၂၁ ပင်လုံသို့ သျှမ်းခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦးနှင့် ဗိုလ်ချုပ်ကြီးဆေထင်တို့ တက်ရောက်မည်



နပြည်တော်တွင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ သျှမ်းခေါင်းဆောင်များဖြစ်သည့် ခွန်ထွန်းဦး နှင့် ဗိုလ်ချုပ်ကြီးဆေထင်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည် ။


“ကျနော်ကတော့ တက်မယ် ၃၀ ရက်နေ့မှ နေပြည်တော်သွားမယ်။ နိုင်ငံရေးပြဿနာက နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းရမယ်လေ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးက သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့မှ ၂၁ ပင်လုံတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စာတမ်းကို တင်သွင်း ဖတ်ကြားမည်ဖြစ်သကဲ့သို့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ သျှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ RCSS/SSA တို့မှ ကိုယ်စားလှယ်အချို့လည်း ၂၁ ပင်လုံတက်ရန် နေပြည်တော်သို့ ကြိုတင်ရောက်ရှိ နေသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်းမရှိသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်း တပ်မတော်မြောက်ပိုင်းမှာ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်က ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခြင်း မရှိခဲ့ပေ ။


သျှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထင်အနေဖြင့် ၂၁ ပင်လုံဖွင့်ပွဲသို့တက်ရောက် မည် ဖြစ်သော်လည်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်မှာ တက်ရောက်မည် မဟုတ်ဟု သတင်းရရှိထား သည် ။


သျှမ်းတပ်မတော်မြောက်ပိုင်းမှ ကိုယ်စားလှယ်များအနေဖြင့် ၂၁ ပင်လုံတက်ရန် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အသင့်ဖြစ်နေသော်လည်း တန့်ယန်းမြို့နယ်ရှိ သျှမ်းတပ်မတော်မြောက်ပိုင်း တပ်စခန်းအချို့ကို အစိုးရစစ်တပ်မှ သြဂုတ်လ ၂၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates