တိုင်းရင်းသားသတင်းထောက်များကျောင်း ထူထောင်ရန် BNI အဖွဲ့ဝင် အယ်ဒီတာများသဘောတူ



ကယားပြည်နယ် အမည်ရ ကရင်နီပြည် လွိုင်ကော်မြို့တွင် စက်တင်ဘာ ၂၇ ရက် မှ ၂၉ ရက်နေ့ အထိ သုံးရက် ကြာကျင်းပသည့် ၂၄ ကြိမ်မြောက် နိုင်ငံတကာမြန်မာသတင်း BNI အဖွဲ့ဝင် အယ်ဒီတာများ၏ နှစ်ပတ်လည် အစည်းအဝေး မှ တိုင်းရင်းသားလူမျိုးများ သတင်းမီဒီယာကျောင်း ထူထောင်ရန် သဘောတူခဲ့သည် ။


အဆိုပါ အစည်းအဝေးတွင် BNI အဖွဲ့ဝင် သတင်းဌာနများအားလုံး Business Model လမ်းစဉ်သို့ လက်တွဲ လျှောက်လှမ်းရေး၊ စကိုင်းနက်ရုပ်သံလွှင့်လိုင်းတွင် BNI အဖွဲ့ဝင် တိုင်းရင်းသတင်းဌာနများအစီအစဉ် ထုတ်လွှင့်နိုင်ရေး၊ ကိုယ်ပိုင်အွန်လိုင်းရေဒီယို အစီအစဉ် ထုတ်လွှင့်နိုင်ရေးအပါအဝင် တိုင်းရင်း သား လူမျိုးများ သတင်း မီဒီယာကျောင်း ထူထောင်ရန် အတွက်လည်း သဘောတူညီကြသည် ။


“ ဟုတ်ကဲ့ ကျောင်းဖြစ်မြောက်ဖို့ စီမံကိန်းကို သုံးလအကြမ်းရေးဆွဲဖို့ကျနော်တို့ စီစဉ်ထားတယ်။ အဲဒီ နောက်ပိုင်းမှာ ဒီအစီအစဉ်ပေါ်မှာ မူတည်ပြီးတော့မှ ဘာတွေ ဆက်လုပ်သွားမယ်ဆိုတာရှိတယ်။ အဓိက ကတော့ တိုင်းရင်းသားသတင်းထောက်များကျောင်း journalism school ကို တိုင်းရင်းသားဒေသ တနေရာရာ မှာ အခြေစိုက်မှာဖြစ်တယ်။ မွန်ပြည်နယ်လား၊ ကရင်ပြည်နယ်လား သျှမ်းလား ကချင်လား ဘယ်နေရာလဲ ဆိုတော့ ပြောလို့မရသေးပါဘူး။ ဒီအစီအစဉ်အပေါ်မှာ မူတည်ပြီး ကျနော်တို့ ဆုံးဖြတ်သွားဖို့ရှိတယ်” – ဟု BNI ဘုတ်အဖွဲ့ဝင် (၁) မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဆရာ နိုင်ကဆော့မွန်က ပြောပါသည်။


ပဉ္စမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ အားလည်း ၂၀၁၇ နှစ်ဦးပိုင်းအတွင်း ကယားပြည်နယ် လွိုင်ကော် မြို့တွင်ပင် ကျင်းပသွားမည်ဟုလည်း သဘောတူဆုံးဖြတ်ကြသည် ။


နိုင်ငံတကာမြန်မာသတင်း BNI အဖွဲ့ဝင် သတင်းဌာန အများစုသည် တိုင်းရင်းသားတော်လှန်ရေး နယ်မြေများ မှ ပေါက်ဖွားလာသည်။ ၂၀၁၁ ခု ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုပြုသည့်နောက်ပိုင်း ပြည်တွင်း တွင် ပြန်လည်အခြေချသကဲ့သို့ ပြည်တွင်းနေ တိုင်းရင်းသတင်းဌာန အချို့လည်း ပူးပေါင်းပါဝင်လာသည်။ လက်ရှိတွင် သျှမ်းသံတော်ဆင့် အပါအဝင် အဖွဲ့ဝင် သတင်းဌာန ၁၃ ဖွဲ့ ရှိလာသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates