှင့် ဂျွန်လ ၂၅ ရက်နေ့တွင် လားရှိုးကျေးလက်ဒေသခံများ ရ ဦး ပတ်ခတ်ခံရမှုအပေါ် ကြောင်းပြုကာ ဂျူလိုင် ၁၆ ရက်နေ့က လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံလူထု ၁၂၀၀ ကျော် စုပေါင်းကာ ငြိမ်းချမ်းစွာဖြင့် ချီတက် ဆန္ဒပြ မှုပြုလုပ်ခဲ့သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates