၂၁ ပင်လုံတွင် အားလုံးမပါဝင်ပါက အကျပ်အတည်းတွေ့နိုင်ဟု ဦးခွန်ထွန်းဦးပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပမည်ဟုဆိုထားသော ၂၁ ရာစု ပင်လုံညီလာခံတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU မှ ဦးဆောင် ကျင်းပသည့်သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအင်အားစုများ ပါဝင်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် ယနေ့ စတင်ကျင်းပသည် ။
ယနေ့ကျင်းပသော ဆွေးနွေးပွဲတွင် ဖက်ဒရယ်တွင် အခြေခံရမည်ပုံစံများ ၊ လုံခြုံရေးကဏ္ဍ ၊ မြေယာစီ မံခန့်ခွဲမှု များနှင့် ပတ်သက်၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ ၊ အရပ်ဘက်အဖွဲ့အစည်း များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များတင်ပြခဲ့ကြသည် ။
“၂၁ ရာစု ပင်လုံဆိုတာ ဘာလဲဆိုတာ မသိကြတာက ခက်နေတာ အဲလိုပဲဖြစ်လိမ့်မယ်။ ဝိရောဓိက တပ်နဲ့ NLD ပဲ ။ ဒေါ်စုကတော့ အကုန်ပါရမယ် ။ တပ်ကတော့ မပါရဘူးပေါ့ ။ အဲဒီကွာခြားချက် တော်တော်ကြီး တယ် ။ မပါဘူးဆိုရင် ပွဲကခက်မယ်ထင်တယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌခွန်ထွန်းဦးက ပြောသည် ။
ဆွေးနွေးပွဲတွင် လွန်ခဲ့သည့်အပတ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက် ကိုင်များ တွေ့ဆုံခဲ့မှု ၊ တပ်ချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့မှုများအပေါ် တွင်လည်း ပြန်လည် သုံးသပ် မှုများရှိခဲ့ကြောင်းသိရသည် ။
" နာမည်က ပင်လုံနာမည်နဲ့ဖြစ်နေတော့ ပွင့်ပွင့်လင်းလင်းမေးကြတယ်ပေါ့လေ ။ နောက် တိုင်းရင်းသား လက်နက်ကိုင်တွေဆွေးနွေးကြမဲ့ မိုင်ဂျာယန် ( ကေအိုင်အေ ထိန်းချုပ်နယ်မြေက ) ညီလာခံနဲ့ပတ် သက် တာ လည်းပါတယ် ။ ဒေါ်စုကတော့ဖြစ်နိုင်ရင် ပြည်တွင်းမှာပဲလုပ်စေချင်တာပေါ့လေ ။ ပင်လုံ နာမည်ပါတော့ တခြားခွဲထွက်ကိစ္စတွေ ဘာတွေ ဆွေးနွေးလာတာတွေလည်းဖြစ်မှာ စိုးရိမ်တယ်ဆိုတဲ့ သဘော ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သူတွေ ပြန်တင်ပြတာရှိတယ် ။ တပ်ချုပ်ကတော့ ကောင်း မယ်ထင်ရင် လုပ်ပေါ့လေ ။ ဒါပေမဲ့ မကောင်းပဲ တစ်မျိုးမျိုးဖြစ်ကုန်ရင်လည်း အချိန်ကုန်နိုင်တယ်ဆိုတဲ့ သဘောတော့ ပြောလာတယ်။ အဲဒီအပေါ် ဆွေးနွေးကြတာတွေရှိတယ် " ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် သျှမ်းလူငယ်ကွန်ယက်မှ စိုင်းအောင်မြင့်ဦးကပြောသည် ။
ဆွေးနွေးပွဲကို မနက်ဖြန် ဇူလိုင်လ ၆ ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပမည်ဖြစ် သည် ။
၂၀၁၆ မတ် လဆန်းပိုင်းက သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်း အဝေးအား ရန်ကုန်မြို့တွင် သုံးရက်ကြာကျင်းပရန် ပြင်ဆင်ထားသော်လည်း အစိုးရ အာဏာပိုင် ဟန့်တားမှုကြောင့် တရက်သာ ကျင်းပခွင့်ရရှိခဲ့သည် ။ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် သျှမ်းလက်နက်ကိုင်တပ်များ ၊ သျှမ်းနိုင်ငံရေးပါတီများ ပါဝင်ဖွဲ့စည်းထားသည့် စုပေါင်းအဖွဲ့ကြီးဖြစ် သည် ။
Tags: News, politic