တပြည်ထောင် စနစ်ကို အားပေးနေတာလား ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးခင်ဗျား



ခါင်းစဉ်က အနည်းငယ် ကြမ်းတမ်းသလို ဖြစ်နေပေမဲ့ အဲဒီလို မေးစရာတွေဖြစ်လာလို့မေးခွန်း ထုတ်ရခြင်းဖြစ်ပါတယ် ။


အကြောင်းကတော့ ဒီလိုပါ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မွန်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မွန်ပြည်နယ်က ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တွေအပါဝင် လွှတ်တော်အသီးသီးကကိုယ်စားလှယ်တွေ ပြည်နယ်ဝန်ကြီးချုပ်တွေ နဲ့ပါတွေ့ဆုံခဲ့ ပါတယ်။ သတင်း ထုတ်ပြန်ထားတဲ့အထဲမှာတော့ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ပတ်သက် လို့  လာရောက်တွေ့ ဆုံ တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ် ။


ဒါကြောင့် အစိုးရအဖွဲ့ နဲ့ ပတ်သက်တာတွေ မတင်ပြဖို့ကိုလည်း ဦးဝင်းမြင့်က ပြောဆိုခဲ့ပါတယ် ။ ဦးဝင်းမြင့်ဟာ လွှတ်တော်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပါလီမန်များ အဖွဲ့မှာ ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်တဲ့ အတွက်လည်း ခုလို တွေ့ဆုံဟန်တူပါတယ် ။


နိုင်ငံပိုင်သတင်းတွေထဲမှာ သတင်းထုတ်ပြန်တာကတော့ အုပ်ချုပ်ရေးကို ဥပဒေပြုရေးမဏ်ဏ္ဍိုင်က ၀င်မစွပ်ဖက်ဖို့ ဆိုတဲ့ ကိစ္စမျိုးကို ပြောကြားခဲ့တယ် ။ လွတ်လပ်စွာ အဆိုတင်သွင်းခွင့် လုပ်လို့ရတယ် ။ ကျင့်ဝတ်လိုက်နာဖို့ ဆိုတဲ့ ကိစ္စမျိုးတွေ ၊ လုပ်ပိုင်ခွင့်အတွက်ကျင့်ဝတ်တွေရှိတယ် ၊ အလွဲသုံးစား မပြုဖို့လိုတယ် ။ ရိုးသားဖြောင့် မတ်ဖို့လိုတယ် -  စသဖြင့် လွှတ်တော် ဥက္ကဌက ပြောကြားသွားတယ်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ် ။


နိုင်ငံပိုင်သတင်းစာမှာကြည့်ရင်တော့ အကုန်လုံးက ဟုတ်သလိုလိုပါပဲ ။ ဒါပေမဲ့ လက်ရှိ ပကတိ အခြေနေအရ အဲလို မဟုတ်ပါဘူး ။ အကျိုးပြုတဲ့ မေးခွန်းတွေပဲမေးဖို့ ၊ ခေတ်စနစ်နဲ့ လျော်ညီတဲ့ မေးခွန်းတွေပဲမေးမြန်းဖို့ ၊  အချိန်ကာလအခြေနေ ကိုပဲကြည့်ပြီးမေးဖို့ ၊ ယုတ်စွအဆုံး အရေးပေါ် အစည်းဝေးခေါ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလာရင်တောင် ပြဿနာရှုပ်စေတဲ့ အစည်းဝေးမျိုးဆိုရင် အစည်းဝေးမလုပ်ပဲ ပယ်ချဖို့ဆိုတာမျိုးကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က အကြံပြုခဲ့တယ်လို့ အစည်းဝေးတက်ရောက်သူတွေဆီကနေ သိရပါတယ် ။ ပြဿနာက အဲမှာ စလာတာပါပဲ ။


အစိုးရသစ်လက်ထက် ဒေသဆိုင်ရာ လွှတ်တော်တွေကို ကြည့်မယ်ဆိုရင် မွန်လွတ်တော်က မွန်ပြည် နယ် အစိုးရအပေါ် ထိန်းကျောင်းနိုင်မှုနဲ့ ဆွေးနွေးနိုင်မှုတွေမှာ အသက်ဝင်ဆုံးလို့ ပြောနိုင်ပါတယ် ။ ဒါကလည်း မွန်ပြည်နယ်အတွင်းမှာ ပြည်သူလူထုကန့်ကွက်နေတဲ့ စီမံကိန်းတွေ အမြောက်မြားရှိ နေတာနဲ့ အသစ်ဖွဲ့လိုက်တဲ့ စီမံကိန်းကော်မရှင်မှာ ပြည်သူမကြိုက်တဲ့ ခရိုနီတွေပါနေတာကြောင့် ပြည်သူတွေရဲ့ တွန်းအားပေးမှုနဲ့ မွန်ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးနေတာကြောင့်လည်း ဖြစ်ပါတယ် ။


မော်လမြိုင်မြို့က ကမ်းနားလမ်း အပိုင်း ( ၆) မြေကိစ္စဆိုရင် ဒေါ်လာသန်းပေါင်းမြောက်မြားစွာ တန် နိုင်တဲ့ ပြည်သူပိုင်မြေတွေကို အစိုးရ စပ်ကူးမတ်ကူးကာလမှာပဲ ပြည်သူတွေ ကန့်ကွက်နေ တဲ့အကြား က ရောင်းချ ဌားရမ်းတာတွေကို ပြည်နယ်အစိုးရက လုပ်ခဲ့တာကြောင့်ဖြစ်ပါတယ် ။


နောက်ပြီးလတ်တလော ပြည်သူကန့်ကွက်နေတဲ့ စီမံကိန်းတွေကတော့ နိုင်ငံတော်ဧည့်ဂေဟာ ဆောက် လုပ်ရေးကိစ္စတွေ ၊ ပြည်နယ်ဥပဒေချုပ်ရုံးဆောက်လုပ်ရေးကိစ္စ ၊ စီမံကိန်းကော်မရှင်မှာ ခရိုနီတွေပါနေတဲ့ကိစ္စ ၊ စသဖြင့်ပါပဲ ။ အဲဒီ ကိစ္စတွေအားလုံးဟာ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပြီး ပြည်နယ်ဘတ်ဂျက်တွေ လုပ်ပိုင်ခွင့်တွေကနေ လုပ်ခဲ့တဲ့ ကိစ္စတွေပါ ။


ပြောရမယ်ဆိုရင်တော့ ပြည်နယ်အစိုးရက မပြတ်မသား ၊ မရေမရာဖြေဆိုမှုတွေကြောင့် ဒုတိယအကြိမ် အထူးအစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးခေါ်ယူတဲ့အထိကို မွန်ပြည် နယ် လွှတ်တော်က  သွက်လက်ခဲ့ပါတယ် ။ အဲဒီကိစ္စတွေကို ဗွီအိုအေ မြန်မာပိုင်းလို သတင်းဌာနက အစဖော်ပြနေတာကိုလည်း စာရေးသူက သတိထားမိပါတယ် ။ ဒေသခံတွေအနေနဲ့လည်း မွန်ပြည်နယ် လွှတ်တော်ဆွေးနွေးမှုတွေကို တော်တော်စိတ်ဝင်တစားရှိနေတယ် ပြည်သူကန့်ကွက်တဲ့ စီမံကိန်းတွေ ပါနေတယ်လို့ ဆိုကြပါတယ် ။


အဲဒီလို အနေထားမှာ လက်ရှိ ပြည်နယ်အစိုးရတွေက ဖြေရှင်းဖို့ တာဝန်ရှိတာကလည်း ဒေသခံ တိုင်းသိနေတဲ့ နားလည်နေတဲ့အကြောင်းပါ ။ အခြေခံဥပဒေမှာ ပြဌာန်းချက်တွေအရလည်း တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုရေး ဇယား ( ၂) တို့ တိုင်းနဲ့ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု အခွင့်အာဏာ ပုဒ်မ ၂၄၉ ၊ ၂၅၀ ၊ ၂၅၁ ၊ ၂၅၂ ၊ ၂၅၃ တို့နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ် ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့  မွန်ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ တွေရဲ့ တွန်းအားပေးမှုနဲ့ အညီ မကြာခဏ မေးမြန်းနေပေမဲ့ ထင်သာမြင်သာတဲ့ ရလာဒ်မရပါဘူး ။


အဲဒီ ကိစ္စတွေဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုပိုင်ခွင့်အရလည်း မေးမြန်း ခွင့်ရှိနေတာဖြစ်ပါတယ်။ အဲဒီလို အနေထားမှာ ဦးဝင်းမြင့်အနေနဲ့ အချိန်ကာလ ကိုကြည့်ပြီးမေးဖို့ ၊ ယုတ်စွအဆုံး ပြဿနာရှိနိုင်ရင် အရေးပေါ်အစည်းဝေးတောင်းဆိုမှုတွေကို ပယ်ချဖို့ ဆိုပြီး အကြံ ပေးသွားတာက ဦးဝင်းမြင့်ကို သံသယဝင်စရာ ဖြစ်လာပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့နဲ့ ၃ ရက် နေ့တွေက အထူးအစည်းဝေးခေါ်ယူခဲ့ပေမဲ့ အဲဒီ ပြည်သူကန့်ကွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်လွှတ်တော်ဥက္ကဌက ရှောင်လွှဲခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက အစည်းဝေး ထပ်ခေါ်ပေးဖို့ တောင်းဆိုနေတာပါ ။ ပြည်နယ်အစိုးရအနေနဲ့လည်းဘာမှ ရေရာတဲ့ အဖြေမပေးနိုင် ပါဘူး ။


အဲဒီစီမံကိန်းတွေဟာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ စီမံကိန်းတွေ ဖြစ်တဲ့အပြင် စပ်ကူးမတ်ကူးမှာ ဖြစ်တဲ့ မော်လမြိုင် ကမ်းနားလမ်းက ဧက ဆယ်ဂဏန်းလောက် ကျယ်တဲ့ မြေကိစ္စတွေလည်း ပါဝင်နေပါတယ် ။၂၀၀၈ ခုနစ် အခြေခံ ဥပဒေအရ နောက်ကြောင်း ပြန်ခွင့်မရှိစေရဆိုတာ အဲဒီ အခြေခံ ဥပဒေ အသက်မဝင်ခင်ကာလကိုပဲ ဆိုလိုတာဖြစ်ပါတယ် ။ သမ္မတ ဦးသိန်းစိန်လက်ထက်က ကိစ္စဆိုရင် ပြည်သူအတွက်လိုအပ်ရင် ဥပဒေကြောင်းအရ မေးလို့ရပါတယ် ။ သမ္မတ ဦးသိန်းစိန်ကော ၊ သမ္မတ ဦးထင်ကျော်အစိုးရပါ ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ အစိုးရဖြစ် လာတဲ့အတွက်ဖြစ်ပါတယ် ။ ဒါကို မဆက်စပ်ဘူးလို့ ပြောလို့မရပါဘူး ။


အရင်လူတွေမဟုတ်တာလုပ်ခဲ့ သည် ရှိရင်တောင် တချို့ကိစ္စတွေက ပြည်သူတွေကို မျက်နှာမူပြီး လက်ရှိအစိုးရက ဖြေရှင်းပေးရမှာ ဖြစ် ပါတယ် ။ နောက်တချက်က ဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌသာဖြစ်ပါတယ် ။ အခုလို ပြည်သူတွေ ကန့်ကွက်နေတဲ့ စီမံကိန်းတွေကို မေးမြန်းနေတဲ့  ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်တွေကို အမိန့်ပေး ညွှန်ကြားလို့လည်း မရပါဘူး ။ ဥပဒေအရ လုပ်ခွင့်လည်း မရှိပါ ဘူး ။ အကြံပြုတယ်ဆိုတာကလည်း မဟုတ်တဲ့ ကိစ္စတွေကို တင်နေလို့ ဆိုရင်လည်း တမျိုးပါ ။


ဥက္ကဌ ဦးဝင်းမြင့်အနေနဲ့ အကြံပြုခွင့်ရှိတယ်ဆိုပေမဲ့ မလျော်သြဇာသုံးပြီး ပြည်နယ်လွှတ်တော်တွေ ၊ တိုင်း ဒေသကြီးလွှတ်တော်တွေကို ၀င်စွပ်သလို ဖြစ်နေတယ်လို့ မွန်က ပြည်သူတွေက မြင်နေပါ တယ် ။ ဇယား (၂) ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အရသာ မေးမြန်းကြဖို့ဆိုပြီး ဦးဝင်းမြင့် ပြောသွား တာလည်း တွေ့မိပါတယ် ။


တကယ်လို့အဲဒီ မြေတွေစီမံကိန်းတွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စား လှယ်တွေက  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၇၉ ‘ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အစည်းဝေးကို ခေါ်ယူကျင်းပဖို့ ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးရေ အနည်းဆုံး လေးပုံ တစ်ပုံကနေ တောင်းဆိုလျှင် လွှတ်တော် ဥက္ကဌက အထူးအစည်းဝေး အမြန်ဆုံး ခေါ်ယူ ကျင်းပရမယ်  ‘ ဆိုတဲ့ အခြေခံ ဥပဒေပါပြဌာန်းချက်အရ ပြည်နယ်လွှတ်တော်အမတ်တွေက အစည်းဝေးခေါ်ယူပေးဖို့ တင်ပြခဲ့ပါတယ် ။ အပယ်ခံရတာလည်းရှိပါတယ် ။


ဒီလိုအခြေနေမှာ ပြည်နယ်လွှတ်တော်ဥက္ကဌကို ပြသနာ ရှုပ်စေတဲ့ အစည်းဝေးဆိုရင် ပယ်ချဖို့ အကြံပြုတာဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ကိုယ်တိုင် အခြေခံ ဥပဒေကို ချိုးဖောက်ဖို့ တွန်းအားပေးရာရောက်နေပါတယ် ။


နောက်တချက်ကတော့ ပြည်နယ်တွေရဲ့ လွှတ်တော်အခန်းကဏ်ဏ္ဍကို သေးသိမ်မှေးမှိန်အောင် အားပေးတာ ၊ အကြံပြုတာဟာ ပြည်ထောင်စု ဆိုတာကို အားပေးရာမရောက်ပဲ ဗဟိုဦးစီးစနစ်နဲ့ တပြည်ထောင်စနစ်ကို အားပေးသလို ဖြစ်နေပါတယ်။ တကယ်တော့ လက်ရှိကျင့်သုံးနေတဲ့ အခြေခံ ဥပဒေဟာ ဖက်ဒရာယ် ဟုတ်မဟုတ် အငြင်းပွားနေကြတာပါ ။ ဒေသ ဆိုင်ရာ လွှတ်တော်  ၊ ဒေသဆိုင် အစိုးရ အချင်းချင်းထိန်းကျောင်းရမဲ့ ဒီမိုကရေစီစနစ်ကိုလည်းပုံရိပ်ထိခိုက်စေပါ တယ် ။
ပြည်နယ်တွေအတွက် ၂၀၀၈ အခြေခံ ဥပဒေထဲက ပေးထားတဲ့ ကျင့်သုံးပိုင်ခွင့်တောင် ကန့်သတ်ခံရတယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ အမြင်ပိုစောင်းလာနိုင်ပါတယ် ။


နောက်တချက်ကတော့ ဒီမိုကရေစီ ဖက်ဒရာယ် ပြည်ထောင်စုကို သွားမယ်လို့ ပြောထားတဲ့ အန်အယ်လ်ဒီပါတီကနေ လာခဲ့သူ ဦးဝင်းမြင့်ကို သံသယရှိစရာ အချက်တွေလည်း ထင်ထင်ရှားရှားမြင်တွေ့ရပါတယ် ။


လွှတ်တော်မှာ ရခိုင်အမတ်တွေအပါဝင် တိုင်းရင်းသားအမတ်တွေတင်ပြတဲ့ အဆိုတွေ မေးခွန်းတွေကို တင်ပြခွင့်မပြုတာတွေရှိပါတယ် ။ ရခိုင်နဲ့ တအာင်းပလောင် တိုင်းရင်းသားအမတ်တွေရဲ့ အဆိုတင်သွင်းမှုတွေကို မေးခွန်းအဖြစ်သာ လက်ခံတာ ( မေးခွန်းဆိုရင် မှတ်တမ်းအဖြစ်သာ ထားလို့ရတာ ) တိုင်းရင်းသားအမတ်တွေကို ခွဲခြားဆက်ဆံတယ်လို့ တိုင်းရင်းသားအမတ်တွေက ယူဆခံနေရတာ စသဖြင့်ပါပဲ။ တိုင်းရင်းသားအမတ်တော်တော်များများကလည်း ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆကြောင်း ပြောနေတာတွေ ရှိပါတယ် ။


နောက်တချက်ကတော့ မကြာသေးခင်က ဦးဝင်းမြင့်ရဲ့ သတင်းစာရှင်းလင်းပွဲပါပဲ ။ အမျိုးသား သင့် မြတ် ရေး ၊ တရားဥပဒေစိုးမိုးရေး ၊  ငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတဲ့ အချက်ဟာ ငြိမ်းချမ်း ရေးရမှ နိုင်ငံရေးကနေ ဆုတ်ခွာမယ်ဆိုတဲ့ တပ်မတော်ရဲ့ အယူဆနဲ့ မကွာပါဘူး ။ အဓိက ငြိမ်း ချမ်းရေးမရတာဟာ ပြည်နယ်တွေ တိုင်းရင်းသားဒေသတွေရဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ပိုင်ခွင့် အနည်းကျဉ်းသာရှိတယ်ဆိုတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ် ။


အန်အယ်ဒီရဲ့ ၂၀၁၅ ခုနစ် ရွေးကောက်ပွဲ ကြေငြာစာတမ်းမှာ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်း ချမ်းရေးက နံပတ် ၁ နေရာမှာ ရှိပြီး တိုင်းရင်းသား ပြည်သူတရပ်လုံးကို အေးချမ်းလုံခြုံစွာ လက် တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေးက နံပတ် (၂) နေရာမှာ ရှိနေတာပါ ။ အန်အယ်လ်ဒီမှာ အတွင်းရေးမှူးအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့်ရဲ့ ပြောစကားက ကြေငြာစာတမ်းနဲ့ အများကြီးကွာဟပါတယ် ။


အခုမွန်လွှတ်တော် အခြေနေကတော့ နဂိုကတည်းက လုပ်ပိုင်ခွင့်နည်းတဲ့ ပြည်နယ်လွှတ်တော်တွေကို ပြည်သူ့အသံထင်ဟပ်စေဖို့ လုပ်ပိုင်ခွင့်တိုးမြင့်ပေးရမဲ့အစား ပြည်သူ့အသံပျောက်စေမဲ့ အကြံဉာဏ် တွေ သွားပေးနေတာဟာ အနာဂတ်ပြည်ထောင်စု အတွက် သံသယဖြစ်စေပါတယ် ။


လက်ရှိအမည်နာမအရသာ ပြည်ထောင်စုလို့ ခေါ်ထားပေမဲ့ တိုင်းရင်းသားဒေသတွေ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှ သိပ်မရှိသေးတဲ့အတွက် တပြည်ထောင် ဗဟိုဦးစီးစနစ်လို့သာ တိုင်းရင်းသား တွေက ယူဆနေတာပါ ။ အခုဦးဝင်းမြင့် လုပ်ပုံက တပြည်ထောင်စနစ်ကို အားပေးသလို ဖြစ်နေပါ တယ် ။ အခုလို အခြေခံ ဥပဒေကိုကျော်လွန်ပြီး ညွှန်ကြားအကြံပေးမှုတွေလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ဟာ တကယ်ပဲ တပြည်ထောင်စနစ်ကိုလိုလားသူလားဆိုတာ မေးလို့ကောင်းနေပြီလို့ ဆိုရမှာပါ ။

ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates