နမ်ခမ်းမြို့နယ် မန့်ဟောင်းကူးတို့ဆိပ်တွင် စက်လှေပေါ်မှကုန်တင်ကားတစ်စီး ရွှေလီမြစ်ထဲချော်ကျ စက်လှေသမားနှင့် ကားဒရိုင်ဘာ ပျောက်ဆုံး
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟောင်းကူးသို့ဆိပ်တွင် စက်လှေပေါ်မှ ကုန်တင်ကားတစ်စီး ပြုတ်ကျမှု စက်တင်ဘာ(၄)ရက် နေ့မွန်းလွဲ ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန့်ဟောင်းရွာသားတစ်ဦး ထံမှ သိရသည် ။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ က ရွှေလီဘက်ခြမ်း တရုတ်ပြည်ဘက်မှလာသည့် ကုန်တင်ကား တင် စက်လှေသည် မွန်းလွှဲ ၂း၃၀ က နမ့်ခမ်းမြို့ မန့်ဟောင်း ကူးတို့ဆိပ် ကမ်းကပ် သည့်အချိန် တွင်ချော်ကျခဲ့ကြောင်း၊ ကား သမားတစ်ဦးနှင့် လှေသမားတစ်ဦးပါ ရွှေလီမြစ်ထဲသို့ ကျသွားကြောင်း ၊ ဒေသခံများက စက်ကိရိယာများနှင့် လူအင်အားများပါ ၀ိုင်းဝန်းရှာဖွေခဲ့သော်လည်း မိုးချုပ်သည့်အထိ မတွေ့ရကြောင်း၊ အဆိုပါကားကိုရွှေလီမြစ်ကမ်းဘေးသို့ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း မန့်ဟောင်းကူးတို့ဆိပ် အလုပ်သမား တစ်ဦးပြောသည် ။
၎င်းက " စိုင်းကျော်လှ မောင်းလာတဲ့ကားလေ။ တရုတ် ပြည်ဘက်က ပျဉ်ပြားတွေ တင်လာတယ် ။ ဒီဘက်ကမ်း တက်မယ် လုပ်တော့ စက်လှေသမား စိုင်းမိုးကျော်က စပယ်ယာလုပ်ပေးတယ် ။ တအားလေးတော့လမ်းချော်သွားတာ။ ကားသမားရော လှေသမားပါ ရေထဲပါသွား တယ်၊ကားဆရာက တစ်ခဏပေါ်လာခဲ့ ပေမယ့် အချိန်မမှီလိုက် ဘူး။ ပြန်မြုပ်သွားတယ်။ စက်လှေသမားက လုံးဝ ပေါ်မလာဘူး။ ဒီတဝိုက်ကရွာသားတွေ လာဝိုင်းကူရှာတယ်၊စက် ကိရိယာရော လူအင်အားပါညမိုးချုပ်အထိ လိုက်ရှာပေမယ့် မတွေ့သေးဘူး၊ကားကိုတော့ မြစ်ကမ်းဘေးကို ဆယ်ယူနိုင်ခဲ့ပြီ´´ဟုပြောခဲ့သည် ။
၂ ဘက်ကမ်းကိုသွားလာဆက်သွယ်သည့် စက်လှေနှင့်ကားများ လူများသည် ရွှေလီမြစ်အတွင်း နှစ်စဉ်နှစ်တိုင်း ရေနစ်သေ ဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းနေလူထုကပြောသည် ။
၂၀၁၅ခု ဧပြီလ သင်္ကြန်ကာလအတွင်းကလည်း မန့်ဟောင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ သား လည်း အဆိုပါရွှေလီမြစ်ထဲတွင်ရေနစ်သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။
Tags: General, News



