သျှမ်းနီအမည်မှန်ရရေး၊ ပြည်နယ်ရရေးအတွက် လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆို
သျှမ်းနီလူမျိုးအမည်မှန်သတ်မှတ်ပေးရေးနှင့် ပြည်နယ်ရရှိရေးအတွက် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့တွင် ယနေ့မနက်ပိုင်းက သျှမ်းနီလူထု သောင်းနှင့်ချီ စီတန်းလှည့်လည်ဆန္ဒပြတောင်းဆို ခဲ့ကြသည် ။
“ ကျနော်တို့တောင်းဆိုတာဟာ မတရားတောင်းနေတာမဟုတ်ဘူး။ လွန်ခဲ့သော နှစ်ထောင်ချီကတည်းက ဒီနယ်မြေမှာနေလာခဲ့တယ် ။ လွတ်လပ်ရေး မရခင်အထိ ဒီနယ်မြေတွေဟာ ကျနော်တို့နယ်တွေပဲ ကိုယ့်ဘိုးဘွားပိုင်မြေတွေကို တောင်းတာပါ ” ဟု မြန်မာနိုင်ငံလုံဆိုင်ရာ သျှမ်းနီ လူငယ်အဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ စိုင်းသန်းလင်းက သျှမ်းသံတော်ဆင့်အားပြောသည် ။
ဟုမ္မလင်းမြို့တွင်းတွင်ပင် လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟုသိရသည် ။
သျှမ်းနီလူမျိုးအမည်ကို တရားဝင်သတ်မှတ်ပေးနိုင်ရေး၊ သျှမ်းနီပြည်နယ်ရ ရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေး၊ ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေး အစရှိ တောင်းဆိုချက် များရေးသားထားသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ချီတက်တောင်းဆိုခဲ့ကြသည် ။
“ မှတ်ပုံတင်ထဲမှာ လူမျိုးအမည်ကို သျှမ်း-ဗမာ၊ ဗမာ လို့မှားယွင်းရေးသားထားတဲ့ဟာတွေကို သျှမ်း၊ သျှမ်းနီ လို့အမှန်ပြန်ပြင်ပေးဖို့ပေါ့ ။ အစိုးရကိုတိုက်တွန်းတောင်းဆိုထားတယ်” ဟု၎င်းပြောသည် ။
ဆန္ဒထုတ်ဖော်ပွဲတွင် ဟုမ္မလင်းမြို့နယ် အတွင်းရှိ သျှမ်းနီလူထုနှင့်အဖွဲ့အစည်းများ ၊ မြန်မာပြည် မြောက်ပိုင်းရှိ သျှမ်းအဖွဲ့များ ၊ တမူးမြို့နယ် ၊ ခန္တီးမြို့နယ် ၊ ပင်လည်ဘူးမြို့နယ် ၊ ဗန်းမောက်မြို့နယ် ၊ ဖောင်းပြင်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့မှ သျှမ်းနီကိုယ်စားလှယ် များ ပူးပေါင်းပါဝင်ခဲ့ကြသည် ။
ပြီးခဲ့သည့် ဩဂတ်စ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ နေပြည်တော်တွင်ကျင်းပသော ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းလိုင်(သျှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် က- “ သျှမ်းနီလူမျိုးများ နေထိုင်ရာ ဒေသများဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး သျှမ်းနီပြည်နယ် သတ်မှတ်ပေးရန်၊ သျှမ်းနီလူမျိုး အမည် ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် ” - တင်ပြတောင်းဆိုထားသည် ။
Tags: News, politic




