လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆု ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်မှု တိုင်းရင်းသားအင်အားစုများ ဝေဖန်



အမေရိကန်ခရီးစဉ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုကို ဟားဗတ် တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်မှုအပေါ် တိုင်းရင်းသားအင်အားစုများ အကြား ဝေဖန်မှုများ ရှိနေသည် ။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်စခန်းများသို့ ကိုယ်တိုင်သွားရောက်ခြင်း မရှိသည့်အပြင်  အစိုးရသစ်လက်ထက်တွင်ပင် တိုင်းရင်းသား ဒေသများရှိ စစ်ဘေးရှောင်များ တည်ရှိရာ ဒေသအချို့သို့ စားနပ်ရိက္ခာပို့သည့် ယာဉ်တန်းများ သွားလာခွင့် ပိတ်ပင်ထားမှုများ  ရှိခဲ့ဖူးသည့်အပေါ် ဝေဖန်မှုပြုခဲ့ကြခြင်းဖြစ်သည် ။


“ Humanitarian Award လို့ ပြောရင် ကျနော်တို့ နားလည်တာက တကယ်ကွင်းဆင်း  အလုပ်နေတဲ့ လူတွေကို ပေးတာဘဲ။ ဥပမာ ပြောရရင်  ကချင်ဒုက္ခသည်အတွက် လုပ်ပေးနေတဲ့လူဖြစ်သလို ရခိုင်ဘက်က မူဆလင်ပဲဖြစ်ဖြစ် ရခိုင်အတွက်ပဲဖြစ်ဖြစ် လုပ်ပေးနေတဲ့ လူတွေ ဖြစ်ရမှာပေါ့ဗျာ။ နောက်ထပ် ရှမ်းမြောက်ဘက်မှာ စစ်ဘေး  ဒုက္ခရောက်နေတဲ့လူတွေ ကိုယ်တိုင်သွားပြီး လုပ်ပေးနေတဲ့ လူတွေ ဖြစ်ရမယ်။  ဒါက ဖြစ်သင့် ဖြစ်ထိုက် ရွေးချယ်သင့် ရွေးချယ်ထိုက်တဲ့သူပေါ့။ ဒါပေမဲ့ အခု ဒီ foundation လုပ်သွားတာက ဒုက္ခသည်စခန်းကို တခါမှ မရောက်သေးတဲ့ လူကို သွားပေးတော့ မေးခွန်းမေးစရာ ဖြစ်လာ တာပေါ့ ။ ဒါမှမဟုတ်  ဒေါ်အောင်ဆန်းစုကြည်ကို နောက်နောင် ဒုက္ခသည် စခန်းအထိ ရောက်အောင်  သွားဖို့ တွန်းအားပေးတဲ့သဘောလား။” ဟု တိုင်းရင်းသားရေးရာ သတင်းများရေးသားနေသူ လဝီဝမ်က မှတ်ချက်ပြုသည် ။


အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်တွင် စက်တင်ဘာလ ၁၇ ရက် စနေနေ့ညနေပိုင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုကို ဟားဗတ် တက္ကသိုလ်မှ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့သည် ။


အစိုးရသစ်လက်ထက်အထိ ကေအိုင်အေ ထိန်းချုပ်နယ်မြေများ အပါဝင် ကချင်နှင့် သျှမ်း မြောက်ဒေသ စစ်ဘေးရှောင်စခန်းများထံ အကူအညီနှင့် ရိက္ခာပို့မည့် ယာဉ်တန်းများ သွား လာခွင့်မှာ အင်မတန် ခက်ခဲနေသည်ဟု တိုင်းရင်းသား အင်အားစုများကလည်း ဆိုသည်။
NLD ပါတီဝင်များနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့အနေဖြင့် ယခင်က ရံဖန်ရံခါ စစ်ဘေးရှောင်စခန်းများထံ လှူဒါန်းမှုများရှိသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်စခန်းများထံ သွားရောက်လှူဒါန်းရန် ခက်ခဲနေသည့် အပေါ် အစိုးရတရပ်အနေဖြင့် ဖြေလျှော့ပေးရန် လုပ်ဆောင်သင့်သည် သုံးသပ်မှုများလည်း ရှိနေသည် ။


ကေအိုင်အေ ထိန်းချုပ်နယ်မြေအပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေ များရှိ ဒုက္ခသည်စခန်းများသို့ UN အပါဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ရိက္ခာသွား ရောက် ပေးပို့ခွင့်ကို ၂၀၁၄ ခုနစ် စက်တင်ဘာလကတည်းက ပိတ်ပင်ထားသည် ။


‘ ဆုက ဘာအဓိပ္ပာယ်လည်းတော့ ကျနော်မသိဘူး။ အထူးသဖြင့် တိုက်ပွဲကြားက စစ်ဘေးဒုက္ခသည်များ လှည့်မကြည့်တာ ရေငုံနှုတ်ပိတ်နေတာ မကောင်းပါဘူး။ ‘ ဟု SSPP/SSA သျှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြန်ကြားရေးဌာနမှ စိုင်းဘုန်းဟန်ကလည်း ဆိုသည် ။



ဒေါ်အောင်ဆန်းစုကြည် ဟားဗတ်တက္ကသိုလ်တွင် ဆုယူနေချိန်တွင် ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားအချို့မှလည်း အဆိုပါ ဆုပေးအပ်မှုအပေါ် ဆန္ဒပြခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ဒုက္ခသည်များ အခြေနေမှာ အစိုးရသစ်လက်ထက်အထိ ဆိုးရွားနေသည်ဟု ဆိုကြသည် ။


တိုင်းရင်းမီဒီယာ သတင်းဌာနဖြစ်သည့် ချင်းဝေါလ်မှ ထုတ်ဝေသူ ဆလိုင်းမာန်းကမူ ‘ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆုပေးတိုင်း မယူသင့်ဘူးလို့ ကျနော်ယူဆတယ်။ လူတွေ အမြင်မှာ နိုင်ငံရေးလုပ်တာ ဆုယူနိုင်ငံရေးလို့ ယူဆကုန်မယ်။ ‘ ဟုမှတ်ချက်ပြုပြောဆိုသည် ။


ဒေါ်အောင်ဆန်းစုကြည်ကမူ ´ဒီဆုကို ကျမလုပ်ဆောင်ထားပြီးတဲ့ အရာအတွက် ရတဲ့ ဆုလာဒ်အဖြစ် မမှတ်ယူပဲ  အနာဂတ်မှာရရှိအောင်မြင်ဖို့ ကျမတို့ ကြိုးပမ်းနေတဲ့ အရာအတွက် ရှေ့ဖြစ်ဟော သင်္ကေတအဖြစ် ကျမ မှတ်ယူပါတယ်။ ‘ ဟု ဆုလက်ခံရယူပြီးချိန်တွင် ပရိသတ်များကို ပြောကြားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates