ပီကင်းအခြေစိုက် တရုတ်အဆင်မြင့် အရာရှိများနှင့် ၀ ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံ



ဒ်ါအောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်ရောက်ပြီး တရက်အကြာ သြဂတ်စ် ၂၂ ရက်နေ့မှ စတင်ကာ တရုတ်ဗဟိုအစိုးရ ကိုယ်စားလှယ်အချို့ ၀ ၊ မိုင်းလား အဖွဲ့တို့ သည် တရုတ် မြန်မာနယ်စပ် လန်ချန်းမြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၀ ၊ မိုင်းလားအဖွဲ့တို့နှင့် နီးစပ်သူထံမှ သိရသည် ။


သြဂုတ်လ ၂၂ ရက်နေ့တွင် မိုင်းလား NDAA အဖွဲ့နှင့် ၄င်း ၊ သြဂုတ်လ ၂၃ ရက်နေ့က အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့်၎င်း ၀ နယ်စပ် လန်ချန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည် ။


"ဘာတွေဆွေးနွေးလဲတော့မသိဘူး။ ၀ နယ်စပ် လန်ချန်းမှာ ဆွေးနွေးတာပါ။ ' ဟု နယ်စပ်အရေးအကဲခတ်တစ်ဦးက ပြောသည် ။


ယင်းကိစ္စနှင့် ပတ်သက်၍ ၀ တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ထံ တိုက်ရိုက် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပေ ။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်အတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ပင်က ကတိပြုခဲ့သည် ။


သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ၀ တပ်ဖွဲ့ ၊ မိုင်းလားအဖွဲ့တို့ပါ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်ဖွယ်ရှိသည်ဟု လည်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည် ။


တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့် MNDAA နှင့် AA ရက္ခိုင့်တပ်မတော်တို့မှာ လက်နက်ကိုင်လမ်းစဉ်နှင့် ပတ်သက်ပြီး ကြေငြာ ချက်ထုတ်ပြန်မှ ညီလာခံပေးတက်မည်ဟု အစိုးရ တပ်မတော်ဘက်မှ ဆိုခဲ့သောကြောင့် ကြေငြာချက် မထုတ်နိုင်သေးသည့်အတွက် လက်ရှိ အချိန်အထိ ညီလာခံတက်ရောက်ရေးမသေချာသေးပေ ။


ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အတွင်းတရုတ်အကူညီဖြင့် ကွမ်းလုံ တံတားတည်ဆောက်သွားမည်ဟု သဘောတူခဲ့ပြီး ကျောက်ဖြူကူမင်း ဆက်သွယ်မည့် ကားလမ်းကြောင်းကိစ္စ၊ ပိုးလမ်းမဟောင်း စီမံကိန်းနှင့် တရုတ်ရင်းနှီးမြှပ်နှံမှု ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည် ။


ကျောက်ဖြူကူမင်းမဟာဗျူဟာ လမ်းမမှာ ကိုးကန့်နယ်အတွင်းမှ သျှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသွားမည်ဖြစ်ပြီး မဟာဗျူဟာလမ်းမ အကောင်ထည်ဖော်ပြီး ကုန်သွယ်မှု အလုပ်ဖြစ်ရန်အတွက် နယ်မြေငြိမ်းချမ်းမှု လိုအပ်နေပါသည် ။


တရုတ်မြန်မာ မဟာဗျူ ဟာလမ်းမနှင့် ဖွံ့ဖြိုးရေး ကုန်သွယ်မှုစီမံကိန်းများနှင့် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀မှ ၈၀ ခန့် တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံမည်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates