ညောင်ရွှေဟော် နန်းတော်ဝင်းအတွင်း ဈေးတန်းဖွင့်မည့်ကိစ္စ တော်ဝင်မိသားစုများစိုးရိမ်



ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမြှင့်တင်ရန် သမိုင်းဝင် အမွေအနှစ်ဖြစ်သော ညောင်ရွှေ ဟော်ဝင်းအတွင်း ညဈေးတန်း ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချမည့်သတင်းကြောင့် ညောင်ရွှေ ဟော်နန်း တော်ဝင် မိသားစုများ နှင့် သျှမ်းပြည်အရေးလေ့လာစောင့်ကြည့်သူများက အထူးစိုး ရိမ်နေကြသည် ။


'' ဟော်ဝင်းအတွင်း ညဈေးဖွင့်မယ့်ကိစ္စ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်စီစဉ်နေတယ် လို့ သတင်းစာ တွေထဲပါလာတော့ အရမ်းစိတ်ပူသွားတယ်။ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လောက်ပျက်စီး ထိခိုက် မလဲစဉ်းစားသာကြည့်တော့ ။ ဒီကိစ္စကျမတို့လုံးဝ လက်မခံနိုင်ပါဘူး '' ဟု သမ္မတဟောင်း စဝ်ရွှေသိုက် ၏ သမီးဖြစ်သူ စဝ်ဟေမာသိုက် ကပြောသည် ။


ယင်း ကိစ္စနှင့်ပတ်သက်၍ ညောင်ရွှေလွှတ်တော် အမတ်တစ်ဦးဖြစ်သော ဦးနေမျိုးအား ဆက်သွယ် မေးမြန်းခဲ့ရာ '' လတ်တလောအကောင်အထည် ဖော်နေတာတော့ မတွေ့ ရသေးပါဘူး၊ တကယ်လို့ လုပ်မယ်ဆိုရင်တော့ ကန့်ကွက်ကြလိမ့် မယ်ထင်တယ် '' ဟု ၄င်းကပြောသည် ။


ညောင်ရွှေဟော်နှင့်ပတ်သက်၍ သမ္မတဟောင်း စဝ်ရွှေသိုက်၏ ဇနီး ဒေါ်မြဝင်း မကွယ်လွန်မှီ ၂၀၁၃ မှစ၍ ၂၀၁၆ ဂျွန်လအထိ နိုင်ငံတော်သမ္မတ နှင့် သျှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ထံ ဟော်နန်းအား မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ မိသားစုစီမံမှု (Family Settlement) အဖြစ် ဟော် ဝန်းအား ပြန်လည်ရ ယူလိုကြောင်း စာတင်၍အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရ မှအကြောင်းတစ်စုံ တစ်ရာပြန်ကြားခြင်းမရှိခဲ့ဟု စဝ်ဟေမာသိုက်ကရှင်းပြသည် ။


မြန်မာနိုင်ငံပထမဆုံးသမ္မတ အင်းလေးဒေသကို အုပ်ချုပ်မင်းလုပ်သူ စဝ်ရွှေသိုက် စံမြန်းသည့် ဟော်ယောင်ဟွေ့ (ညောင်ရွှေဟော်နန်း) သည် ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်း စဉ်မှစ တော်ဝင် မိသားစုများ နေထိုင်ခွင့်မရဘဲ သမိုင်းပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓဝင်ပြတိုက် အဖြစ် အာဏာရ မြန်မာစစ်အစိုးရက အမည်အမျိုးမျိုးပြောင်းလဲ ခေါ်ဝေါ် သတ်မှတ်ခဲ့သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates