တိုင်းရင်းသား လက်နက်ကိုင်တွေ စဉ်းစားသင့်တဲ့ လီနင်ရဲ့ ငြိမ်းချမ်းရေးဗျူဟာ
နိုင်ငံရေးမှာ ဆုတ်ရမဲ့ အချိန် တက်ရမဲ့ အချိန်ဆိုတာရှိပါတယ်။ ဘယ်ဝါဒပဲကျင့်သုံး ကျင့်သုံး ပါ။ ဒီမိုကရေစီအရေး ၊ လူ့အခွင့်ရေး ၊တိုင်းရင်သားအရေး ခေါင်းစဉ်နဲ့ပဲဖြစ်ဖြစ် ဓနရှင်တော်လှန်ရေး ပဲဖြစ်ဖြစ်ပါ ။
မော်စီတုန်းကိုယ်တိုင်လည်း တရုတ်ပြည်အခက်တွေ့နေချိန်မှာ အမေရိကန်သမ္မတရစ်ချတ်နစ်ဆင်နဲ့ တွေ့ တုန်း ရီပတ်ပလစ်ကန် ပါတီကို ကြိုက်တယ်လို့ပြောဖူးသလို ၊ လီနင်လည်း တက်လာခါ စတုန်းက ဂျာမန်နဲ့ သူ့ရဲ့အပေါင်းပါတွေကို အလျှော့ပေး၊စစ်လျော် ကြေး ပေးစေ့စပ်ခဲ့ဖူးပါတယ် ။
လီနင်ကတော့ ဘော်ရှီဗစ်တွေတက်လာစ အာဏာစရတော့ တိုင်းပြည်မှာပြဿနာတွေများ စွာရှိနေတဲ့အတွက် ပထမကမ္ဘာစစ်ထဲ ရုရှားပါဝင်နေမှုကိုအဆုံးသတ်လိုတာကြောင့်ဖြစ်ပါတယ် ။
Brest- Litovsk စာချုပ်ဟာ ရုရှားရဲ့ ဘော်ရှီဗစ်အစိုးရနဲ့ ဥရောပစင်ထရယ်ပါဝါ အုပ်စုအကြား ( ဂျာမနီ ၊ သြစတြီးယား -ဟန်ဂေရီ ) ၊ဘူဂေးရီးယားနဲ့အော်တိုမင် အင်ပါယာတို့ အကြားချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာတော်လှန်ရေးပြီးစ ၁၉၁၈ မတ်လ ၃ ရက်နေ့မှာ ချုပ်ဆိုခဲ့တာပါ ။
စာချုပ်ကြောင့် ရုရှားအနေနဲ့ ပထမကမ္ဘာစစ်ထဲမှာ ပါဝင်နေမှုအဆုံး သတ်ခဲ့ရတာဖြစ်သလို ဂျာမနီ သြစတြီးယားအုပ်စုရဲ့ရုရှားပင်မနယ်မြေအထိခြိမ်းခြောက်လာနိုင်မှုအပေါ်ကင်းလွတ်ခွင့်လည်းရခဲ့ပါတယ်။ အဲဒီလိုကင်းလွတ်ခဲ့ရပေမဲ့ ပေးဆပ်လိုက်ရတာကတော့ နည်းလှတာ မဟုတ်ပါဘူး။စာချုပ်မချုပ်ခင် ၁၉၁၇ရှေ့ပိုင်းကာလတွေ က သိမ်းထားခဲ့တဲ့ ဘော်လတစ်ဒေသကလစ်သူရေးနီးယား ၊ လတ်ဗီးယား ၊ ဘေလာရုစ် အက်စတိုးနီးယား ၊ တို့ကိုဂျာမနီကို ပေးလိုက်ရသလို ၊ တောင်ကော့ကေးဆပ်ဒေသ က ကားအောစ ဘတ်လို နယ်တွေကိုလည်း တူရကီ ( အော်တိုမင် အင်ပါယာ ) ကိုပေးလိုက်ရပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရသလို၊ ပိုလန် ကိုယ်စားလှယ်တွေနဲ့ ပိုလန်နိုင်ငံ တည်ရှိမှုကိုလည်း အသိမှတ်ပြုရပါ တယ်။ ဒါ့အပြင် ဂျာမနီကို စစ်လျော်ကြေးအဖြစ် ရွှေဒဂါင်္း ၆ ဘီလီယံကို ဂျာမန် တွေကို ပေး လျော်ဖို့သဘောတူရပါတယ်။ ဒါဟာ သာမန်ထက်လွန်ကဲတဲ့ စစ်လျော်ကြေးဖြစ် တယ်ဆိုပြီး နောက်ပိုင်းမှာ ဂျာမန် သမိုင်း ပညာရှင်ဖြစ်လာတဲ့စပန်ဆာ တက္ကာကမှတ်ချက်ပြု ခဲ့ရပါတယ် ။
အဲဒီစာချုပ်ချုပ်ဆိုပြီး တစ်နှစ်အကြာမှာတော့ ဂျာမန်တွေအနေနဲ့ ပထမကမ္ဘာစစ်ရှုံးလို့ ဗာဆိုင်းစာချုပ်အရ စစ်လျော်ကြေားတွေ ပေးရပါတယ်။အဲဒီလိုစစ်လျော်ကြေးတွေ ပေးရတာ များပြားလွန်းပြီး သူတို့အတွက်ဝန်ပိလွန်းတယ်လို့ ဆိုခဲ့ကြပေမဲ့ရုရှားတွေပေးလိုက်ရ သလောက်မများပြားဘူးလို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ် ။
ဒါပေမဲ့ Brest- Litovsk စာချုပ်ချုပ်ဆိုပြီး တစ်နှစ်အကြာမှာ ဂျာမန်တွေစစ်ရှုံးသွားတဲ့အတွက် ရုရှားအနေနဲ့ ဘေလာရုစ် ၊ လတ်ဗီးယား ၊ယူကရိန်း၊အက်စ်တိုးနီးယားနယ်တွေနဲ့ပတ်သက်လို့ပြန်လည် တင်ပြတောင်းဆိုခွင့်တွေရရှိခဲ့ပါတယ် ။
လီနင်အနေနဲ့ ဘာကြောင့် ဒီလောက် ပေးဆပ်ပြီးငြိမ်းချမ်းရေးလုပ်ခဲ့ သလဲဆိုတာအကြောင်းရှိပါတယ်။ ဒါကတော့ လီနင်ရဲ့ ဘော်ရှီဗစ်တွေ အာဏာရလာချိန်မှာ ရုရှားအနေနဲ့ အတော်လေးကို အခြေနေဆိုးရွား နေခဲ့ကာ ပြည်တွင်းစစ်ကလည်း ရှိနေခဲ့တာကြောင့်ဖြစ်ပါ တယ်။ တိုင်းပြည်ကလည်း စီးပွားရေးက အရမ်းကျနေ ၊စားရေရိက္ခာ ကလည်း ရှားပါးနေခဲ့တဲ့ အချိန်ဖြစ်ပါတယ် ။
တစ်ကယ်တော့ရုရှားသမိုင်းကိုပြန်ကြည့်ရင်အောက်တိုဘာတော်လှန် ရေးမတိုင်ခင်နှစ်ပေါင်း ၂၀၀ ကျော် ၃၀၀ လောက်ကတည်းက ကမ္ဘာ့အကျယ်ပြန့်ဆုံးနဲ့သယံဇာတအပေါကြွယ်ဆုံးနယ်မြေတွေကို ရုရှားနိုင်ငံကပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ နန်းစွန့်ခဲ့ရတဲ့ ဇာဘုရင် နီကိုးလပ်စ (၂) အဖို့ကတော့ သူနန်းတက်ပြီး ၁၉၁၃မှာ ရိုမန်နော့ဗ် မင်းဆက်ရဲ့နှစ်သုံးရာပြည့် အခမ်းနားကို ကျင်းပနိုင်ခဲ့တဲ့ ဘုရင်တစ်ပါလည်းဖြစ်ပါတယ် ။
အလယ်ဥရောပကနေ အာရှအရှေ့စွန်း ပစိဖိတ် သမုဒ္ဒရာအထိ ၊ တောင်ဘက်မှာဆိုရင်အာဖဂန်နစ္စတန် နယ်စပ်အထိကျယ်ပြန့်တဲ့အင်ပါယာကိုလည်းပိုင်ဆိုင်ခဲ့တဲ့မင်းဆက်တွေဖြစ်ပါတယ်။ကမ္ဘာ့ကုန်းမြေအစိတ် အပိုင်းရဲ့ ၆ ပုံတစ်ပုံကိုပိုင်ဆိုင်ပြီး မတူညီတဲ့ မျိုးနွယ်စုတွေ တစ်ရာအထက်ရှိပြီး လူဦးရေ သန်း ၁၅၀ လောက်ရှိ တဲ့နိုင်ငံက နိုင်ငံအရွယ်အစားနဲ့ ရှိတဲ့ပြည်သူနဲ့ဆိုရင် တော်တော်လေးကိုပြည်သူတွေစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့နေထိုင်နိုင်ရမဲ့တိုင်းပြည်ဖြစ်ပါတယ်။ဒါပေမဲ့ရုရှားအင်ပါယာဟာအမြဲတင်းမာမှုတွေရှိနေခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ရိုမာနော့ဗ်မင်းဆက် နှစ်၃၀၀ ပြည့်အခမ်းနားကို ကျင်းပနိုင်ခဲ့တဲ့ ဇာဘုရင်ဟာ နောက် ၅ နှစ်အကြာမှာဘော်ရှီဗစ်တွေရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် ။
အမှန်စစ်စစ်ရုရှားအင်ပါယာဟာအကျယ်ပြန့်ဆုံးအင်ပါယာဖြစ်နေခဲ့ ပေမဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုတွေ အမှုထမ်းအရာထမ်းတွေရဲ့ အာဏာယစ်မူးမှုတွေကြောင့်တိုးတက်မှုရှိတဲ့နိုင်ငံတော့ဖြစ်မနေခဲ့ ပါဘူး။ ၁၉၀၅ ခုနစ်မှာဖြစ်ပွားတဲ့ရုရှား -ဂျပန်စစ်ပွဲမှာ ရုရှားစစ်ရှုံး ခဲ့ရတာ ကိုကြည့်ရင် ၁၈၇၀ ခုနစ်မှစခဲ့တဲ့ ဂျပန်ပဒေသရာဇ်တွေရဲ့ မေဂျီပြုပြင်ပြောင်းလဲရေးလောက်တောင်ရုရှားနိုင်ငံရဲ့ အနေထားက အင်အားမရှိခဲ့တဲ့ ပုံပေါက်စေပါတယ်။ ရုရှား - ဂျပန်စစ်ပွဲအပြီးမှာဖြစ် ခဲ့တဲ့ လူထုလှုပ်ရှားမှုကြောင့် ဇာဘုရင်ဟာ ဒူးမားလွှတ်တော် မှာ အရပ်သား အချို့ကို ပါဝင်ခွင့် ပေးလာရပါတယ်။ ဒါပေမဲ့ ဇာဘုရင် ဟာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်မလုပ်ခဲ့ပါဘူး။ စစ်တပ်ကလည်း ခေတ်မှီစစ်တပ်အဖြစ် ရှိမနေပါဘူး။ကုန်ထုတ် လုပ်မှုကလည်း တိုးတက်မလာပါဘူး ။
အကျိုးဆက်ကတော့ စီးပွားရေးကျပ်တည်းလာပြီး လယ်သမား ၊ အလုပ်သမားတွေရဲ့ဆန္ဒုပြမှုတွေနဲ့ အချို့နဲ့စတင်ရင်ဆိုင်လာရ ပါတယ်။ အဲဒီလို အနေထားမှာပဲ ပထမကမ္ဘာစစ်ဖြစ်လာတော့ စစ်ပွဲထဲဝင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပထမပိုင်းမှာတော့ ရုရှားညီညွတ်မှုကသိပ်တော့မသိသာ သေးပါဘူး။ စစ်မှုထမ်းဖို့ လိုအပ်ချက်တွေအတွက်လယ်သမား၊အလုပ်သမားတွေက ရုရှားအလံတွေ ကိုင်စွဲလို့ အမျိုးသားရေးအရစစ်မှုထမ်းပေးကြ ပါတယ်။ ဒါပေမဲ့ စက်ရုံတွေက အလုပ်သမားတွေ စစ်မှုထမ်းဖို့သွားနေ တုန်း စက်ရုံ၊ အလုပ်ရုံတွေမှာ ကုန်ထုတ်လုပ်ဖို့အတွက် လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်လာရသလို ၊ စိုက်ပျိုးသီးနှံထုတ်လုပ်မဲ့လယ်သမားတွေ လည်း ရှားပါးလာပါတယ်။ စစ်တိုက်တာကြာလာတာနဲ့အမျှသိသာလာတဲ့သဘောပါ။ တန်းနင်းဘက်ခ့်မှာ ဖြစ်တဲ့ စစ်ပွဲမှာ ရုရှားရဲ့ အဓိက တပ်မကြီးနှစ်ခုစလုံးဆုံးရှုံးခဲ့ရပါတယ်။ စစ်သည်အင်အား ၂သိန်းခွဲ လောက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီဆုံးရှုံးမှုကြောင့် ဂျာမန်တွေအနေနဲ့အရှေ့ဥရောပနဲ့ ပြင်သစ်တို့ကို ပိုမိုခြိမ်းခြောက်လာနိုင်ခဲ့ပါ တယ်။ရုရှားပြည်တွင်းမှာတော့ စစ်ပွဲကလည်း အခြေမလှ စိုက်မဲ့သူ ပျိုးမဲ့သူရှားလာစားသောက်ကုန်တွေ ဈေးတက် ဆိုတဲ့အခြေနေမျိုးကို ရင်ဆိုင် လာရတာပါ ။
၁၉၁၅ မှာတော့ ရုရှားထိန်းချုပ်ထားတဲ့ ပိုလန်အပိုင်း လစ်သူရေးနီးယား နဲ့လတ်ဗီးယားရဲ့ အစိတ်အပိုင်းတော်တော်များများဟာ ဂျာမန်တွေရဲ့ စီးနင်းမှုကိုခံလိုက်ရပါတယ်။၁၉၁၆ မှာ သြစတြီးယားအစိတ် အပိုင်း တစ်ချို့ကို ပြန်လည်စီးနင်းလာနိုင်တဲ့အထိရုရှားအခြေနေကောင်း လာ ပေမဲ့ ပြည်တွင်းမှာတော့ငတ်မွတ်ခေါင်းပါးမှုနဲ့အတူ ပုန်ကန်မှုတွေနဲ့ စတင်ရင်ဆိုင်လာရပါတယ်။ ၁၉၁၆ရောက်လာတော့ အနည်း ဆုံး စစ်သည် ၁၇ သိန်းဟာ စစ်ပွဲအတွင်းမှာသေဆုံးခဲ့ရပြီဖြစ်သလို ၅ သန်းလောက်ဟာလည်း စစ်ပွဲမှာ ဒဏ်ရာတွေရရှိခဲ့ပါပြီ။ ငတ်မွတ် ခေါင်းပါးမှုနဲ့ အဲဒီလိုအခြေနေတွေဟာ ဇာဘုရင်ကို ပုန်ကုန်ဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ဖြစ်လာစေခဲ့ပါတယ်။ စစ်ပွဲအစောပိုင်းတုန်းကတက်ကြွခဲ့တဲ့ အလုပ်သမားလယ်သမားတွေ ကလည်း တက်ကြွမှု မရှိတော့ပါဘူး။အဲဒီအချိန်မှာပဲပြည်ပြေး အဖြစ်ရှိနေတဲ့ လီနင်ဟာ ရုရှားကိုပြန်ရောက်လာမင်ရှီဗစ်တွေနဲ့ပေါင်းပြီး အောက်တိုဘာတော်လှန်ရေးဖြစ်လာခဲ့ တာဖြစ်ပါတယ်။တကယ်တော့ လီနင်လက်ထဲရောက်လာတဲ့ ရုရှားဟာ တကယ့်ကိုအခွံသက်သက်လို့ဆိုနိုင်တဲ့အခြေနေပါ ။
အောက်တိုဘာတော်လှန်ရေးတုန်းကမဟာမိတ်တွေဖြစ်ခဲ့တဲ့ ၀ှိုက်တွေ ( မင်ရှီဗစ် ) တွေနဲ့လည်း ဘော်ရှီဗစ်တွေကဆက်လက်တိုက်ခိုက်ရတဲ့ အခြေနေတွေကြုံနေပါတယ်။မင်ရှီဗစ်တွေက ဂျော်ဂျီယာနဲ့ယူကရိန်း ဒေသတွေမှာ အားကောင်းပြီး ရုရှားရဲ့ တည်ငြိမ်မှုကိုခြိမ်းခြောက် နိုင်တဲ့အတွက်ဖြစ်ပါတယ် ။
တဘက်မှာလည်း ပြန်လည်ထူထောင်ရေးအခြေနေနဲ့ကိုယ့်အင်အားကိုပြန်တည်ဆောက်ဖို့က လိုအပ်နေပါတယ်ပြည်တွင်းညီညွတ်မှုအတွက်လည်းတည်ဆောက်ရင်းနဲ့ပါ။အဲဒီအချိန်မှာပဲဂျာမန်အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ် ။
အောက်တိုဘာ တော်လှန်ရေးပြီးပြီးချင်း ၁၉၁၇ အောက်တိုဘာ ၂၆ မှာ လီနင်အနေနဲ့ဆီုဗီယက် အလုပ်သမား ၊လယ်သမား စစ်သားကွန် ကရက် မှာ ငြိမ်းချမ်းရေးကိုကြေငြာခဲ့ပါတယ်။ အဲဒီကြေငြာချက်က တော့ ရုရှားပါဝင်နေတဲ့ ပထမ ကမ္ဘာစစ်ကနေချက်ခြင်းထွက် ဖို့အတွက် ငြိမ်းချမ်းရေးစကားပြောဖို့ဖြစ်ပါတယ် ။
၁၉၁၇ ဒီဇင်ဘာမှာ ရုရှားနဲ့ CentralPower အုပ်စုတွေအကြား ဖြစ် ပွားနေတဲ့တိုက်ပွဲတွေကိုရပ်ပြီး ငြိမ်းချမ်းရေးစကားစပြောခဲ့ပါတယ်။ လီနင်ကကွန်ကရက်မှာ ရုရှားပင်မနယ်မြေတွေမပေးရရင်ပြီးရော ကျန်တာဘာတွေပဲပေးခဲ့ပေးခဲ့ ငြိမ်းချမ်းရေးချက်ခြင်းလုပ်ဆိုတဲ့ အဆိုကိုဘော်ရှီဗစ်အုပ်စု ထိပ်တန်းခေါင်းဆောင်အချို့ကလက်မခံ ခဲ့ပါဘူး။ လီနင်ရဲ့အယူအဆကတော့နုနယ်လှတဲ့ ဘော်ရှီဗစ် အစိုးရအနေနဲ့စစ်တိုက်မဲ့အစားပြည်တွင်းမှာ ကိုယ့်အင်အားကိုယ် ပြန်လည်တည်ဆောက်ဖို့ နဲ့ညီညွတ်မှုကို တည်ဆောက်ထားဖို့ ဆိုတဲ့ အယူအဆပဲဖြစ်ပါတယ်။ အချိန်တန်မှကိုယ့်အင်အားနဲ့ တခြားနယ် ပယ်တွေကို ပြန်လည်ရယူ လွှမ်းမိုးဆိုတဲ့ အယူအဆပါ ။
ပထမတော့ ဒီအတိုင်းသွားဆွေးနွေးကြပါတယ်။ လီနင်ရဲ့ အယူအဆတွေမပါပဲအနည်းငယ်တင်းမာတဲ့ အုပ်စုတွေရဲ့သဘောအတိုင်းအဒေါ့ဂျိုဖ့်ဦးဆောင်ပြီးသွားဆွေးနွေးပါတယ်။မအောင်မြင်ပါဘူး။ဂျာမနီဦးဆာင်တဲ့Central Power အုပ်စုတွေက အပေါ်မှာဆွေးနွေးလိုက် မအောင်မြင်လိုက်ဖြစ်လာတဲ့အခါမှာ ဂျာမန်အုပ်စုဝင်တွေကဆွေးနွေးပွဲတွေကနေ ပြန်လည်ထွက်ခွာဖို့ ဆုံးဖြတ်ပါတယ်။ ၁၉၁၇ ဒီဇင်ဘာမှာပါ ။
ဆွေးနွေးပွဲမပြေလည်လို့ စစ်ပြန်တိုက်ရမဲ့ အခြေနေမှာရှိနေပါတယ်။တစ်ကယ်လို့ ရုရှားသာ စစ်ပြန်တိုက်ရရင် နဂိုကတည်းကနလံမထူဖြစ် နေတဲ့နိုင်ငံက ပိုဆိုးသွားနိုင်သလို ဂျာမန်တွေကရုရှားကိုသာရ သွားရင်လည်းပထမကမ္ဘာစစ် လမ်းကြောင်းကတစ်မျိုး ပြောင်း သွားနိုင်တဲ့ အခြေနေပါ။အဲဒီအချိန်မှာပဲ အနောက်ဥရောပ စစ်မျက်နှာမှာတော့ အင်္ဂလိပ်စစ်တပ်တွေလည်းအနည်းငယ်တော့ အခြေနေကောင်းလာနိုင်တဲ့အခြေနေပါ ။
ဆွေးနွေးပွဲပျက်မလို ဖြစ်သွားပြီး စစ်ပြန်တိုက်မလိုဖြစ်နေတဲ့ အခြေနေမှာရုရှားဘက်ကနောက်တစ်ခါ စကားထပ်ပြောဖို့ ကမ်းလှမ်းပါတယ်ဒီတစ်ခါတော့ရုရှားဘက်က ငြိမ်းချမ်းရေးကိုယ် စားလှယ် အဖွဲ့ကို ဦးဆောင်သူကအနည်းငယ်ပျော့ပျောင်းဖွယ်ရှိတဲ့ ထရော့စကီးပဲဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့စစ်ပန်း နေပြီဖြစ်တဲ့ ဘော်ရှီဗစ်တွေကလည်း လီနင်ရဲ့ အယူအဆကိုလက်ခံလိုက်ပါတယ် ။
ဒါကြောင့်ပဲ ဂျာမန်အုပ်စုဝင်တွေနဲ့စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်လျော်ကြေးပေးရတဲ့ပမာဏများခဲ့ပေမဲ့ ဂျာမန်အုပ်စုဝင်တွေနဲ့ စစ်မတိုက်ရတော့တဲ့အတွက် မင်ရှီဗစ်တွေနဲ့ ပြည်တွင်းစစ်ကို အပြီးသတ် တိုက်ခိုက်ဖို့အတွက်ဘော်ရှီဗစ်တွေအတွက် အခွင့်ရေးရသွားခဲ့ပါတယ် ။
ပြည်တွင်းစစ်အဆုံးသတ်အပြီးတနှစ်အကြာမှာတော့ ဂျာမန်တွေက အင်္ဂလိပ်အုပ်စုကိုစစ်ရှုံးလို့ ဗာဆိုင်းစာချုပ်ချုပ်ဆိုချိန်မှာ ယခင်ပေးလိုက်ရတဲ့ဘော်လတစ်ဒေသတွေဖြစ်တဲ့ အက်စတိုးနီးယား ၊ ဖင်လန် ၊ လတ်ဗီးယား ၊ ယူကရိန်းပိုလန်ရဲ့ရုရှားထိန်းချုပ်ခဲ့တဲ့အပိုင်းတွေကိုပြန်လည်တင်ပြတောင်းခံ ခွင့်ရခဲ့ပါတယ်။ ၁၉၂၁ မှာတော့ပြည်တွင်းစစ်ကိုလုံးဝချုပ်ငြိမ်းနိုင်ခဲ့ပြီး၊ ၁၉၂၃ မှာ ဆိုဗီယက်ပြည်ထောင်စုကိုပြန်လည်ထူထောင်နိုင်ခဲ့ပါတယ် ။
အဲဒီကနေဆက်လို့ နောက်ထပ် ၂၅ နှစ်အကြာမှာဆိုဗီယက်တပ်နီတော်တွေဟာ ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်နိုင်ခဲ့သလိုတစ်ချိန်က မတန်တဆ အကျပ်ကိုင်ခဲ့တဲ့ ဂျာမန်တွေကိုတိုင်းပြည်တခြမ်းနင်းပြီး ( ဒုတိယ ကမ္ဘာစစ်အပြီး အရှေ့ဂျာမနီမှာကွန်မြူနစ်ဝါဒကျင့်သုံးပြီးဆိုဗီယက် သြဇာသက်ရောက် ) ဂျာမနီနှစ်နိုင်ငံမပေါင်းစည်းခင် နှစ်ပေါင်း ၄၅ နှစ်ကျော်ကြာသြဇာလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒါဟာသမိုင်းကွင်းဆက်အရ လီနင်အနေနဲ့နိုင်ငံရေးအရ ၊ စစ်ရေးအရ ဂျာမန် အုပ်စုတွေကို တစ်ချက်ဆုတ်ပေးခဲ့တာနဲ့သက်ဆိုင်ပါတယ်။ လီနင်ရဲ့ ဘော်ရှီဗစ်တွေသာ စစ်ဆက်တိုက်ခဲ့မယ်ဆိုရင် ပထမကမ္ဘာစစ်ရဲ့ ကံကြမ္မာက တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါတယ်။လီနင်သုံးခဲ့တာကတော့ ရှေ့ကို အားယူပြေးဖို့အတွက်နောက်ကိုတစ်လှမ်းဆုတ်ခဲ့တဲ့အမြင်ကျယ်တဲ့နည်းဗျူဟာပါ။တိုင်းပြည်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုတဲ့အချက်ကိုအမိအရဆုပ်ကိုင်ခဲ့တာဖြစ်ပါတယ် ။
လီနင်ရဲ့ ငြိမ်းချမ်းရေးဗျူဟာထဲကနေ နှစ်ပေါင်းများစွာ စစ်တိုက်နေတဲ့မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အတုယူနိုင်စရာအချက်တွေလည်းရှိနေပါတယ်။ အခုအချိန်ဟာ သေနတ်ကိုင်တိုက်ပြီးလည်းရပ်တည်လို့ရနိုင် ၊ သေနတ်ကိုင်ထားပေမဲ့ အပစ်ရပ်ပြီးလည်းနိုင်ငံရေးဆွေးနွေးနိုင်တဲ့ အခြေနေပဲဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်တိုင်းရင်းသား နယ်မြေ တွေအတော်များများက နှစ်ပေါင်းများစွာ စစ်ပွဲနဲ့ပဋိပက္ခတွေကြောင့် များစွာဖွံ့ဖြိုးမှုနိမ့်နေတဲ့အချိန်ဖြစ်ပါတယ် ။
တဘက်မှာလည်းအစဉ်မပြတ်စစ်တိုက်နေတဲ့ အဖွဲ့တစ်ချို့ရဲ့ နယ်မြေတွေမှာပြန်လည်ထူထောင်ရေးလို အပ်နေချိန် လည်းဖြစ်သလိုတိုင်းရင်းသားအဖွဲ့အချင်းချင်းကြားမှာလည်း အပစ်ရပ် ၊အပစ်မရပ်ဆိုပြီးရှိ နေရာက ညီညွတ်မှုအတွက် ပြန်လည်စုစည်းရမဲ့အချိန်ဖြစ်ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ မိုင်ဂျာယန် ဆွေးနွေးပွဲက အပစ်ခတ်ရပ်တွေနဲ့ မရပ်ထားတဲ့အဖွဲ့တွေအကြား တူညီတဲ့လမ်းကြောင်းနဲ့ အတူတကွအလုပ်တွဲလုပ်နိုင်မှုအတွက်ပေါ်လာခဲ့တဲ့ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ဒီထက်ပိုပြီးစုစည်းမှုခိုင်မာဖို့ဆိုရင်အားလုံးဟာ လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ အတူရှိနေရမှာဖြစ်ပါတယ်။ အပစ်ခတ် ရပ်စဲရေးလုပ်ပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက်ကိုယ်ပြန်လုပ်တာဟာလက်နက်ချအရှုံးပေးတာ မဟုတ်သလို အလျှော့ပေးတာလည်း မဟုတ်ပါဘူး။ဒေသဖွံ့ဖြိုးမှုနဲ့အတူ ၊ကိုယ်လူမျိုးစုတွေ ကိုယ့်အရပ်ကိုယ့်ဒေသမှာပြန်နေနိုင်ဖို့နဲ့ကိုယ့်အင်အားကိုယ် ပြန်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ၂၁ ပင်လုံမတက်နိုင်သေးတဲ့ အဖွဲ့တွေအနေနဲ့လည်း အားလုံးတက်ညီလက်ညီသွားနိုင်တဲ့ လမ်းကြောင်း သစ်အတွက် စဉ်းစားသင့်ပါတယ်။ တိုင်းရင်းသားအခွင့်ရေးတောင်းမဲ့အင်အားစုတွေ ၃ စု ၊ ၄ စုလောက်ကွဲနေတာဟာ မကောင်းပါဘူး။အခုလိုတိုက်တွန်းရတာဟာ အားလုံးလမ်းကြောင်းတစ်ခု ထဲမှာ ရှိနေရင်နိုင်ငံရေးအရ အခွင့်ရေးတွေလည်း ရလာနိုင်တဲ့အတွက်ဖြစ်ပါတယ် ။
မကြာသေးခင်ကပဲ အမေရိကန် ပိတ်ဆို့အရေးယူမှုဆန်ရှင်နဲ့ ပတ်သက်ပြီးလွှတ်တော်မှာ အဆိုတင်ဖို့လုပ်တာကို အန်အယ်လ်ဒီ ဦးဆောင်တဲ့လွှတ်တော်ကပေးမဆွေးနွေးခဲ့တာကြည့်ရင် အန်အယ်လ်ဒီကိုယ်တိုင်လည်းဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်သူဘက်မှာ ရပ်နေဆဲဆိုတာသက်သေပြရာရောက်နေပါတယ် ။
နိုင်ငံတကာအဆင့်မှီတပ်မတော်ဖြစ်ချင်တယ်ပဲပြောပြောအရပ်သားအစိုးရအနေနဲ့ ယုံမှတ် ပုံမအပ်သေးတဲ့ သဘောလည်းပါပါတယ်။ တစ်ကယ်တော့အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်နေခဲ့တာဟာတပ်မတော်ဘက်မှာကော ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်မှာ ပါနှစ်ပေါင်းများစွာ စစ်တိုက်ပြီးသကာလ အခက်ခဲတွေရှိနေခဲ့တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အခုအစိုးရက ဦးသိန်းစိန်အစိုးရမဟုတ်သလို လူထုကိုယ်စားပြုမှု ရှိတဲ့ နိုင်ငံတကာက လက်ခံတဲ့ အန်အယ်လ်ဒီအစိုးရဖြစ်နေတဲ့အတွက်လည်းအခွင့်အလမ်းကောင်းတွေကပေါ်လာနိုင်တဲ့အတွက်ဖြစ်ပါတယ် ။
အနိမ့်ဆုံး အားလုံးစုစုစည်းစည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းပေါ်မှာရှိနေပြီဆိုရင် နိုင်ငံရေးအရ ရှေ့တိုးအတူတူနောက်ဆုတ်အတူတူ တက်ညီလက်ညီသွားနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရက်တိုက်ဇေးရှင်းပညာမှာ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ပါမောက္ခဂီယာနိုဒီယာကတော့ ‘ ဒီမိုကရေစီအပြောင်းအလဲမှာလက်တွေ့မဖြစ်နိုင်တာကနေ မစမိပါစေနဲ့။ အကျိုးရလာဒ်ထွက်ဖို့အခွင့်အလမ်းအကောင်းဆုံးနယ်ပယ်မှာ အာရုံစိုက်ပါ၊ ဒါက စပါ ‘ လို့ဆိုပါတယ် ။
Tags: Feature


