ပင်လုံနာမည်သုံးမည့် ၂၁ ရာစု ပင်လုံသည် ၁၉၄၇ ပင်လုံထက် အဆင့်မနိမ့်ရန် အရေးကြီးဟု ဗိုလ်ချုပ်ကြီးဆေထင် ပြော
ဗိုလ်ချုပ်အောင်ဆန်းသမီးဦးဆောင်မည့် ၂၁ ရာစုပင်လုံသည် ၁၉၄၇ ခုနစ် ပင်လုံထက် အဆင့်မနိမ့်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးဆေထင်က ပြောကြား လိုက် ပါသည် ။
“၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုပါတယ်။ အဲဒီ ၂၁ ရာစု ပင်လုံညီလာခံကြီးက ၁၉၄၇ ပင်လုံညီလာ ခံထက်အဆင့်မနိမ့်ဖို့ လိုတယ် ” - ဟု ရန်ကုန်ရောက်နေသည့် ဗိုလ်ချုပ်ကြီးဆေထင်က ဂျူလိုင်လ ၆ ရက်နေ့တွင် ပြောသည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံမှာ တိုင်းရင်း သားများတန်းတူအခွင့်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းက အာမခံခဲ့သည့်အတွက် တောင်တန်း - မြေပြန့် မခွဲခြားပဲ လွတ်လပ်ရေးအရယူနိုင်ခဲ့ခြင်းဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသမှ တိုင်းရင်းသားများကို စည်းရုံးရာ၌ တိုင်းရင်းသား တန်းတူ အခွင့်ရေးမရပါက ၁၀ နှစ်နေရင် ခွဲထွက်နိုင်သည်ဟူသော ကတိကြောင့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ပြည့်ပါက ခွဲထွက်ခွင့်ဆိုပြီး သျှမ်း နှင့် ကရင်နီ နယ်များအတွက် အခွင့်ရေး ပေးထားခဲ့ပါသည် ။
ယခုဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပင်လုံစာချုပ် ၊ ပင်လုံကတိကဝတ် ၊ ပင်လုံစိတ်ဓါတ်ဆိုသည့် အခြေခံအချက် ၃ ချက်အထဲမှ ပင်လုံစိတ်ဓါတ်ကို အခြေခံသောဟူ၍သာပါရှိနေပြီး တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်ခွင့်ရမရဆိုသည်မှာလည်း မသေချာသေးပေ ။
“၄၇ ပင်လုံညီလာခံ ရရှိချက်က ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ တန်းတူအခွင့်ရေး ရှိရမယ် ။ ပြီးတော့မှ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ် ဆိုတာလည်းပါတဲ့ အပြင် ကွင်းစ ကွင်းပိတ်နဲ့ (ခွဲထွက်ရေး) ဆိုတဲ့ ကတိပါတယ် ။ ဆိုလိုတာက ခွဲထွက်ရေးဆိုတာ ကျနော်တို့ အခွင့်အရေးပဲ ။ ခွဲထွက်တာ မခွဲထွက်တာကတော့ ကျနော်တို့ ဆက်ဆံရေးအပေါ်မှာ အများကြီး မူတည်တာပေါ့ ။ ပြည်ထောင်စု ကြီးထဲမှာ ကျနော်တို့ကလည်း ခွဲထွက်ချင်လို့ ( ခွဲထွက်ခွင့် ) ဆိုတာ ထည့်စေချင်တာ မဟုတ် ဘူးလေ ။ ဒါပေမဲ့ ဒါဟာ အခွင့်ရေးတစ်ခု အနေနဲ့ အသိမှတ်ပြုစေချင်တာ ။ ဒါကြောင့်မို့ အခုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံက ကြားတာက ခွဲထွက်ရေးမပါဘူးလို့ ကြားတယ် ။ ခွဲထွက်ရေး မပါဘူး ဆိုတော့ ၄၇ ပင်လုံညီလာခံထက် အဆင့်နိမ့်နေတယ် ။ လုပ်မယ်ဆိုရင်လည်း လုပ်ပေါ့ ။ ဒါပေမဲ့ ခွဲထွက်ရေးလည်း ပါခွင့်ပေးလိုက်ပေါ့ ။ ဒါမှသာလျှင် ၂၁ ရာစု ပင်လုံညီလာခံက ၄၇ ပင်လုံညီလာ ခံထက် အဆင့် မနိမ့် ဘူးဆိုတာ ဖော်ပြမှာပေါ့ ။ ပြီးတော့မှ သဘောထားကြီးကြီးနဲ့ ဖော်ပြတာလည်း ဖြစ်တာပေါ့ ။ အဲဒါမှ သာလျှင် ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေ ကချင်တို့ ၊ ချင်းတို့ ၊သျှမ်းတို့က တခြားတိုင်းရင်းသား လူမျိုးစုတွေက ကြိုဆိုမှာပေါ့ ။ ဒါကြောင့်မို့လို့ ၂၁ ရာစု ပင်လုံညီလာခံကြီးဟာ ၄၇ ပင်လုံညီလာခံထက် အဆင့်မနိမ့်ဖို့ အရေးကြီးတယ်ဟု ” - သျှမ်းပြည်တပ်မတော်မြောက်ပိုင်း၏ နာယက ဖြစ်သူ ဗိုလ်ချုပ်ကြီးဆေထင်က ပြောသည် ။
၁၉၄၇ ပင်လုံရလာဒ်မှာ ခေတ်အဆက်ဆက် အစိုးရများမှ အသိမှတ်မပြုပစ်ပယ်ထားသော်လည်း ပင်လုံစာချုပ် ချုပ်ဆိုသောနေ့ကို ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ထားခြင်း ၊ တစ်ခုတည်းသော ပြည်ထောင်စု ပဋိဉာဉ်အဖြစ် ကမ္ဘာကပါ အသိမှတ်ပြုထားခြင်း ၊ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့ သည့် အာဇာနည်ခေါင်းဆောင်များ၏ အာဇာနည်နေ့ အခမ်းအနားကို ယနေ့တိုင်ကျင်းပနေခြင်း ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဦးဆောင်သောပါတီမှာ အရပ်သားအစိုးရအဖြစ် ပြန်လည်အာဏာ ရရှိလာခြင်းတို့ကြောင့် ပင်လုံပဋိဉာဉ်မှာ အသက်ဝင်နေဆဲဖြစ်သည် ။ ယင်းအပြင် ပင်လုံ စာချုပ်ချုပ် ဆိုသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုလည်း ပြည်ထောင်စုနေ့အဖြစ် တရားဝင် သတ်မှတ် ထားပါ သည် ။
၂၁ ရာစုပင်လုံတွင် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းအနေဖြင့် တက်ရောက်ခွင့်ရ မရမသေချာသေး သော်လည်း အခြားသော သျှမ်းအင်အားစုများနှင့် ပူးပေါင်းကာ ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာ စာတမ်း အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည် ။
Tags: News, politic