သျှမ်း/အရှေ့တွင် သျှမ်းစာပေဟောပြောပွဲ ပထမအကြိမ်ကျင်းပမည်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ ပထမအကြိမ် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့်ဒေသခံများ ကမ ကထ ပြုပြီး စာပေဗဟုသုတနှင့် ပတ်သက်သည့် ဟောပြောပွဲတရပ်ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။
ဂျူလိုင်လ ၂၆ မှ ၃၀ ရက်အထိ တာချီလိတ်မြို့နယ် ဟောင်လိတ်ရပ်ကွက် ၊ မိုးလင်း ၊ မုံးကိုး ၊ မိုင်းဖြတ်မြို့နယ် နှင့် ကျိုင်းတုံမြို့နယ်တို့တွင် စာပေဟောပြောပွဲ ပထမအကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သျှမ်းစာပေပညာ ရှင်များဖြစ်သော ဆရာလုံးစိုင်းဖှ ၊ ခူးဟင်း ကာယန်း နှင့် ခွန်ယုံးချို စသည့်ပုဂ္ဂိုလ်များ ဟောပြော သွားမည်ဖြစ်သည် ။
အယ်ဒီတာ ခူးဟင်း ကာယန်း အနေဖြင့် တိုင်းရင်းသားတို့၏ ရပိုင်ခွင့် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ ဟောပြော သွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည် ။
“ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ အဓိကဟောပြောသွားမယ်၊ အားလုံးပါဝင်မှာပါ ။ နိုင်ငံရေးရယ်လို့မဟုတ်ဘူး ။ စာပေ ဗဟုသုတအကြောင်းလည်းပါတယ် ” ဟု သျှမ်းစာပေ ပညာရှင် ခူးဟင်းကာယန်း ကပြောသည် ။
အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးအခြေနေပြောင်းလဲလာပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုသည်မှာ ပွင့်ပွင့်လင်းလင်းပြောဆိုခွင့် ၊ ဖက်ဒရယ်ဆိုသည်မှာ တိုင်းရင်းသားတို့၏ ရပိုင်ခွင့်၊လူ့အခွင့်အရေး ရပိုင်ခွင့် စသည့်တို့ ပြည်သူလူထုများ သိသင့်ကြောင်း ၄င်းကပြောသည် ။
“ စာပေပိုင်းမှာရော ၊ မီဒီယာပိုင်းမှာကော ပြည်သူတွေဆီ သိပ်ပြီးလက်လှမ်းမမှီဘူး ၊ စာဖတ်မှုပိုင်း အားနည်း တယ် ။ စိတ်ဝင်စားမှု နည်းတယ်ပေါ့ ၊ ကိုယ့်စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေဘက်မှာ ပြည်သူတွေသိသင့်တဲ့ စာတွေဆိုလည်း စာပေတွေက ထွက်တာနည်းတယ် ၊ သူများစာပေတွေဘဲ ထွက်တာများတယ် ။ တစ်ချို့က ဖတ် ချင်တဲ့စိတ်ရှိပေမယ့် စာအုပ်တွေရှိပေမယ့် အချိန်မပေးနိုင်ဘူး ။ ဒီလိုမျိုး စာဟောပြောပွဲလုပ်လိုက်ရင် စာပေပညာ ရှင်တွေ နှစ်ပေါင်းများစွာ စုစည်းထားတဲ့ စာပေတွေ အချိန်ခနလေးပေးရင်း အတွေးသစ် အမြင်သစ်ရသွားနိုင် တာပေါ့ ။ ဒီလိုစာအုပ်တွေဖြန့်မယ့်အစား စာပေဟောပြောပွဲများများလုပ်သင့်တယ် ” ဟု စာပေဟောပြောပွဲ စီစဉ်သူ ကပြောသည် ။
စာပေသော်လည်းကောင်း ၊ ယဉ်ကျေးမှုသော်လည်းကောင်း ၊ အနုပညာပိုင်းသော်လည်းကောင်း တခြားတိုင်း ရင်းသားများ နှင့် နှိုင်းယှဉ်လိုက်လျှင် သျှမ်းတိုင်းရင်းသားလူမျိုးတို့သည် ခေတ်အဆက်ဆက် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်ကို သမိုင်းတွင်ရှိပြီးသားဖြစ်ပြီး ၊ နိုင်ငံရေး အခြေနေအကြောင်းအမျိုးမျိုးကြောင့် နှစ်ခြောက်ဆယ် ခုနှစ်ဆယ် ဖိနှိပ်ခံရပြီး မိမိစာပေ ယဉ်ကျေးမှု လွှတ်လပ်စွာ သင်ကြားခွင့်မရှိခြင်း၊ အနုပညာပိုင်းတွင်လည်း နောက်ကျကျန် နေကြောင်း ယခုလို စာပေဟောပြောပွဲ များများလုပ်နိုင်လျှင် ပြည်သူတွေဘက်မှလည်း အတွေ့အကြုံ ဖလှယ်ခွင့် ရှိကြောင်း ခူးဟင်း ကားယန်း ကပြောသည် ။
Tags: Literature, News