NLD မှ ပြည်သူ့လွှတ်တော် ဥက္ကဌ ပြောခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှ နိုင်ငံတော်အခြေခံ ဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ ကြိုတင်ကန့် သတ်ချက်ကိုမရှိသင့်ဟု ဦးခွန်ထွန်းဦးပြော
NLD အစိုးရ၏ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ပြောကြားခဲ့သည့် ပြည်တွင်း ငြိမ်းချမ်း ရေးရမှ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကြိုတင်ကန့် သတ်ချက်မျိုးမှာ ပြည်တွင်းစစ်မီးငြိမ်းရန် အချိန်ကြာမြင့်နိုင်သောကြောင့် မရှိသင့်တော့ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကပြောသည် ။
ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်နိုင်ဘူးဆို သည်ကို လေးလေးနက်နက် နားလည်ခံယူထားရန်လိုကြောင်း၊ မြန်မာနိုင်ငံဖက်ဒရယ် စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲတွင်သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ဂျွန် ၃၀ ရက် တွင်ပြောကြားခဲ့သည် ။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ မိမိတို့ပြောဆိုသည့် နေရာတွင်တိုင်းပြည်နှင့် လူမျိုးများ၏ မျက်နှာကို သာကြည့်၍ အဓိကထားစဉ်းစားသုံးသပ်ပေးရန်အကြံပြုလိုသည်ဟုလည်းပြောဆိုခဲ့သည် ။
“ပြည်ထောင်စုသားအားလုံးမျှော်လင့်တောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ဆိုရင်ကြိုတင် ကန့်သတ်ချက်၊ အထူးသဖြင့်စည်းတားထားချက်တွေမထားရှိဘဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခွင့် ရှိရပါမယ်၊ မိမိတို့နိုင်ငံ မိမိတို့လူမျိုးရဲ့အတိတ်သမိုင်းကြောင်းနဲ့ လက်ရှိဖြစ်တည်နေတဲ့မူများကိုချင့်ချိန်ပြီး တိုင်းရင်းသားအားလုံးလက်ခံနိုင်တဲ့ အနာဂတ်ပြည်ထောင်စု ပြည်တွင်းအနာဂါတ်ပြည်ထောင်စု ထူထောင်ကြ ရာမှာ အမျိုးသားရင်ကြားစေ့ရေးရပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီးမှနိုင်ငံတော်အခြေခံဥပဒေကိုပြင်ဆင် မယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက် ကိုမရှိသင့်ပါဘူး”ဟုလည်း ဦးခွန်ထွန်းဦးကပြောသည် ။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အမျိုးသားပြန်လည်သင့်မြတ်ရေးပြုလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း မကြာခင်က သတင်းစာရှင်းလင်းမှုတွင် ပြောဆိုခဲ့သည် ။
အစိုးရတွင်လျှို့ဝှက်ချက်များမရှိကြောင်း နိုင်ငံသားအားလုံး ချမ်းသာ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန်သာရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောဆိုထားသည်ကို ထောက်ရှုပြီး အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များကလည်း ဖက်ဒရယ်မူဝါဒဆိုင်ရာဝါဒများကို ဖော်ထုတ် ဆွေးနွေးတင်ပြခွင့်ရလာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မည်ဆိုပါက ဒီမိုကရေစီစံချိန် စံညွှန်းနှင့် ကိုက်ညီသည့် တိုင်းရင်းသားအများစု ၏ ဆန္ဒနှင့်အညီ တရားသဖြင့်ရေးဆွဲထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ရှိရန်လိုအပ်သည်ဟုလည်း ခွန်ထွန်းဦး ကဆိုသည် ။
“ ၎င်းအခြေခံဥပဒေဟာ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများရဲ့ ပြဌာန်းခွင့်ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိရမယ်ဆိုတဲ့ အာမခံချက်ပေးနိုင်ရပါမယ် ။ အင်အားကြီးသည် ငယ်သည် အဖွဲ့ကြီးသည် သေးသည် ပဓာနမ ထားဘဲ နိုင်ငံသားအားလုံး တရားဥပဒေရဲ့ စိုးမိုးမှုအောက်မှာငြိမ်းချမ်းစွာအတူ နေထိုင်နိုင်ဖို့ဆိုတာ လူမျိုး တမျိုးဆီက အစုအဖွဲ့တစ်ခုစီက လူတစ်ယောက် နဲ့တစ်ယောက်ကြား ယုံကြည်မှုကို ဦးစွာယူထားရပါမယ် ” ဟု ခွန်ထွန်းဦးက ပြောကြားခဲ့သည် ။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (United Nationalities Alliances, UNA) နှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center, ENAC) တို့ ပူးပေါင်းကျင်းပ သည့် မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများရေးဆွဲခြင်းအလုပ်ရုံ ဆွေးနွေးပွဲ (Drafting Key Principles and Characteristics for a Federal Union of Burma) ကို ရန်ကုန်တွင်ကျင်းပနေခြင်းဖြစ်သည် ။
NLD အစိုးရမှ ဦးဆောင်၍ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပ မည်ဖြစ်ပြီး ယခုအချိန်အထိ အပစ်မရပ်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ရရန် မသေချာသေးသဖြင့် ညီလာခံရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများလည်းရှိနေသည် ။
Tags: News, politic


