မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထားသူ ၅၇ ဦးကို RCSS/SSA ပြန်လွှတ်ပေး



မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အရ သီပေါမြို့နယ် နမ့်လန်ဒေသမှ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၅၇ ဦးကို RCSS/SSA မှ ခေတ္တဖမ်းဆီးထိန်းသိမ်း ပညာပေးမှုများ ပြုလုပ်ခဲ့ရာမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း RCSS/SSA  အတွင်းရေးမှူး (၂)  ဗိုလ်မှူးကြီးစိုင်းလှက ပြောသည် ။


စက်တင်ဘာလ ၁၇ ရက်နေ့က နမ့်လန်အုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူ ၅၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်များမှ ခေတ္တဖမ်းဆီးပညာပေးမှုပြုခဲ့သည်ဟု RCSS/SSA ၏ ပြောခွင့်ရလည်းဖြစ်သည့်  ဗိုလ်မှူးကြီးစိုင်းလှက ပြောသည် ။


"ခေတ္တထိန်းသိမ်းတာပါ ။ အခုတော့ အားလုံး ခံဝန်နဲ့ပြန်လွတ်ပေးလိုက်ပြီ။ အကုန်လုံးကို ဓါတ်ပုံရိုက်တယ် ။ မှတ်တမ်းတွေလည်း ယူထားပါတယ်။ မူးယစ်တိုက်ဖျက်ဖို့ ရည်ရွယ်တာပါ "ဟု ဗိုလ်မှူးကြီးစိုင်းလှက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောသည် ။


ဖမ်းဆီးမှုအတွင်း ယာဘအပြားရေ ၆၇၃ ပြား ၊ ၃၈၀ ပစ္စတို တစ်လက် ၊ တူမီး သေနတ် ၂ လက်နှင့် စကားပြောစက်အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း သိရသည် ။


ဖမ်းဆီးမှုအပေါ် တပ်မတော်မှလွတ်ပေးရန် RCSS/SSA ထံစာပို့ခဲ့ပြီး ဖမ်းဆီးမှုအား တပ်သားစုဆောင်းမှုအဖြစ် မှတ်ယူကြောင်းလည်း RFA သတင်းတွင် ဖော်ပြထားသည် ။


ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  သည် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့သည့် ၂၀၁၂  မှ စတင်ကာ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်း များကို အရှိန်မြင့်လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးစခန်းများကိုလည်း သျှမ်းပြည်နယ် နေရာ အတော်များများတွင် ဖွင့်လှစ်ထားသည်ဟု သိရသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates