သျှမ်းပြည်တောင်ပိုင်း ကျေးသီး နှင့် မိုင်းရှူးမြို့နယ် တို့တွင် ၂၀၁၇ ဂျန္နဝါရီ ၌ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်



ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် ဂျန္နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်မြင့်က သြဂုတ် ၂၂ ရက်တွင် ပြောသည် ။


ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေး ချမ်းမှုမရှိသေးခြင်းကြောင့် ရွေးကောက်ပွဲရပ်ဆိုင်းခဲ့သည့် သျှမ်းပြည် နယ်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် တို့အတွက် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်တွင် လာရောက်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးအပြီး သတင်းမီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည် ။


“ ကျေးသီးနဲ့ မိုင်းရှူးနှစ်မြို့မှာ ကျင်းပမယ်။ ကျန်တဲ့ မဲဆန္ဒနယ်တွေက လစ်လပ် ဘယ်နှစ်နေရာဆိုတာတော့ သူက ပြောမသွားဘူး ”- ဟု နေပြည်တော်လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းမီဒီယာသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည် ။


၂၀၁၅ ရွေးကောက်ပွဲတွင် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် အတွင်းရွေးကောက်ပွဲကျင်းပမည်ဆိုပါက တရားမျှတမှုရှိမည်မဟုတ်ဟု ဆို ကာ ရွေးကောက်ပွဲကော်မရှင်ထံ ကျားဖြူပါတီမှ တင်ပြခဲ့သောကြောင့် အဆိုပါဒေသအတွင်းရွေးကောက်ပွဲကျင်းပရန် ကော်မရှင်မှ ပိတ်ပင်ခဲ့သည် ။


ထိုစဉ်အစိုးရတပ်မတော် မှ မိုင်းရှူး၊ ကျေးသီး၊ နှင့် တန့်ယန်းမြို့နယ်အတွင်း အခြေစိုက်နေထိုင်သော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အချိန်လည်းဖြစ်သည် ။


ကျေးသီးမြို့နယ် အတွင်း မဲဆန္ဒရှင် ၄ သောင်းကျော်၊ မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင် ၅ သောင်းခန့်၊ တန့်ယန်းမြို့နယ်တောင်ဘက်ခြမ်းကျေးရွာ အုပ်စု ၈ ခု မဲဆန္ဒရှင် ထောင်ဂဏန်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတိုင်းပေးထားသည့် ဟိုပန်မြို့နယ် ၄၂ အုပ်စု တို့တွင်လည်း ဒေသခံ မဲဆန္ဒရှင် များမဲပေးပိုင်ခွင့်လှစ်ဟင်းခဲ့သည် ။


ထို့အတူ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ် နယ်မြေ မြို့နယ် ၄ ခု နှင့် NDAA မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်း လားမြို့နယ်တို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိ ပေ ။


ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့် မဲဆန္ဒနယ်မြေ များနှင့် အစိုးရအဖွဲ့ တွင် တာဝန်ပေးခံခဲ့ရသည့်အတွက် ကိုယ်စားလှယ် လစ်လပ်နေရာများရှိနေ ပြီး၊ လစ်လပ်မဲဆန္ဒနယ်များ အတွက်ပါ ကြားဖြတ်ကောက်ပွဲတွင် ထည့်သွင်းကျင်းပရမည်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates