၂၁ရာစုပင်လုံ မှ ထာဝရငြိမ်းချမ်းရေးသို့ ဦးတည်လေမလား၊ တော်လှန်ရေးခရီးကြမ်း ဆက်ပြီး လှမ်းကြရ လေအုံးမလား



(၂၁) ရာစုပင်လုံ လို့ခေါ်ဆိုနေကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို အမျိုးသား ပြန်လည် သင့် မြတ် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ သြဂတ်စ်လ(၃၁)ရက်နေ့မှ (၃) ရက်နေ့ အထိကျင်းပပြီးစီးခဲ့ပါပြီ။ ညီလာခံမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးညှိ နိုင်းမယ့် အနာဂါတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို ဖွဲ့စည်းတည်ဆောက် ကြမ လဲဆိုတဲ့ မိမိ တို့ သဘောထားစာတမ်းများကို ဖတ်ကြားတင်သွင်းခဲ့ကြတာဖြစ်ပါတယ် ။


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့PPST နဲ့ သြဂတ်စ်လ (၂၄)က တွေ့ဆုံဆွေးနွေးစဉ် တက် ရောက် လာသူများကိုပြောကြားရာမှာ - “ဒီတခါအောင်မြင်အောင် လုပ်ချင် တယ် အောင်မြင်အောင်လုပ်နိုင်ရင် ကျမတို့နိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်တယ် ဒီတခါမအောင်မြင်ရင် နောက်ဘယ်လောက်ထိ စောင့်ရမလဲ၊ စောင့်နေတဲ့အချိန်အတွင်းမှာ ကျမတို့နိုင်ငံ ဘယ်လောက်ထိခိုက် နှစ်နာ မလဲဆိုတာ စဉ်းစားစေချင်တယ်” လို့ ပြောကြားခဲ့ပြီး အခုချိန်ထိ မြန်မာနိုင်ငံမှာ ဘာ့ကြောင့်ထာဝရငြိမ်းရေး မ တည်ဆောက်သေးနိုင်တာလဲဆိုတာကို စဉ်းစားကြဖို့ တိုက်တွန်းသွားကြောင်းလဲဆိုပါတယ် ။


တင်သွင်းလာတဲ့စာတမ်းတွေမှာ ဗမာ\ မြန်မာတိုင်းရင်းသားအများစုကို ကိုယ်စားပြုထားတဲ့ အစိုးရ၊ တပ်မတော် နဲ့ အခြားနိုင်ငံရေးပါတီကြီးငယ်များက ပထဝီဒေသပြည်နယ်ကိုအခြေခံဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု မျိုး ကိုလိုလားရပ်တည်ကြတာတွေ့ရပါတယ်။ ပထဝီအခြေခံပြည်နယ်များနဲ့ ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု မျိုးက လူများစုဖြစ်တဲ့ ဗမာ\ မြန်မာတိုင်းရင်းသားကနေ အခြားတိုင်းရင်းသားလူမျိုးများကို ဘာသာစကား၊ စာပေ ၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး ကဏ်ဏ္ဍအားလုံးမှာ လွမ်းမိုးထားနိုင်မှာဖြစ်ပါတယ် ။


တန်းတူတဲ့အမျိုးသားပြည်နယ်များကို အခြေခံပြီးဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုမျိုးကိုတော့ တိုင်းရင်းသား  လက်နက်ကိုင်တော်လှန်ရေး အင်အားစုအားလုံးနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအများစုက လိုလားတောင်းဆို နေကြတာဖြစ်ပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်ကျယ်ပြန့်လာနေတဲ့ မြို့ပြလူနေမှုစနစ်၊ အုပ်စိုးသူမြန်မာ အစိုးရ အဆက်ဆက်က မြန်မာ့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကိုသာ အားပေးပြဋ္ဌာန်း ပေးခြင်း၊ တိုင်းရင်းသား ရိုးရာ စာပေယဉ်ကျေးမှုများကို ချုပ်ခြယ်ပိတ်ပင်ခြင်း၊ မူလဋ္ဌာနေတိုင်းရင်သားမဟုတ်သော အထူးသဖြင့် ဘင်္ဂလားဒေ့ခ်ျနှင့်တရုတ်နိုင်ငံများမှလာပြီး အခြေချနေထိုင်ကြတဲ့ လူမျိုးနွယ်ကြီးများကလည်း လူမျိုးရေး၊ ဘာ သာရေး၊ စည်းပွားရေး၊ ယဉ်ကျေးမှု စသည် ချဲ့ထွင်ကြယ်ပြန့်လာမှုများက မူလဋ္ဌာနေတိုင်းရင်းသား လူမျိုးငယ် များအတွက် အနာဂါတ်ပျောက်နိုင်စေတဲ့ ခြိမ်းခြောက်မှုများဖြစ်ပါတယ် ။


အမျိုးသားအခြေခံဖွဲ့စည်းသော ပြည်ထောင်စုဆိုပါက မူလဋ္ဌာနေတိုင်းရင်းသားများအတွက် စာပေယဉ်ကျေးမှု၊ ဘာသာဓလေ့ထုံးတမ်းနဲ့ အမျိုးသားရေးလက္ခာဏာများကို ထိမ်းသိမ်းကာကွယ် မြင့်တင်ပေးနိုင်သော အခြေအ နေများ ပြဋ္ဌာန်းပေးနိုင်မှာပါ။  တန်းတူတဲ့ အမျိုးသားပြည်နယ်များနဲ့အခြေခံပြီး ဖွဲ့စည်းတဲ့ ဖက်ဒရယ်ြပည်ထောင်စု ဖွဲ့စည်းပုံသဘာဝအရ အခွင့်အာဏာတူညီတဲ့ လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းကြရမှာ ဖြစ်တဲ့အတွက် အထက်လွှတ်တော်(သို့)အမျိုးသားလွှတ်တော်ကို အမျိုးသားပြည်နယ်များမှ ဦးရေတူ ကိုယ်စား လှယ်များ ပို့လွတ်ပေးနိုင်မှာဖြစ်လို့ လူမျိုးငယ်များ၏ အခွင့်အရေးများကိုကာကွယ်စေမဲ့ သဘောထားပေးနိုင် ခွင့်၊ ဆုံးဖြတ်ချက်ပေးနိုင်ခွင့်များရရှိနိုင်မှာဖြစ်လို့ပါပဲ ။


အောက်လွှတ်တော်(သို့)ပြည်သူ့လွှတ်တော်မှာတော့ လူဦးရေကို ကိုယ်စားပြု  ပို့လွတ်ရမှာဖြစ်တဲ့အတွက် လူ များစုဒီမိုကရေစီအခွင့်ရေးကလည်း ရှိနေမှာဖြစ်ပါတယ်။ နိုင်ငံတော်၏အဓိကကျသည့် အစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စုတပ်မတော် အကြီးအကဲတာဝန်များကို တိုင်းရင်းသားလူမျိုးမိဘနှစ်ပါးမှ မွေးဖွားလာသူများကိုသာ ခန့်ထားရန် ပြဋ္ဌာန်းနိုင်မှာဖြစ်သည့်အတွက် နိုင်ငံတော်၏လုံခြုံရေးကိုလည်း ပိုမိုရရှိစေမှာပါ ။


နိုင်ငံတော်ရဲ့တစ်ခု တည်းသော ပြည်ထောင်စုတပ်မတော်ခေါင်းဆောင်များ အရာရှိများ အရာရှိလောင်းများကို လူမျိုးအလိုက်မျှတ စွာပါဝင်ထမ်းဆောင်စေခြင်းဖြင့် ပြည်ထောင်စုစိတ်ဓါတ် အပြည့်အဝရှိသောတပ်မတော်မျိုး ဖြစ်လာမှာဖြစ်ပြီး တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲ့အလိုကျ အသုံးချရန် ခက်ခဲသွားစေခြင်းကြောင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူမျိုးရေး ဖိနှိပ်ခံရမှုများအတွက် လုံခြုံမှုရစေမှာဖြစ်ပါတယ် ။


နိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းအရလည်း ပြည်ထောင်စုကို အမျိုးသားတန်းတူမှုဖြင့် အခြေခံပြီး ဖွဲ့စည်းခြင်း သည်သာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းတည်းဟူသော လောကပါလတရားနဲ့ ပြည့်စုံနိုင်မှာပါ။ အ တိတ်ကိုပြန်ကြည့်လျှင် မူလကသီးခြားလူမျိုး၊ သီးခြားစာပေယဉ်ကျေးမှု၊ သီးခြားနိုင်ငံ၊ နယ်မြေနဲ့အုပ်ချုပ်ရေး များ ရှိခဲ့ကြတာ တွေ့နိုင်ပါတယ်။ အေဒီ(၁၁)ရာစုမှ(၁၃)ခန့်အထိ မြန်မာဘုရင်အနော်ရထာမှလည်းကောင်း၊ အေဒီ(၁၅)ရာစုတွင် ဘုရင့်နောင်မှလည်းကောင်း၊ အေဒီ(၁၈)ရာစုတွင် အလောင်းဘုရားမှလည်းကောင်း၊ ထီး ပြိုင်နန်းပြိုင် မွန်၊ ရခိုင်၊ ရှမ်းနဲ့ အခြားလူမျိုးစုနယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မြန်မာအင်ပါ ယာများအဖြစ် ကျရောက်ခဲ့ ကြခြင်းပါ။ တစ်ဖန် ဗြိတိသျှတို့မှ တိုက်ခိုက်သိမ်းပိုက်၍လည်းကောင်း စာချုပ်စာ တမ်းအရလည်းကောင်း ဗြိတိသျှအင်ပါယာ ဖြစ်ခဲ့ရပြန်ပါတယ် ။


၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုခေါင်းဆောင်များက အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်ပေါင်းစု ပြည်ထောင်စုကြီးကို ဖွဲ့စည်းထူထောင်ကြရန် သ ဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ယနေ့ပြည်ထောင်စု ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အမျိုးသားရေးလိုအပ်ချက်နဲ့ နောင်ခံသမိုင်းကြောင်းအရ တိုင်းရင်းသားလူမျိုးစုများဟာ မိမိတိုရဲ့ တရားသော မူလရပိုင်ခွင့် အခွင့်အရေး ဖြစ် တဲ့  အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တစိုက်မတ်မတ် တိုက်ပွဲဝင် တောင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ် ။


ယခု(၂၁)ပင်လုံ ကနေ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်တောင်းဆိုနေခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီကို ဦးတည်နိုင်ပါ့မလားဆိုတာ ကြည့်ကြရအောင်ပါ ။


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုစီအဖွဲ့ချုပ်NLD အစိုးရကိုတော့  တိုင်းရင်း သားတို့ များစွာမျှော်လင့်အားထားခဲ့ကြပါတယ်။ NLD ပါတီရဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ အောင်မြင်မှုရလဒ်ကို စစ်အစိုးရ မျက်ကွယ်ပြုပြီး ငြင်းဆန်ခံခဲ့ရချိန်က ၁၉၉၀အနိုင်ရတိုင်းရင်းသားပါတီများနဲ့ မဟာမိတ်ပြုပြီး လွှတ် တော်ကိုယ်စားပြု ကော်မတီ(CRPP)အဖြစ် ကျောခြင်းကပ်ကာ စစ်အစိုးရကို အတူရင်ဆိုင်လာခဲ့ကြသလို တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း ဝိုင်းရံအားပေးခဲ့ကြတဲ့ ပါတီဖြစ်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားလူမျိုးအချင်းချင်း တန်းတူမှုကို အပြည့်အဝ အာမခံချက်ပြုခဲ့လို့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ချစ်ခင်ယုံကြည်မှုရရှိပြီး အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လေးစား ခဲ့ကြတဲ့ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်နေလို့ကလည်းတကြောင်းပါ ။


စတင်ဖွဲ့စည်းစဉ်က NLD ပါတီတွင်းမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို ခေါင်းဆောင်အများစု က လက်မခံကြပဲ အချို့သာလက်ခံတယ်လို့ အနီးကပ်ရေရှည်လက်တွဲ လုပ်ကိုင်ခဲ့ဘူးသူ ဦးအေးသာအောင်က ဆိုပါတယ်။ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို ဦးနေဝင်း စတင်အာဏာသိမ်းစဉ်ကတည်းက ဝါဒဖြန့်ခဲ့မှုကြောင့် ခွဲ ထွက်ရေးအဖြစ်လူထုကကြောက်ရွံ့နေတာမို့ အဲဒီစကားလုံးကို အစပိုင်းကသုံးစွဲဖို့ ရှောင်ရှားခဲ့တယ်လို့ ဒေါ်စု  ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ NLDထိပ်တန်းခေါင်းဆောင်အချို့က လက်မခံခဲ့တာက တကြောင်းလို့လဲ ဆိုရမှာပါ ။


မြန်မာ့နိုင်ငံရေးပါတီ ခေါင်းဆောင်များထဲမှာတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုတာကို ဒေါ်အောင် ဆန်းစုကြည်က အစောဆုံးသုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူမ စတင်သုံးစွဲလို့ မြန်မာနိုင်ငံရေးလှုပ်ရှားသူ အ များစုကပါ လက္ခံသုံးစွဲလာကြတယ်လို့ ဆိုရင်လည်း မမှားပါဘူး ။


ဒါပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုအခြေခံနဲ့ ဖွဲ့စည်းမယ်ဆိုတာကတော့ ပဟေဠိ အဖြစ်ပဲ ရှိလာခဲ့တာ ဖြစ်ပါတယ်။ NLDပါတီမှာ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒချမှတ်ထားမှု၊ တိကျတဲ့အနာ ဂါတ် ပြည်ထောင်စုတည်ဆောက်ရေး လမ်းပြမြေပုံမျိုးတွေ မကြားသိ မတွေ့ရှိခဲ့ရတာကြောင့် တိုင်းရင်းသားများ အနေနဲ့ အားမလိုအားမရဖြစ်မူတွေ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေလာခဲ့ကြတာပါ ။


၁၉၉၀ရွေးကောက်ပွဲအကြိုကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းခရီးစဉ်မှာ တိုင်းရင်းသားတွေအတွက် အမျိုးသားညီလာခံကျမှ အများကဆုံးဖြတ်တဲ့မူအတိုင်း ဆိုပြီး ပြောကြားခဲ့ဖူးတာရှိသလို NLDရဲ့ ဝါရင့်ခေါင်း ဆောင်နဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း တိုင်းရင်းသားမီဒီယာကို  “NLDကဖက်ဒရယ်ကို ဘယ်သူမှ မပြောခင်ကတည်းက ပြောခဲ့တယ် လက်ခံတယ် ဒါပေမယ့် ဖက်ဒရယ်က ပုံစံအမျိုးမျိုးရှိတဲ့အတွက် တိုင်းရင်းသားတွေသဘောထားက အရေးကြီးတယ် သူတို့အချင်းချင်းသဘောတူညီမှုကနေ ထွက်လာတဲ့ရလဒ် ကို NLDကလက်ခံမှာပါ ပါတီအနေနဲ့ သီးသန့်တင်ဖို့မရှိပါဘူး” လို့ ဖြေကြားခဲ့တာမျိုးကိုသာ တွေ့ခဲ့ရပါတယ် ။


အမေရိကန်ပြည်ထောင်စုကို စတင်ထူထောင်ခဲ့ကြတဲ့ ခေါင်းဆောင်များ(founding father) ဟာ သူတို့ ပြည် ထောင်စုရဲ့အခြေခံမူ စံနုန်းများကို လမ်းညွန်မူများ အကောင်းဆုံးချမှတ်ပေးနိုင်ခဲ့ကြပါတယ်။ ဘာသာရေး နိုင်ငံ ရေးဖိနိုပ်ချုပ်ချယ်မူက ရှောင်ရှားလာသူများ၊ အခြေခံလူ့အခွင့်အရေးများဆုံးရှုံး၍ ရှောင်ရှားလာသူများ၊  လည်း ကောင်းအခွင့်အရေးများကို လွပ်လပ်စွာကျင့်သုံးလို၍လည်းကောင်း စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိနိုင် ရန်အလို့ငှာလည်းကောင်း လာရောက်အခြေချနေထိုင်သူများကို အခြေခံပြီး ဖွဲ့စည်းတဲ့ပြည်ထောင်စုကို လွပ် လတ်စွာပြောဆိုရေးသားခွင့်၊ ပုံနိုပ်ထုပ်ဝေခွင့်၊ ယုံကြည်ကိုးကွယ်ခွင့် အခြေခံနဲ့ ပထဝီကိုအခြေခံတဲ့ ပြည်နယ် များဖြင့် စုဖွဲ့တဲ့ ပြည်ထောင်စုကိုတည်ထောင်ကြဖို့ ဦးဆောင်ချမှတ် ပေးခဲ့ကြပါတယ် ။


လွတ်လပ်ရေးဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကျတော့ ကွဲပြားတဲ့လူမျိုး၊ ကွဲပြားတဲ့နောက်ခံ သမိုင်းကြောင်း၊ ကွဲပြားတဲ့ဘာသာစကားယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့ပြည်ထောင် နယ်မြေများကို အခြေခံပြီး စုစည်းတည်ထောင် မယ့် ပြည်ထောင်စုနဲ့ သင့်မြတ်ဆီလျှော်သော တိုင်းရင်းသားလူမျိုးအချင်းချင်း တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်း နိုင်မှု၊ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ ပင်လုံစိတ်ဓါတ်၊ ပင်လုံစာချုပ် တို့ကို ဖေါ်ဆောင်ပြီး ပြည်ထောင်စု ကို တည်ထောင်ပေးခဲ့ပါတယ် ။


တကယ်တော့ တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ဖခင် ခံယူကျင့်သုံးခဲ့တဲ့ a leader must lead ဆိုတာနဲ့အညီ သူမဖခင်ဦးဆောင်ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါအနှစ်သာရများအရ  တိုင်းရင်းသား လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား ထားရှိရမည့် သဘောထား၊ ခံယူချက် စိတ်ဓါတ်များကို အခြေခံပြီးဖွဲ့စည်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမျိုးကို တိတိကျကျမူဝါဒတစ်ရပ်ချမှတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး နားလည် သဘောပေါက်လက္ခံလာအောင် ရှေ့ဆောင်လမ်းပြတာမျိုး အားထားမျှော်လင့်ခဲ့ကြပါတယ် ။


လက်တွေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်များမှာ “ လိုချင်တာတွေတောင်းပါ ကျမတို့ပေးမယ်လို့ အာမမခံဘူး ကျမတို့ဆွေးနွေးမယ် ” ဆိုသလို “ တိုင်းရင်းသား တွေအနေနဲ့ ကိုယ်ဘာတောင်းမလဲ ဆိုတာထက် ကိုယ်ဘာကိုပေးရမလဲဆိုတာကို စဉ်းစားပါ ” ဆိုတဲ့စကားလုံး များဟာ စေ့စပ်ဖြန်ဖြေတာထက် ဖိအားပေးတဲ့စကားလုံး ဆန်ဆန်များဖြစ်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းတွေကို သတင်းစာရှင်းလင်းပွဲမှာ အမေးခံရတဲ့ UNFCကိုယ်စားလှယ်ခေါင်းဆောင် ခူးဦးရယ်က “ ကျုပ်တို့ပြည်နယ်တွေ သွားကြည့်ပါဦး ။ တောင်တွေဟာမြေပြန့်တွေဖြစ်ကုန်ပြီ၊  မြစ်ချောင်းအင်းအိုင်တွေခန်းခြောက်ကုန်ပြီ၊ ကျုပ်တို့ လူထုကျေးရွာတွေ ပျက်စီးကုန်ပြီ၊ တစ်ချို့ဆိုဒုက္ခသည်စခန်းရောက်ကုန်ပြီ၊ သစ်ပင်ဝါးပင်တွေလည်း မရှိတော့ ဘူး။ ကဲ - ကျုပ်တို့က ဘာတွေထပ်ပေးရမလဲ ” ဆိုတဲ့ တိုင်းရင်းသားများရဲ့ ဘဝခံစားချက်များကို သူ့နှစ်လုံး သားက ထင်ဟပ်ပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်း ဆောင် ဦးခွန်ထွန်းဦး ရဲ့ “ဒေါ်အောင်ဆန်းစုကြည်လည်းအားကိုးလို့မရတော့ဘူး” ဆိုပြီး မှတ်ချက်ပေးခဲ့သလို NLDအစိုးရရဲ့ သဘောထားစာတမ်းထွက်လာတဲ့အခါမှာ စစ်တပ်နဲ့ပြည်ခိုင်ဖြိုးတို့နဲ့ အခြေခံသဘောအရတော့ ဒီပုတ်ထဲကဒီပဲဖြစ်သွားပြီလို့ ဆိုပါတယ် ။


ပြည်ခိုင်ဖြိုးဖက်ကိုကြည့်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ စစ်အစိုးရတစ်ဖြစ်လဲ ဦးသိန်းစိန်အစိုးရ စတင်လုပ်ဆောင်ချိန်မှာ သမ္မတဦးသိန်းစိန်နဲ့ သူ့ရဲ့အဖွဲ့ဝင်ဝန်ကြီးများဟာ အရင်စစ်ခေါင်းဆောင် အဆက် ဆက်တို့ရဲ့ ခေါက်ရိုးအတိုင်းပဲ နည်းဗျူဟာနဲ့စိတ်သဘောထားအတိုင်းသာ ကျင့်ကြံခဲ့ကြတာကို တွေ့ရ ပါ တယ်။ ကချင်တော်လှန်ရေး KIA တပ်နဲ့ ဗမာ\ မြန်မာ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားရင် KIA ကိုတဖက် သတ် အပြစ်တင်မှုတွေ ပြောလေ့ရှိပြီး ကရင့်တော်လှန်ရေးအဖွဲ့အစည်း KNU နဲ့ ငြိမ်းချမ်းရေးစကားပြောဆိုရာ မှာလည်း သေနတ်ကိုင်တဲ့လက်တွေကို ကွန်ပြူတာကိုင်ခွင့်ပေးလိုက်ရင် ငြိမ်းချမ်းသွားလိမ့်မယ်ဆိုတဲ့ စကားမျိုး ကို ပြောဆိုနေကြပါသေးတယ် ။


နောက်ပိုင်းမှာ သူ့ရဲ့ငြိမ်းချမ်းရေးစေတမန် ဝန်ကြီးဦးအောင်မင်းကနေတဆင့် အားလုံးပါဝင်နိုင်မယ့် ပင်လုံလို ညီလာခံမျိုး ဖေါ်ဆောင်ကြဖို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများကို ကမ်းလှမ်းလာပြီး ဗမာ့တပ်မ တော်ရဲ့ ကချင်ထိုးစစ်ကိုလည်း ရပ်ဆိုင်းဖို့ ညွန်ကြားပေးခဲ့ပါတယ်။ သို့ပေမဲ့ တပ်မတော်က မလိုက်နာခဲ့ပါဘူး။ ဆက်လက်ပြီး ဦးသိန်းစိန်က အနာဂါတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ နိုင်ငံလုံးဆိုင် ရာ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို အကောင်အထည်ဖေါ် လုပ်ဆောင်လာပါတယ် ။


သို့ပေမယ့် သူ့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်က အပြည့်အဝပူးပေါင်းပါဝင်မှု မရတာကြောင့် လက် နက်ကိုင်တော်လှန်ရေးအဖွဲ့ (၂၁)ဖွဲ့အနက် (၈) ဖွဲ့နဲ့သာ လက်မှတ်ထိုးနိုင်ခဲ့ပြီး သူ့ရဲ့အစိုးရသက်တမ်းမကုန် ခင်လေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပေးခဲ့ပါတယ်။ ရှိအပ်တဲ့အခြေခံအင်္ဂါရပ်များ နဲ့ ညီညွတ်မှု မရှိသေးတာကြောင့် ရလဒ်တစ်စုံတရာ မရရှိခဲ့ပေမယ့် တိုင်းရင်းသားများလိုလားတောင်းဆိုနေတဲ့ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတော့ NLDလွှတ်တော်ကိုယ်စားလှယ်အပါအဝင် တပ်မတော် သားကိုယ်စားလှယ် USDPလွှတ်တော်ကိုယ်စားလှယ်တို့က ကန့်ကွက်ခဲ့ကြတာကိုတော့ တွေ့ရှိခဲ့ရပါတယ်။ ယခု ပြီးခဲ့တဲ့ USDP ညီလာခံကျင်းပစဉ် ဦးသိန်းစိန်အမှာစကားပြောရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ဖြည့်ဆည်းပေးဖို့လိုအပ်ကြောင်း ဆိုတာ မျိုး ပြောကြားသွားခဲ့လို့ ပိုပြီးများကောင်းလာလေမလားအထင်နဲ့မျှော်ကိုးစောင့်ကြည့်ခဲ့ပေမယ့် (၂၁)ပင်လုံကို တင်သွင်းတဲ့ အစီရင်ခံစာ ထွက်ရှိလာတဲ့အခါ ၂၀၀၈ခုနှစ်ခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာ တွေဖြစ်တဲ့ တိုင်းရင်းသားများတန်းတူအခွင့်အရေးတွေ ပါဝင်တယ်လို့ တပ်မတော်နဲ့သဘောထားတစ်ထပ်ထဲ ဓါတ်ပြားဟောင်းကတော့ မရိုးနိုင်သေးတာကိုပဲ တွေ့ရှိရတာပါ ။


မြန်မာနိုင်ငံရေးပါတီအစုအဖွဲ့အချို့နဲ့ တက်ကြွလှုပ်ရှားသူများ ပညာရှင်များ စောင့်ကြည့်လေ့လာသူများထဲမှာ လည်း အမျိုးသားတန်းတူရေးကို လက်မခံနိုင်သူတွေ ဒုနဲဒေးရှိနေကြသေးတာ ဖြေရှင်းရခဲယဉ်းမယ့် စိန်ခေါ်မှု များဖြစ်ပါတယ်။ တိုင်းရင်းသားများတောင်းဆိုတဲ့ အမျိုးသားပြည်နယ်များကို အခြေခံပြီးဖွဲ့စည်းမယ့် ပြည် ထောင်စုကို confederation ပုံစံဖြစ်လို့ ပြည်ထောင်စုပြိုကွဲနိုင်တယ်ဆိုပြီး အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်လာအောင် စွပ်စွဲပြောဆိုရေးသားတာတွေ တွေ့ရှိရပါတယ်။ confederationက ယခု ဥရောပနိုင်ငံများ စု ပေါင်းဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂ EU လို အချုပ်အခြာအာဏာ ပိုင်တဲ့နိုင်ငံများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ တိုင်းရင်းသားများတောင်းဆိုတာက တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်များနဲ့ဖွဲ့စည်းတဲ့ federation stateသာဖြစ်ပြီး အချုပ်အခြာအာဏာက ပြည်ထောင်စုအစိုးရထံမှာသာရှိပါတယ် အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့တူညီပြီး လူမျိုးကိုအခြေခံတာနဲ့ ပထဝီကိုအခြေခံတာခြင်းသာ ကွာခြားတာ ဖြစ် ကြောင်းပါ ။


အချို့သောမြန်မာနိုင်ငံရေးလှုပ်ရှားသူများ ခေါင်းဆောင်များကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစာချုပ် ချုပ် ဆိုမှုကို နည်းပရိယာယ်တစ်ရပ်အဖြင့် သဘောထားရှိကြတာကိုလည်း တွေ့မြင်ကြားသိရပါတယ်။ ပထမ ဒုတိ ယ၊ တတိယ အကြိမ်မြောက် သိမ်းပိုက်ရရှိဖူးတဲ့ မြန်မာအင်ပါယာကို စတ္တုထအကြိမ်အဖြင့် လွတ်လပ်ရေးနှင့်အ တူ တပါတည်းတည်ထောင်နိုင်ဖို့ တိုင်းရင်းသားများအား ကတိကဝတ်များဖြင့် အချိုသတ် သိမ်းသွင်းခြင်းအဖြင့် သာ ခံယူထားကြပါတယ်။ မာန်မာနထောင်လွားမှုအတွက် မိမိတို့ရဲ့ ကြီးမြတ်သောခေါင်းဆောင်ရဲ့ ဂုဏ် သိက္ခာကိုတောင် မထောက်ညှာနိုင်ကြတာတော့ ဝမ်းနည်းစရာပါ ။


သမိုင်းကို ဗမာလူမျိုးရှုထောင့် တခုထဲမှသာသင်ကြားရခြင်း၊ “ ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ” ဆိုတဲ့ နိုင်ငံတော်သီချင်းနဲ့ ကြီးပြင်းလာကြတဲ့ ဗမာလူမျိုးများအဖို့က မိမိတို့အဖိုးအဖွားများရဲ့ မွေးရာပါပိုင်မြေနယ်မြေ မှာ အခြားတိုင်းသားများကလာပြီး မှီခိုနေထိုင်ကြရတယ်ဆိုသော စိတ်ထားမျိုးသက်ဝင်နေကြပြီး သူတို့ရဲ့ ထာဝ ရ သြဇာခံများအဖြစ်သာ သဘောထားရှိနေကြပါတယ်။ ဗိုလ်ချုပ်ပြောကြားခဲ့တဲ့ ဗမာများကို ဗြိတိသျှကျွန်မဖြစ် စေချင်သလို တိုင်းရင်းသားများကိုလည်း ဗမာကျွန်မဖြစ်စေချင်ဘူးဆိုတဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး တိုင်းရင်းသားများ ကို ထာဝရကျွန်ပြုနိုင်ဖို့ အားထုတ်နေကြဆဲဖြစ်ပါတယ် ။


တန်းတူရေးဆိုတဲ့စကားလုံးကို ပရိယာယ်အဖြင့်သာ အသုံးပြုပြောဆိုရေးသားနေကြပေမယ့် လက်တွေ့က ဆန့်ကျင်ဖက်ပါ။ စိတ်သဘောထားမြင့်မြတ်တရားမျှတတဲ့ မြန်မာတက်ကြွလှုပ်ရှားသူအချို့နဲ့ ပညာရှင်အချို့ မှာသာ တိုင်းရင်းသားတို့နဲ့ တန်းတူရည်တူရှိမှုကို လက်ခံတာတွေ့ကြရပါတယ်။ တရားမျှတမှုကိုလက်မခံ နိုင် ရင် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာက ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး ။


UNFC ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ကြားသွားတဲ့အတိုင်း မိမိတို့တိုင်းရင်းသား ညီအကိုများ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရခြင်းဟာ ပင်လုံမှာပေးခဲ့တဲ့ကတိတွေ ချုပ်ဆိုခဲ့တဲ့စာချုပ်တွေ ဖေါက်ဖျက် မျက်ကွယ်ပြုခြင်းခံရလို့ မိမိတို့ လိုလားတောင်းတတဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တို့ကို အာမခံတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ဖြစ်ပါတယ်။ ဒီကတိကဝတ်တွေပြန်လည်ဖေါ်ထုတ်ဖို့ ဒီမို ကရေစီနည်းလမ်း နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးစားခဲ့တာကို ဖမ်းဆီးချုပ်နှောင်မှု၊ အကြမ်းဖက်နှိပ်ကွတ်မှု၊ လုပ်ကြံ သတ်ဖြတ်မှု တွေသာရရှိလာတဲ့အတွက် လက်နက်ကိုင်လမ်းကြောင်းကို လျှောက်လှမ်းကြရတာပါ။ ဒီခရီးကြမ်း မှာ ကျွန်ပ်တို့အမျိုးသားခေါင်းဆောင်တွေ အညတြရဲဘော်များနဲ့ လူမျိုးစုံပြည်သူလူထုများရဲ့ အသက်ဘဝ သွေးချွေးတွေနဲ့ရင်းနှီးပြီး ယခု ၂၁ ပင်လုံစားပွဲဝိုင်းကို ရောက်လာရခြင်းဖြစ်ပါတယ် ။


ဒီဆွေးနွေးပွဲကနေ ပထမချက်အဖြင့် လူမျိုးစုံပြည်သူလူထုများမျှော်မှန်းတဲ့ ဒီမိုကရေစီအခွင့်အရေး အမျိုးသား တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံချက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေတစ်ရပ် ရရှိ လာဖို့ရန်နဲ့၊ ဒုတိယအနေနဲ့ ဒီအခြေခံဥပဒေကို သစ္စာစောင့်သိမယ့် ပြည်ထောင်စုစိတ်ဓါတ်အပြည့်အဝရှိသော ပြည်ထောင် စုတပ်မတော်မျိုးကို ဖွဲ့စည်းနိုင်ဖို့ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ တစ်ခုတည်းသောတပ်မတော်က ပြည်ထောင်စုစိတ် ဓါတ်မရှိရင် နောက်တကြိမ်အာဏာသိမ်းပွဲ ပေါ်ပေါက်တာနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံ ကလည်း အ ဟောသိကံဘဝသို့ ကျရောက်သွားမှာအသေအချာပါပဲ ။


နောက်ကြောင်းပြန်ငဲ့ကြည့်ရင် ၁၉၄၇ အခြေခံဥပဒေမှာအလိမ်ခံရတယ်၊ ၁၉၅၈ ခုနှစ်မှာ ပအိုဝ်းနဲ့ မွန်တို့ လက် နက် နဲ့ဒီမိုကရေစီနဲ့လဲပြီး နောက်ပိုင်းကျတော့ ခေါင်းဆောင်တွေ ဖမ်းချုပ်ထောင်ချခံရတယ်၊ ၁၉၆၂ မှာ အာဏာသိမ်းတော့ ပင်လုံစာချုပ်နဲ့ကတိကဝတ်တွေဘေးချိတ်လိုက်ပါတယ်။ ခေါင်းဆောင်တွေအဖမ်းခံရပြီး အ သတ်ခံရတာလည်းရှိခဲ့တယ်၊ ၁၉၉၁ မှာ အပစ်ရပ် လက်မှတ်ထိုး ဖွံ့ဖြိုးရေးလုပ် နောင်တက်လာမယ့်အစိုးရနဲ့ စကားပြော ဆိုပြီး ငြိမ်းလုပ်တဲ့အဖွဲ့များကို နောက်ပိုင်းမှာတော့ လက်နက်ဖြုတ်ခိုင်း ပြည်သူ့စစ်လုပ်ခိုင်း နယ် ခြားစောင့်လုပ်ခိုင်း နားမထောင်တဲ့အငယ်ဆုံးအဖွဲ့ကို စချေမှုန်း အလုပ်ခံရတာတွေက အရင်းအနှီးကြီးမားသော သင်ခဏ်းစာများဖြစ်ခဲ့ပါတယ် ။


ဒါကြောင့်လည်းကျွန်ပ်တို့ရဲ့တရားသော မူလခြေခံရပိုင်ခွင့်များ မရနိုင်သေးသ၍ အမျိုးသားရေး၊ နိုင်ငံရေး စီးပွားရေးအရ ကျွန်ပြုခံနေရခြင်းမှ မလွတ်မြောက်သေးသ၍ လက်နက်ကိုင်လမ်းစဉ်ကို ခိုင်ခိုင်မြဲမြဲစွဲကိုင်ထား ကြရမှာဖြစ်ပါတယ် ။


ကရင့်အာနည်ခေါင်းဆောင်ကြီး စောဘဦးကြီး မိန့်ကြားလမ်းညွန်ခဲ့တဲ့ “ကရင့်လက်နက် ကရင့်လက်တွင်ရှိရမည်” ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ခွန်လှဖေမှာကြားခဲ့တဲ့ “ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပေါင်းစပ်၍ ကျွန်ပ်တို့အောင်ပွဲကိုရယူရမည် ” ဆိုတဲ့ အဆိုအမိန့် လမ်းညွန်ချမှတ်ချက်များနှင့်အညီ တော်လှန်ရေးခရီးကြမ်း ဆက်ပြီးလျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း ။

သွ,ဟောဝ်, အောင်စိုးစံ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates