ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလိုလားချက်ထည့်သွင်းရေးဆွဲရမည်ဟု ၂၁ ရာစု ပင်လုံ ညီလာခံသို့ ကျားခေါင်းပါတီတင်သွင်း



S.N.L.D ပါတီ  ဗဟိုအလုပ်မှုဆောင် စိုင်းထွန်းအေး
နပြည်တော် MICC -2 ဟောခန်းမ၌ ကျင်းပသည့် ၂၁ရာစု ပင်လုံ ညီလာခံ ဒုတိယမြောက်နေ့ စက်တင်ဘာ ၁ ရက်နေ့ တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် S.N.L.D  ပါတီမှ စာတမ်းဖတ်ကြားရာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားလိုအပ်ချက် ထည့်သွင်းရေးဆွဲရမည်ဆိုသည့်အချက်ပါ ဖတ်ကြားတင်သွင်းခဲ့သည် ။


ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားအားလုံး၏လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အရေးကို မှန်မှန်ကန်ကန်တိတိကျကျ ထည့်သွင်းပေးနိုင်မှသာလျှင် တိုင်းရင်းသားအရေး ကိုဖြေရှင်းနိုင်မည်ဟု S.N.L.D ပါတီ၏ ဗဟိုအလုပ်မှုဆောင် စိုင်းထွန်းအေး က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောသည် ။


“ ဒီ ၂၀၀၈ အခြေခံဥပဒေ သတ်မှတ်တာ တပ်မတော်ကိုအထူးအခွင့်အရေးပေးထားတာပေါ့ ။ တပ်မတော်ကလည်း ၂၀၀၈ ကို ကာကွယ်နေတဲ့အောက်မှာ ယခုလက်ရှိမှာလည်းတိုင်းရင်းသားတွေ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာ လက်နက်ကိုင် တပ်ဖွဲ့ရဲ့လွှမ်းမိုးမှုအောက်မှာ ခံနေရတဲ့ အနေထားမှာ ရှိတယ်။ အဲ့တော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ လိုလားချက် ပင်လုံကတိကဝတ်ဆိုင်ရာ သဘောတူညီချက်တွေကို အကောင်အထည်ဖော်သွားရမယ်။ ဒါအရေးကြီးဆုံး အချက်ဘဲ”ဟု ၄င်းကပြောသည် ။


၂၁ ရာစု ပင်လုံညီလာခံမှ  အဖြေထုတ်မည့် ညီလာခံ မဟုတ်ကြောင်း နှင့်  မိမိပါတီ အဖွဲ့အစည်း၏ ရပ်တည်ချက်၊ အကြံပြုချက်ကိုတင်ပြသည့် ညီလာခံသာ ဖြစ်ကြောင်း နိုင်ငံရေးပါတီများအစုအဖွဲ့ မှ အထွေထွေအတွင်းရေးမှူးစိုင်းကျော်ညွန့်ကပြောသည် ။


“ နိုင်ငံကိုတည်ဆောက်လာတယ်။ ကိုလိုနီနယ်တွေနဲ့ တည်ဆောက်လာပြီးတော့လွတ်လပ်တဲ့ ကိုလိုနီနယ်တွေနဲ့ အတူတကွ ပြည်ထောင်တွေစုပြီး ပြည်ထောင်စုပုံစံဖြစ်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ပြန်အသိပေးတာရှိတယ်” ဟုပြောသည် ။


၂၁ ရာစု ပင်လုံညီလာခံ ဒုတိယမြောက်နေ့တွင်တိုင်းရင်းသားကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများ ၊အစိုးရဘက်နှင့် တပ်မတော်ကိုယ်စားလှယ်များ စုစုပေါင်း ၃၂  ဖွဲ့က စာတမ်းတင်သွင်း ခဲ့ကြသည်။ UWSA  တပ်ဖွဲ့ကိုယ်စားလှယ်များကသာညီလာခံမှ နှုတ်ထွက်သွားသောကြောင့် စာတမ်းဖတ်ကြားခြင်း မရှိခဲ့ပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates