လက်နက်ကိုင်တပ်ဖွဲ့များအားလုံးပါဝင်သည့် ညီလာခံကြီးကျင်းပရေး NCA လက်မှတ်ထိုး နှင့် မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ချင်းမိုင်မြို့၌တွေ့ဆုံ



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များညီလာခံကြီးကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်  NCA စာချုပ် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယနေ့ ဂျူလိုင် ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးကြသည် ။


နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ကြီးအတွက်ပြင်ဆင်ရေးဆွေးနွေးကြမည့် (ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် ၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအားလုံပါဝင်သည့်) ညီလာခံကြီးကျင်းပနိုင်ရန်  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် NCA လက်မှတ် ရေး ထိုးသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နှင့် လက်မှတ်မရေးထိုးထားသည့် တပ်ဖွဲ့များ ချင်းမိုင်မြို့ ခုမ့်ဖူးခမ်းဟိုတယ်၌ တွေ့ ဆုံဆွေးနွေးကြသည် ။


ဆွေးနွေးပွဲတွင် အခမ်းအနားမှူးက - ဒီကနေ့ကျနော်တို့ EAO မျက်နှာစုံညီ အစည်းအဝေးကြီး ပြင်ဆင် ရေး လုပ်ငန်းကော်မတီရဲ့ ဒုတိယ အကြိမ်လုပ်ငန်းအစည်းအဝေးဖြစ်ပါတယ်” - ဟု အစီအစဉ် အဖွင့်တွင်ပြောကြားသည် ။


အစည်းအဝေးတွင် ပါဝင်တက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်း တဦးက - “ အသေးစိတ်တော့ ကျနော်လဲမသိသေးဘူး။ ကြားသိထားတဲ့ဟာတော့ - အဓိက ကတော့ ဒီလ ၂၀ ရက်နေ့ နောက်ပိုင်း မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့အားလုံးပါဝင်တဲ့ ညီလာခံကြီး ဖြစ်မြောက်ဖို့ အဓိကထား ဆွေးနွေးသွားကြမယ်လို့သိရတယ်။ ၂၁ ရာစု ပင်လုံ အတွက် ကိုယ်တို့တိုင်းရင်းသားတွေ အနေနဲ့ ဘုံလိုအပ်ချက် ရလာအောင်လို့ပါ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


အစည်းအဝေးသို့ ကေအိုင်အေ မှ ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ဗိုလ်ချုပ်ကြီး ဆေ ထင်၊ RCSS/SSA မှ ဗိုလ်မှူးချုပ်ပေါင်ခေး နှင့် NCA စာချုပ်ထိုးထားသည့် တပ်ဖွဲ့များမှ အဆင့်မြင့် ကိုယ်စားလှယ်အချို့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခူးဦးရယ် နှင့် UNFC မှ အဆင့်မြင့် ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၃၀ ခန့် တက်ရောက်သည် ။


၁၉၄၇ ခု ပင်လုံညီလာခံတွင် ပါဝင်လက်မှတ်ရေးထိုးသည့် ကချင်၊ သျှမ်း၊ ချင်းတို့ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် EAO မျက်နှာစုံညီ အစည်းအဝေးကြီးကျင်းပနိုင်ရေးအတွက် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကချင်လွတ်လပ်ရေးတပ်မတော် ဒုတိယ ဥက္ကဌ (၁) - ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွမ်မော်၊ SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူး တို့ ပထမ အကြိမ် အဖြစ် ဂျွန်လ ပထမ ပတ်က ကြိုတင်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates