သျှမ်းပြည်မှုံရီဆိုင်းရတဲ့အကြောင်း ဘန်ကောက်မြို့တော်ရှိ တက္ကသိုလ်တခု၌ဟောပြောပွဲလုပ်



“သျှမ်းပြည်မှုံရီဆိုင်းရတဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတခုကို ထိုင်းနိုင်ငံဘန်ကောက်မြို့တော် သီရိနတ်ခရင်းထရာဝိရုဒ် တက္ကသိုလ် နှင့် မတိချွန်းသတင်းစာတို့ ပူးပေါင်း ကမကထပြုကာ အဆိုပါ တက္ကသိုလ်ဟောခန်းမ၌ ယနေ့ ဩဂတ်စ် ၂၄ ရက် မွန်းလွဲ ၁ နာရီ မှညနေ ၄ နာရီခွဲအထိ ပြုလုပ်ကျင်းပခဲ့သည် ။


အဆိုပါ ဟောပြောပွဲ ဆယ်မီနာ သို့ သျှမ်းလူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ငြိမ်းချမ်းရေးဆုရှင် နန်းချမ်တောင်း၊ ဂဆိတ်ဆတ်တက္ကသိုလ်မှ ဒေါက်တာ လလိတာ ဟန်ဝုန်း၊ သမိုင်းသုတေသန ပညာရှင် မစ္စတာ ဆုံလစ် လူးချိုင်း၊ ထမ္မဆတ် တက္ကသိုလ်မှ မစ္စတာ အတ်ခရဖုန်း ခမ်းခွန် တို့အပြင် သုတေသနဆရာများ၊ သမိုင်း ပညာရှင်များ၊ ဆရာ ဆရာမများ ကျောင်း သူကျောင်းသားများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည် ။


သမိုင်း သုတေသန ပညာရှင် မစ္စတာ ဆုံလစ် လူးချိုင်း က သီပေါစော်ဘွား နှင့် မဟာဒေဝီ သုစန္ဒီ တို့၏ သီပေါအချစ်ဇါတ်လမ်း မှုံရီဆိုင်းတိုင်းမြန်မာ ဖြစ်မှန် ဇါတ်လမ်း နှင့် ထိုစဉ်သမိုင်းအကြောင်း၊ မြန်မာ့သမိုင်း သျှမ်းသမိုင်းအကြောင်း ဒွန်တွဲ ဟောပြောကြောင်း၊ ဂဆိတ်ဆတ်တက္ကသိုလ်မှ ဒေါက်တာ လလိတာ ဟန်ဝုန်းက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်လာပုံနှင့် ဇာတိသားလူမျိုးများအကြောင်း .. စသဖြင့်  အသီးသီးဟောပြောခဲ့ကြသည် ။


ဟောပြောပွဲ၌ ဟောပြောသွားသည့်အကြောင်းအရာကို နန်းချမ်တောင်း က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြပါသည် ။


“လက်ရှိအခြေအနေမှာ ကျမတို့တိုင်းပြည်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားကြပေမယ့် တိုက်ပွဲက ခုထက်ထိ မရပ်သေးဘူး။ တိုက်ပွဲတွေရှိနေသရွေ့ဒေသခံ လူထု စစ်ဘေးစစ်ဒဏ်ခံနေရတယ်။ လယ်ယာခြံမြေ နေအိမ်တွေ ထားပြီးထွက်ပြေးတိမ်းရှောင်နေရတယ်။ လူအခွင့်အရေးလဲ ကျူးလွန်နေမှုတွေ ဆက်ရှိနေတာတွေ့နေရတယ်” - ဟု ပြောသည် ။


သီရိနတ်ခရင်းထရာဝိရုဒ် တက္ကသိုလ် နှင့် မတိချွန်းသတင်းစာတို့ ပူးပေါင်းပြီး ဟောပြောပွဲလုပ်ရခြင်း အကြောင်း ရင်းမှာ ၁၉၆၂ ခု ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းစဉ်က သီပေါစော်ဘွား နှင့် ၎င်း၏ မဟာဒေဝီ သုစန္ဒီတို့၏ ဘ၀ဇါတ်လမ်းမှန်ကို အခြေခံပြီး ရိုက်ကူးထားသည့် Twilight Over Burma မှုံရီဆိုင်းတိုင်းမြန်မာ အမည်ရ ရုပ်ရှင် ကို မြန်မာ နိုင်ငံအပါအဝင် ထိုင်းနိုင်ငံတွင် ရုံတင်ပြသမှု ပိတ်ပင်ခြင်းခံရ ခြင်း ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်းဆိုပါသည် ။


ဩစတြီးယားနိုင်ငံသား ဒါရိုက်တာ Sabine Derflinger ရိုက်ကူး ထားသောကြာချိန် ၉၉ မိနစ်ကြာ Twilight over Burma ရုပ်ရှင်ကား ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က သျှမ်းပြည်အခြေနေ ၊ သာယာဖွယ်လွမ်းမောဖွယ်နှင့် စစ်အာဏာရှင်စနစ်၏ စက်ဆုပ်ရွံရှာဖွယ်များလည်း ပါဝင်ပါသည် ။


သီပေါစော်ဘွားသည် အာဏာရှင် ဦးနေဝင်း အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် သျှမ်းစော်ဘွားများအနက် စော်ဘွားတပါးဖြစ်ပြီး အဖမ်းခံရပြီးနောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ သီပေါတော်ဝင်မိသားစုများ ယနေ့တိုင် မြန်မာအစိုးရထံ စာရေးမေးမြန်းစုံစမ်းနေသေးကြောင်း နန်းချမ်တောင်းက ပြန်လည်ပြောပြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates