ငြိမ်းချမ်းရေးညီလာခံတွင်EAO အဖွဲ့များ၏ကိုယ်စားလှယ် အမျိုးသမီးပါဝင်မှုနှုန်းမြင့်မား



တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ EAOမှညီလာခံတက်ရောက်သူအမျိုးသမီး ရာခိုင်နှုန်းသည် အခြားသောအစုအဖွဲ့များထက်ပါဝင်မှုမြင့်မားနေကြောင်းသိရသည် ။


၂၀၁၆ခုနှစ်သြဂုတ်လ (၃၁) ရက်နေ့မှစက်တင်ဘာလ (၃) ရက်နေ့အထိ (၄) ရက်တိုင်တိုင်ကျင်းပပြု လုပ်ခဲ့သောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံအစည်းအဝေးတွင်အမျိုးသမီးပါဝင်မှုစုစုပေါင်း ၁၃% ခန့်ရှိပြီးတိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ (EAO) မှလာသောအမျိုးသမီးရာခိုင်နှုန်း သည်အမြင့်ဆုံးဖြစ်သည်ဟုငြိမ်းချမ်းရေးအတွက်ကျား-မတန်းတူရေးအဖွဲ့ (AGIPP) က စက်တင်ဘာလ  ၃  ရက်နေ့ကထုတ်ပြန်ထားပါသည် ။


" အဖွဲ့အစည်းတော်တော်များများကအမျိုးသမီးတွေပါဝင်လာတာတွေ့ရတယ်။ဒီပင်လုံညီလာခံကနေပြီးအနာဂါတ်ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာအမျိုးသမီးတွေပိုမိုပါဝင်လာဖို့နဲ့အမျိုးသမီးတွေရဲ့အသံပိုမိုပါဝင်လာနိုင်မယ်လို့မျှော်လင့်မိပါတယ် " ဟု RCSS/SSA မှနည်းပညာအထောက်ကူပြု အဖွဲ့က ဒေါ်သန္တာဦး  က ပြောသည် ။


(၄)ရက်သာညီလာခံအတွင်းတင်သွင်းလာသောစာတမ်း (၇၂) ခုအနက်အမျိုးသမီး အရေးနှင့် ကျား - မတန်းတူညီမျှရေးအချက်ကိုထည့်သွင်းဖော်ပြထားသော စာတမ်း (၂၁) ခုရှိပြီးကျား -မတန်းတူညီမျှရေးအချက်များကိုဖော်ပြသည့်စာတမ်းအများစုတွင်စစ်ပွဲပဋိပက္ခကြောင့်ခံစားနေရသောအမျိုးသမီးများကိုလူမှုရေးစောင့်ရှောက်မှုများပေးရန်၊တရားမျှတသောကာကွယ်စောင့်ရှောက်မှုပေးရန်နှင့်အဆင့်တိုင်းတွင်အမျိုးသမီးများ၏ပါဝင်မှုရှိစေရန်တိုက်တွန်းဖော်ပြချက်များကိုလည်းတွေ့ရသည် ။


တိုင်းပြည်၏လူဦးရေတစ်ဝက်ကျော်ခန့်သည်အမျိုးသမီးများဖြစ်နေသည့်အတွက်တိုင်းပြည်ကောင်းစားရေးအတွက်အမျိုးသမီးထု၏အစွမ်းအစ၊အင်အားများဖြင့်အသုံးပြုရန်လိုအပ်ကြောင်း၊ညီလာခံသို့တက်ရောက်လာသောအဖွဲ့အစည်းအသီးသီး၏ခေါင်းဆောင်ပိုင်းနံပါတ်၁နေရာမှနံပါတ်၅နေရာအထိအမျိုးသမီးပါဝင်နိုင်ခြင်းမရှိသေးကြောင်းသျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားမှုကွန်ရက်အဖွဲ့(SWAN )မှယိင်းလောဝ်ကပြောသည် ။


"အရေအတွက်အားဖြင့်အမျိုးသမီးတွေပါလာတာကိုအားရကျေနပ်မှုရှိပါတယ်။ဒါပေမဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာ၊တိုင်ပင်ဆွေးနွေးတဲ့နေရာမှာအဓိပ္ပါယ်ရှိရှိနဲ့ပါဝင်လာဖို့သိပ်ပြီးထိရောက်ကျယ်ပြန့်မှုမရှိသေးဘူးဆိုတာတွေ့ရပါတယ် "  ၄င်းကဆိုသည် ။


NCA လက်မှတ်ရေးထိုးပြီးနောက်ရေးဆွဲခဲ့သောနိုင်ငံရေးဆွေးနွေးမှုမူဘောင် FPD တွင်ဖေါ်ပြထားသောနိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်တိုင်းတွင်အမျိုးသမီး၃၀ရာခိုင်နှုန်းပါဝင်နိုင်ရေးကြိုးပမ်းကြမည်ဆိုသောအချက်မှာလက်တွေ့ဖြစ်မလာသေးကြောင်း၊၂၀၁၆ခုနှစ်ဇန်နဝါရီလတွင်ပြုလုပ်ကျင်းပခဲ့သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်ဆုံးနေ့တွင်သဘောတူခဲ့ကြသောအဆိုပြုချက် (၄) ရပ်တွင်အပါအဝင်ဖြစ်သောနိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင်အနည်းဆုံးအမျိုးသမီး၃၀% ပါဝင်ရေးကိုလည်းပြည့်မှီအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကိုတွေ့ရှိရပြီး၊အမျိုးသမီးအရေးနှင့်ပတ်သက်၍ပြောဆိုရာတွင်ကိုယ်ဝန်ဆောင်မိခင်များအားနွဲ့သူစောင့်ရှောက်ခံ မိန်းမသားများအဖြစ် သာရှုမြင်သောအမြင်သဘောထားများကသာလွမ်းမိုးနေကြောင်းတွေ့ရှိရပြီး အမျိုးသမီးများ၏တွေးခေါ်ဆင်ခြင်နိုင်မှု၊ပဋိပက္ခဖြေရှင်းနိုင်မှု၊ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုစသောအရည်အသွေးများကိုထည့်သွင်းစဉ်းစားထားမှုမရှိကြောင်းတွေ့ရှိရသည်ဟု(AGIPP)၏ထုတ်ပြန် ကြေငြာ ချက်တွင်ထည့်သွင်းဖော်ပြထားပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates