လဲချားမြို့ ကျောင်းပန်ဆရာတော် အန္တိမဈာပနပွဲတော် စက်တင်ဘာလကုန်တွင်ကျင်းပမည်



သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ကျောင်းပန်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးသီဟနာဒသက်တော် ၅၆ ဝါတော် ၃၇ သည် စက်တင်ဘာလ ၂၀ ရက်မနက်ပိုင်းကဖျားနာ၊ ဝမ်းကိုက်ရောဂါဖြင့် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည် ။


ဆရာတော်၏ ရုပ်ကလပ်အား လက်ရှိတွင် ကျောင်းပန်ကျောင်းတိုက်တွင်ထားရှိပြီး ၇ ရက်မြောက်ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့ တော်သလင်းလဆုတ် ၁၁ ရက် အင်္ဂါနေ့တွင် အဂ္ဂိဈာပန အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်သံဃာများနှင့် ရပ်ရွာမိဘ ဒကာများ ယနေ့ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည် ။


ဆရာတော်၏ တပည့်သံဃာတပါးဖြစ်သည့် ဦးပန်တ၀ က “ ရပ်နီးရပ်ဝေးက ဆရာတော်ရဲ့ တပည့်သံဃာတွေနဲ့ ဒကာ ဒကာမတွေကို ဖိတ်ခေါ်ဖိတ်ကြားပါတယ်။ ဆရာတော်ရဲ့ နောက်ဆုံးခရီးကို ဒါနပြု ဖူးမျှော်လိုသူတွေပေါ့။ ” ဟု မိန့်တော်မူသည် ။


ဆရာတော်သည်လဲချားမြို့ ကျောင်းပန်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေထိုင်လာသည်မှာ ၁၈ နှစ်ရှိပြီဖြစ်ပြီး ၊  ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ သျှမ်းစာပေသင်ကြားရေးတို့တွင် တတပ်တအားပါဝင်ကူညီမြှင့်တင်ပေးခဲ့သည် ။


၂၀၁၅-၂၀၁၆ အတွင်းအစိုးရတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ကြားဖြစ်ပွါးသောတိုက်ပွဲများကြောင့် နေရပ်မှစွန့်ခွာစစ်ရှောင်သူများသည် လဲချားမြို့ ဝမ့်ပန်ဘုန်းကြီးကျောင်းသို့ရောက်ရှိခိုလှုံရရာ ဆရာတော်ဘက်မှ တတ်အားသမျှ ကူညီစောင့်ရှောက်မှုများပေးခဲ့သည် ။


ထို့အပြင်ဆရာတော်မှ သင်ကြားပျိုးထောင်ပေးခဲ့သော တပည့်သံဃာတော်တော်များများမှာ ရန်ကုန်၊ မန္တလေး အစရှိမြို့ကြီးများနှင့် နိုင်ငံရပ်ခြားအထိသွားရောက်ပညာဆက်လက်သင်ယူလေ့လာနေသည် လည်းရှိပါသည် ။


ဆရာတော်သည် လဲချားမြို့ ဝမ့်ဆန်းအုပ်စု ကောင်းဟုန်းရွာမှ ပူကျောင်းမူး နိုင်းကျောင်းစမ်  တို့၏ သားဖြစ်ပြီး ကောဇာသက္ကရာဇ် ၁၃၂၂ တွင် ဖွားမြင်တော်မူခဲ့သည်။ အသက် ၁၂ နှစ်ကတည်းက သင်္ဃန်းဝတ်ခဲ့သော ငယ်ဖြူတပါးဖြစ်ပါသည် ။


ကျောင်းပန်ကျောင်းတိုက်တွင်ကျောင်းထိုင်ခဲ့သည့်သက်တမ်းတလျှောက် ရပ်ရွာဖွံ့ဖြိုးရေးအကျိုးပြုလုပ်ငန်းများ သျှမ်းစာပေသင်ကြားမှုလုပ်ငန်းများအစဉ်အစိုက်လုပ်ဆောင်လာခဲ့သည့် ဆရာတော်တပါးဖြစ်ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates