သျှမ်းပြည်နယ်ထွက်လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်တစ်သောင်းနီးပါးတွင် မဂ္ဂါဝပ် ၃၀ သာ သျှမ်းပြည်အစိုးရစီမံခန့်ခွဲခွင့်ရှိ



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ သျှမ်းပြည်တွင်းရှိ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းနီးပါးရှိသည့်အနက် သျှမ်းပြည်သူ လူထုအတွက် ၃၀ မဂ္ဂါဝပ် သာ စီမံခန့်ခွဲခွင့် ရှိကြောင်း လွှတ်တော်အတွင်း ယနေ့ မေးမြန်း ဖြေကြား မှုပြုခဲ့သည် ။


စက်တင်ဘာ ၂၀ ရက် ယနေ့ကျင်းပသော သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်း အဝေး ဒုတိယနေ့က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ် နန်းခင်ထားရီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၆ ခုနှင့်စပ်လျဉ်သည့်မေးခွန်းအား သျှမ်းပြည်နယ်အစိုးရ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည် ။


သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၆ ခု ရှိသည့်အနက် သျှမ်းပြည်နယ်အတွင်းတွင် ၄ ခု ရှိ ပါသည် ။


“ သျှမ်းပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ရာတွင် သျှမ်းပြည်နယ် အစိုးရအနေနဲ့   ၃၀ မဂ္ဂါဝပ် အထိသာ စီမံခန့်ခွဲခွင့်ရှိပါတယ်။ ၃၀  မဂ္ဂါဝပ် အထက်နဲ့ ရေအားလျှပ်စစ်စီမံကိန်းများ  ကြီးမားတဲ့ စီမံကိန်းတွေ ဆိုရင်တော့ ပြည်ထောင်စု အစိုးရမှသာ စီမံခွင့် ရှိပါတယ်။ ပြည်ထောင်စု အဆင့်သာ သက်ဆိုင်သည့်အတွက် ပြည်ထောင်စု လွှတ်တော်မှာသာမေးမြန်းသင့်ကြောင်း”  စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးက ဖြေကြားခဲ့သည် ။


သံလွင်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း  ၆ ခု အနက် သျှမ်းပြည်နယ်တွင်းရှိ စီမံကိန်း ၄  မှာ မိုင်းတုံရေကာတာ စီမံကိန်း ရ၁၀၀ မဂ္ဂါဝပ် ၊ ကွန်လုံရေကာတာ စီမံကိန်း ၁၄၀၀ မဂ္ဂါဝပ်၊ နောင်ဖါ   ရေကာတာစီမံကိန်း ၁၂၀၀ မဂ္ဂါဝပ် နှင့် မန်တွန်း ရေကာတာ စီမံကိန်း ၂၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားထုတ်လုပ်သွားမည်ဖြစ်ပြီး ကယား ပြည်နယ် ရှိ ရွာသစ်ရေကာတာ စီမံကိန်း ၄၀၀၀ မဂ္ဂါဝပ် ၊ ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာစီမံကိန်း ၁၃၆၀ မဂ္ဂါဝပ် တို့ ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည် ။


တာဝန်ယူ တည်ဆောက်မည့်  မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာန၊ the international Group of Entrepreneurs (IGE ) ၊ တရုတ်ကုမ္ပဏီ Sinohydro ၊China Southern Grid ၊ ထိုင်းနိုင်ငံ အစိုးရ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန (EGAT)  တို့ဖြစ်ကြောင်း သိရသည် ။


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌  ဒုတိယအကြိမ်  သျှမ်းပြည်နယ် လွှတ်တော် တတိယပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် စက်တင်ဘာ  ၂၀  ရက်နေ့တွင် သိန္ဒီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဒေါ်နန်းခင်ထားရီသည် မိမိ၏ ကြယ်ပွင့်ပြ မေးခွန်းအပေါ်  ကျေနပ်မှု မရှိကြောင်း ပြောသည် ။


“ သျှမ်းပြည်အစိုးရက ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင်  မဂ္ဂါဝပ်  ၃၀ ဘဲ သျှမ်းပြည်အတွက် စီမံသုံးစွဲခွင့် ရှိတယ်။ အဲဒီ့အထက်ဆို ပြည်ထောင်စုလွှတ်တော်ကိုဘဲ မေးပါ ပြည်ထောင်စုလွှတ်တော်နဲ့ပဲ သက်ဆိုင်တယ် ဆိုတော့ ၊ လုံးဝမဖြစ်သင့်ဘူးပေါ့။ ကျမအနေကျေနပ်မှု မရှိဘူး ဒီကိစ္စ ၊ သျှမ်းပြည်နယ်အစိုးရက အများအားဖြင့် အဲ့လိုဖြစ်နေတယ်  ပြည်ထောင်စုကိုဘဲ မေးပါ  မေးပါနဲ့ ။ ဒါ့ကြောင့် ကျမအနေနဲ့ ပြည်ထောင်စု အဆင့်လုပ် သွားဖို့ရှိ တယ်”ဟု ၄င်းကပြောသည် ။


သံလွင်မြစ်အပေါ်ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး သျှမ်းလူထု အခြေပြု အဖွဲ့အစည်းက သြဂတ်စ်လ ၂၃ ရက်နေ့တွင် သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာ စီမံကိန်းကို ကန့်ကွက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး  (NLD) အစိုးရထံမှ သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာ စီမံကိန်း ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့သည် ။


ထို့အတူ သျှမ်းနိုင်ငံရေးပါတီများ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကလည်း သြဂတ်စ် ၂၈ နေ့က တည်ဆောက်မည့် သံလွင်မြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်းများအား ကန့်ကွက်သည့်ကြေငြာချက်တစောင်ထုတ်ပြန်ကန့်ကွက်ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates