၂၁ ရာစုပင်လုံညီလာခံ လေ့လာသူအဖြစ် တိုင်းရင်းသားလူငယ်များ ဖိတ်ခေါ်ခံရ
ဩဂတ်စ်လကုန် နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့တက်ရောက်ရန် တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ် ၉ ဦးရွေးချယ်ထားကြောင်း သိရသည် ။
![]() |
| ဂျူလိုင်လကုန်က ပင်လုံမြို့တွင်ကျင်းပသော တိုင်းရင်းသားလူငယ်များညီလာခံမှ တိုင်းရင်းသားလူငယ်များ |
လေ့လာသူအဖြစ် ၇ ဦးနှင့် တရားဝင်တက်ရောက်ခွင့်ရှိသူ ၂ ဦးတို့ဖြစ်ကြောင်းသိရသည် ။
တက်ရောက်လေ့လာမည့်သူများမှာ- ခင်စန္ဒာထွန်း ၊ အုပ်စိုး ၊ မင်းလွင်ဦး ၊ စောကျော် လင်းထွန်း ( စောထွန်းထွန်း) ၊ ဆလိုင်းဖီလီမွန်ဘွေး ၊ ကျော်မျိုးသူ ၊ ကျော်ကိုကိုရှိန် တို့ဖြစ်ပြီး အခမ်းအနားတက်ရောက်မည့်သူ၂ ဦးမှာ မတင်တင်နွဲ့ နှင့် စောလေးကဖော တို့ဖြစ်ကြောင်းဆိုပါသည် ။
“ ကျား (၇) ဦး မ (၂) ဦး စုစုပေါင်း (၉) ဦးပါ။ ရခိုင် ၊ ကမန်၊ ဓနု၊ အင်းသား၊ ဗမာ၊ ချင်း၊ ထားဝယ်၊ ကရင်၊ ကဒူး တို့တက်ပါမယ်။ ကိုယ့်စရိတ်နဲ့ကိုယ်တက်တာဖြစ်ပါတယ်။” ဟုလည်း ဆိုသည်။
ထိုသို့ နီးကပ်မှ သာ တိုင်းရင်းသားလူငယ်များအား ဖိတ်ခေါ်ခြင်းဖြစ်ပြီး လေ့လာသူအဖြစ်သာ အမည်တပ်ထားသည့်အပေါ် တိုင်းရင်းသားလူငယ်များ ရင်တွင်းခံစားချက်များ တက်ပြရန်၊ တန်းတူညီမျှခွင့်ရရေးအတွက်တင်ပြရန် မလွယ်ကူမည့် အခြေအနေဖြစ်ကြောင်း မွန်တိုင်းရင်း သားလူငယ် မင်းနောင်းထောက ပြောသည် ။
“ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ပြီးတော့မှ ကျနော်တို့အားလုံးအေးအေးချမ်းချမ်းနဲ့ တူတူနေနိုင်မယ်လို့ကျနော်တို့မျှော်လင့်တယ်။ ဒါပေမယ့်လည်း ကျနော်တို့သိရသလောက် တော့ တင်ပြနိုင်ဖို့အတွက် ခက်ခဲမယ်ထင်တယ်။ ဘယ်လိုခက်ခဲမလဲဆိုတော့ မိုင်ဂျာယန် ဆုံး ဖြတ်ချက်က သုံးပွင့်ဆိုင်ဆိုတာကို ဟိုးယခင်တောင်းဆိုထားတဲ့အတိုင်း ၃ ပွင့်ဆိုင်ဆို တာကိုဘဲ ပြန်ပြီးတော့မှဆုံးဖြတ်ထားတာတွေရှိတယ်။ဒါပေမယ့်အခုဖြစ်နေတဲ့ပရောဆက်ကအဲလိုမဟုတ်နေဘူး ဆိုတော့ ဘယ်လိုတွေဆက်ပြီးတော့ ညှိနှိုင်းပြီးလုပ်မလဲဆိုတာကိုတော့ ကျနော်တို့ကတော့ စောင့်ကြည့်ရမယ့်သဘောတော့ရှိနေတာပေါ့ ။ ”
အလားတူ တိုင်းရင်းသားလူငယ်များအတွက် ၂၁ ရာစုပင်လုံညီလာခံတွင်နေရာတခုပေးသင့် သည်ဟု မြင်မိကြောင်းပြောဆိုသည့် မိုင်းမိုင်ကလည်း ညီလာခံတက်ဖို့ ဖိတ်ခေါ်ခံရမှုအပေါ် ဤကဲ့သို့ပြောဆို သည် ။
“ သာမာန် ဘဲကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာလူငယ်တွေကို အရေးပေးတယ် လို့မြင်တယ်။ သို့သော်လည်း ကျမတို့ကိုလေ့လာသူအနေနဲ့ဘဲ ဖိတ်တော့ တိုင်းရင်းသားလူငယ် တွေရဲ့ အသံတွေရနိုင်ဖို့တော့ နေရာလေးတခုတော့ပေးသင့်တာပေါ့နော်။ အဲတာကြောင့် ဝမ်းသာစရာလို့ပြောနိုင်ပေမယ့် ပြည့်ဝတဲ့ဝမ်းသာမှုမျိုး မရဘူးလို့ပြောလို့ရပါတယ်။ သို့သော် လည်း လုပ်ရမယ့်အလုပ်တခုလို့ကျမတို့အနေနဲ့မြင်ပါတယ်။ ဒါကြောင့် ကျမတို့ တိုင်းရင်းသား လူငယ် တွေရဲ့အသံကိုဒီငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ရောက်အောင်သွားနိုင်ဖို့ကျမတို့ နည်းလမ်းပေါင်းစုံနဲ့ကျမတို့သွားနေပါ့မယ် ။ အဲ့ကြောင့်မို့လို့ကျမတို့ လူကြီးတွေအနေနဲ့လည်း ကျမတို့တိုင်းရင်းသားလူငယ်တွေကို လက်တွဲခေါ်ပါဦးလို့ ကျမတို့တိုက်တွန်းပြောကြား ချင်ပါတယ် ။”
တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့ Nationalities Ethnic Youth Alliance အား ပြီးခဲ့သည့် ဂျူလိုင်လ နှောင်းပိုင်းက ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံမှ ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူငယ်များ စည်းလုံး ညီညွတ်ခြင်းမှ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ လှမ်းတက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ၇ ရပ်ဖြင့်ဖွဲ့စည်းထားသည် ။
Tags: News, politic


