၂၁ ပင်လုံညီလာခံ ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ တိုင်းရင်းသားခေါင်းဆောင်များမျှော်လင့်
စက်တင်ဘာလ ၃ ရက်နေ့ကကျင်းပပြီးစီးသွားသော ၂၁ ပင်လုံညီလာခံအပြီး လာမည့် ဒုတိယအကြိမ်ညီလာခံမှာ နိုင်ငံရေးပြဿနာများကို ဆက်လက်အဖြေရှာရန် ဆန္ဒရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များကသုံးသပ်ကြသည် ။
“ အကျိုးက ဘာလဲဆိုတော့ ပြဿနာတွေရလာပြီ။ ဒီပြည်ထောင်စုမြန်မာနိုင်ငံမှာ ပြဿနာတွေ ဘယ်လောက်များလဲ။ ပြဿနာတွေက ဘာတွေလဲ။ ကျနော်တို့သျှမ်းပြည်နယ်မှာကော ပြဿနာတွေဘယ်လောက်ရှိလဲ။ ဘာတွေလဲ - ဆိုကျနော်တို့သိပြီ။ ဒါကြောင့် ဒီ ၆ လအတွင်းမှာ အရင်ဆုံးကျနော်တို့ လာစီစစ်ရမယ်။ ပြီးတော့ ဘယ်လိုလုပ်ရမှာလဲဆို တာလာဆွေးနွေးရမယ်” ဟုပြည်ထောင်စုအင်စတီကျု ဒါရိုက်တာဦးခွန်စိုင်းကသုံးသပ်ပြောဆိုသည် ။
အဆိုပါညီလာခံမှာတိုင်းရင်းသားအသီးသီး၏ ရင်တွင်းခံစားချက်များကိုပွင့်လင်းစွာထုတ်ဖော်ပြောကြပြီး အခက်အခဲ နှင့် ပြဿနာများကိုဆက်လက် အဖြေရှာရမည်ဟု ၎င်းကသျှမ်းသံတော်ဆင့်ကိုပြောသည် ။
“ ယခု နိုင်ငံရေးဆွေးနွေးပွဲပြီးမှ တကယ့်နိုင်ငံရေးထဲထဲဝင်မှာဖြစ်ပြီး ၆ လအတွင်းမှာနိုင်ငံရေး ပြဿနာတွေကိုလုပ်ငန်းကော်မတီများနှင့် ဆောင်ရွက်သွားမယ်” ဟုစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ် ဥက္ကဌဦးခက်ထိန်နန်ကပြောသည် ။
“ နောက်တစ်ချိန်ညီလာခံမှာဒီဆွေးနွေးမှုရလဒ်တွေကို ပြန်ပြီးတော့ ညီလာခံမှာအတည်ပြုသွားမှာဖြစ်ပါတယ်။ ပြီးရင်ပြည်ထောင်စုကိုတင်မယ် ပြည်ထောင်စုအတည်ပြုပြီးရင် ကျနော်တို့ဥပဒေအဖြစ်နဲ့ ဆက်လက်ဆောင် ရွက် သွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆက် ပြောသည် ။
လတ်တလောပြီးဆုံးသွားသောညီလာခံမှ မည်သည့်ဆုံးဖြတ်ချက်မျှမရှိခဲ့ပေ။ လာမည့် ၆ လ တွင်ကျင်းပမည့် ညီလာခံမှာမူ တိုင်းရင်းသားများမျှော်မှန်းသည့် ပင်လုံစိတ်ဓါတ်၊ ပင်လုံသတ္တိ အပါအဝင် ပင်လုံကတိကဝတ်များကိုပါ ပြန်လည်ဖော်ဆောင်ပေးနိုင်မည့် ညီလာခံဖြစ်လိမ့်မည်ဟုယုံကြည်မျှော်လင့်နေကြသည် ။
Tags: News, politic


