ငြိမ်းချမ်းရေး မရပဲ တိုင်းရင်းသား ညီညွတ်ရေး ထိခိုက်နိုင်တဲ့ ရှမ်းပြည်နယ်အတွင်းက ရေအားလျှပ်စစ်စီမံကိန်းတွေ



( ၁ ) RCSS/SSA ရှမ်းလက်နက်ကိုင် ၊ UWSA ၀ နဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ

၂၀၁၄ ခုနစ် အောက်တိုဘာလက အစိုးရနဲ့  ၀ UWSA  ၊ မိုင်းလား NDAA စတဲ့ အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်အဖြစ် ဦးသိန်းဇော်က ဦးဆောင်ခဲ့သလို ၊ ဦးခင်မောင်စိုး ၊ ဦးဝင်းမြင့်စတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ၀န်ကြီးတွေ ၊ တပ်မတော်ဘက်က အရာရှိတွေ ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း စဝ်အောင်မြတ်စတဲ့ ပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ပါတယ် ။


ဝ နဲ့ မိုင်းလား အဖွဲ့တွေဘက်ကတော့ ၀ ရဲ့ လက်ရှိမှာ အာဏာအရှိဆုံးလို့ ဆိုနိုင်တဲ့ ဦးရှောက်မီလျှံ ကိုယ်တိုင်တက်ရောက်ခဲ့သလို ( ဦးပေါက်ယူချန်းက ကျန်းမာရေးအခြေနေအရ ကိစ္စတော်တော်များ များ မှာ ပါဝင်ဆောင်ရွက်မှု မရှိနိုင်တော့ ) မိုင်းလား NDAA အဖွဲ့ဘက်ကတော့ ဥက္ကဌ ဖြစ်သူ ဦးစိုင်းလင်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ် ။


တစ်ဖွဲ့ချင်းစီအလိုက် တင်ပြချက်တွေထဲမှာ စိတ်ဝင်စားစရာ အချက်အနေနဲ့ UWSA ၀ တပ်ဖွဲ့ကနေ  သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ဖို့နဲ့ သီပေါမြို့နယ်က ဒုဌဝတီမြစ်ပေါ်မှာ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ဆိုတဲ့ ကိစ္စတွေပဲဖြစ်ပါတယ် ။


သီပေါမြို့နယ်မှာ ၀ တပ်ဖွဲ့က လျှပ်စစ်ဓါတ်အားစီမံကိန်း တည်ဆောက်ဖို့ ကိစ္စမှာဆိုရင် ကွင်းဆင်းလေ့လာဆောင်ရွက်ဖို့ ရှိနေပေမဲ့ ဦးယွက်စစ်ရဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က တားဆီးမှုတွေပြုလုပ်တာကြောင့် ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်နိုင်တာ မရှိသေးဘူး။ ဒါကြောင့် အဲဒီကိစ္စ အကောင်ထည်ဖော်နိုင်ဖို့ တောင်းဆိုတယ်လို့ ၀ တပ်ဖွဲ့ တာဝန်ရှိသူတွေက တင်ပြခဲ့ပါတယ် ။


သီပေါဆိုတာ အစဉ်အဆက် ရှမ်းစော်ဘွားတွေ နေရာစိုက်ခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ် ။


၂၀၁၅ ခုနစ် ဒီဇင်ဘာလမှာတော့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့တဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တပ်ဖွဲ့တွေဟာ တရုတ်နယ်စပ် နမ့်ခမ်းမှာ ပြန်လည် အခြေချဖို့ ကြိုးစားရင် တအာင်းပလောင် TNLA/PSLF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ကာ အခု ၂၀၁၆ ခုနစ်အထိပါပဲ။ တစ်ချိန်က ရှမ်းမြောက်မှာ RCSS/SSA တပ်တွေအနည်းငယ်သာ ရှိပေမဲ့ အန်စီအေ လက်မှတ်ရေးထိုးပြီးချိန်ကစလို့ အလုံးအရင်းနဲ့ ရောက်ရှိလာပါတယ် ။


RCSS/SSA အဖွဲ့အနေနဲ့ ၂၀၀၉ ခုနစ်ကလည်း အရှေ့တောင်အာရှ အကြီးဆုံး ရေကာတာ ဖြစ်လာဖွယ်ရှိနေတဲ့ သံလွင်မြစ်ပေါ်က မိုင်းတုံ တာဆန်းလျှံစီမံကိန်း ( လျှပ်စစ်ကို တရုတ်နဲ့ ထိုင်းကို ၉၀ ရာခိုင်နှုန်းပေးပို့ဖို့ သဘောတူထား ) တိုင်းတာမှုတွေ ပြုလုပ်ဖို့ လာတဲ့ တရုတ်အင်ဂျင်နီယာတွေကို ဖမ်းဆီးခဲ့ပါသေးတယ်။ ( နောက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့ )
RCSS/SSA အဖွဲ့နဲ့ UWSA ၀ တပ်ဖွဲ့အကြား လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဆယ်စုနှစ်တစ်စုကျော်အကြာ နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးပါတယ် ။


(၂) ရှမ်းပြည်နယ်အတွင်းက ရေအားလျှပ်စစ် စီမံကိန်း ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကပဲ သီပေါမြို့နယ် တာလုံကျေးရွာက  ဒေသခံ ရှမ်းရွာသား ၅၀၀ လောက်ဟာ နမ္မတူမြစ် ( ခ) မြစ်ငယ် ( ခ ) ဒုဌဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေကာတာနဲ့ ၀ တပ်ဖွဲ့က ဆောက်လုပ်နေတဲ့ သီပေါမြို့နယ်က လျှပ်စစ်ဓါတ်အားစီမံကိန်းအပါအဝင် စီမံကိန်းအားလုံးရပ်တန့်ပေးဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ် ။


သူတို့နေထိုင်တဲ့ တာလုံကျေးရွာဟာ မြစ်ငယ်မြစ်ပေါ်က လျှပ်စစ်ဓါတ်အား စီမံကိန်းကြောင့် ရေနှစ်မြှပ်ရမဲ့ ကျေးရွာဖြစ်ပါတယ် ။


သူတို့ရပ်တန့်ခိုင်းတဲ့ စီမံကိန်းဟာ တရုတ် ကုမ္ပဏီတွေက တည်ဆောက်နေပြီး တိုင်းတာမှုတွေ ပြုလုပ်တဲ့ ကုမ္ပဏီတွေထဲမှာ ဆွစ်ဇာလန် ၊ ဂျာမနီ စတဲ့ ကုမ္ပဏီ အချို့လည်းပါဝင်ပါတယ်။ မြစ်ငယ်မြစ် ( ခေါ် ) ဒုဌဝတီ မြစ်ပေါ်မှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းကတော့ လေး ၊ ငါးခု ရှိနေပြီး အများစုက ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ၀ တပ်ဖွဲ့နဲ့ သက်ဆိုင်တယ်ဆိုတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ စီမံကိန်းတွေထဲမှာ သီပေါမြို့နယ်ထဲက ဒုဌဝတီမြစ်ပေါ်က စီမံကိန်းလည်းပါဝင်ပါတယ် ။


 ဒုဌဝတီ မြစ်နားက စီမံကိန်းတွေနားမှာ SSPP/SSA ရှမ်းတပ်မတော် မြောက်ပိုင်းနဲ့ အစိုးရ တပ်မတော် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ SSPP/SSA နဲ့ တပ်မတော်တို့အကြား သံလွင်စီမံကိန်းဖြစ် တဲ့ နောင်ဖ ဒေသမှာလည်း ၂၀၁၃ ခုနစ်အတွင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ဖူးတာကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ပြေးခဲ့ရဖူးပါတယ် ။


ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်မှာ သံလွင်ရေကာတာတွေ တည်ဆောက်ဖို့လျာထားတာ ၄ ခု ရှိပြီး ကွန်လုံ ၊ နောင်ဖ ၊  မဂ္ဂဝပ် ၂၀၀ ထွက်မဲ့ မန်တောင်း နဲ့ တာဆန်း ( မိုင်းတုံ ) တို့ ဖြစ်ပါတယ်။ နောင်ဖစီမံကိန်းရပ်တန့်ဖို့နဲ့ မိုင်းတုံ ( တာဆန်း ) စီမံကိန်း ရပ်တန့်ဖို့ ဆန္ဒပြပွဲတွေက မကြာခဏ ဖြစ်ပွားနေတာရှိပါတယ် ။


သံလွင်စီမံကိန်း အားလုံးရဲ့ ရင်းနှီးမြှပ်နှံသူဟာ ထုံးစံအတိုင်း တရုတ်ဖြစ်ပြီး ထွက်ရှိတဲ့ လျှပ်စစ်အားလုံး နီးပါးဟာ တရုတ်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိဦးမှာပါ။  နောင်ဖ စီမံကိန်းဟာ လားရှိုးနဲ့ ဟိုပန်မြို့နယ် အကြား သံလွင်မြစ်ပေါ်မှာ တည်ရှိပြီး ၂၀၀၉ ခုနစ်က စစ်အစိုးရနဲ့ တရုတ်အစိုးရအကြား နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့တာပါ။ နောင်ဖ စီမံကိန်းအရှေ့ဘက်မှာတော့ ၀ ဒေသ ရှိပြီး ၊ သံလွင်မြစ် အနောက်ဘက်ကမ်းကတော့ ရှမ်းနဲ့ တအာင်းပလောင်လက်နက်ကိုင်တွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။ မဂ္ဂါဝပ် ၁၂၀၀ ထွက်ရှိမဲ့ လျှပ်စစ်ဓါတ်အားတွေကို တရုတ်နိုင်ငံက ၉၀ ရာခိုင်နှုန်းရရှိမှာပါ။ စီမံကိန်းကြောင့် ဒေသခံ ထောင်ပေါင်းများစွာက နေရပ်စွန့်ခွာ ရမှာဖြစ်ပါတယ် ။


မိုင်းတုံ ( တာဆန်းလျှံ ) စီမံကိန်းကတော့ မြန်မာပြည်မြေပုံကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် ကယား ပြည်နယ် အစပ် သံလွင်မြစ်ချိုးကွေ့သွားတဲ့ အနားမှာ တည်ရှိပြီး သံလွင်မြစ်နဲ့ ထိုင်းနယ်စပ်မျဉ်း အပြိုင် ဒေသနားမှာပါ။ ထွက်ရှိလာတဲ့ လျှပ်စစ်ဓါတ်အားအများစုက ထိုင်းနဲ့ တရုတ်ကို ပေးပို့ရမှာဖြစ်ပါတယ်။ ၉၀ ရာခိုင်နှုန်းပါ ။


ထိုင်းနယ်စပ်အနီးမှာ RCSS/SSA ရဲ့ ဌာနချုပ်ရှိသလို တာချီလိတ်ကနေ အောက်ဘက် နယ်စပ်မျဉ်း အဲဒီ မိုင်းတုံ ဒေသအထိ ၀ လက်နက်ကိုင် UWSA လည်း ရှိပါတယ်။ မိုင်းတုံ ရေကာတာကြောင့် အလွန်လှပတဲ့ ကွန်ဟိန်းဒေသ ( သံလွင်မြစ် အနောက်ဘက်ကမ်း )  ကျွန်းတစ်ထောင်ဒေသဟာ ရေမြှပ်မဲ့ ဧရိယာထဲမှာ ပါသွားမှာဖြစ်ပါတယ်။ ကွန်ဟိန်းမြို့နယ်အတွင်း အနည်းဆုံး လူဦးရေ ၅ သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေးရမှာဖြစ်ပါတယ် ။


ဒါတောင်မြစ်အနောက်ဘက်ကမ်းဒေသကိုပဲတွက်ချက်ထားတာဖြစ်တယ်လို့ ကွန်ဟိန်းလွှတ်တော် ကိုယ်စားလှယ်နန်းခင်ထားရီက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်း ၀ တောင်ပိုင်းစခန်းတွေကို တပ်မတော်က ဆုတ်ခိုင်းတာတောင် မဆုတ်တဲ့ ကိစ္စတွေကရှိနေပါသေးတယ် ။


(၃)  သံလွင်စီမံကိန်း ဆက်လုပ်မယ်ဆိုရင် ရင်ကြားစေ့ရေး ထိခိုက်နိုင်တယ်ဆိုတဲ့ ဦးခွန်ထွန်းဦး

တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေမပါပဲ သံလွင်မြစ်ပေါ်မှာ  ဆည်စီမံကိန်းတွေ ဆက်လက်ဆောင် ရွက်မယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးထိခိုက်နိုင်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက စက်တင်ဘာလ ၂၈ ရက်နေ့က ပြောပါတယ် ။


သူပြောခဲ့တာက ‘ တိုင်းရင်းသားအားလုံး နယ်မြေတွေမှာ ပစ္စည်းထုတ်တယ်။ တိုင်းရင်းသားတွေအတွက် ဘာမှလည်း ခံစားခွင့်မရှိဘူး။ ဒုတိယ တာဝန်ဖြစ်တဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်မယ်ဆိုရင် ဘယ်လိုလုပ် ရှောရှောရှူရှူသွားလို့ရမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ၊ သံလွင်ကို ဆည်တွေ ဆောက်ရမယ်။ ကျွန်တော်တို့ ခံစားခွင့်အရ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါပဲ ဆက်သွားဖို့ဆိုရင် အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကြာသထက် ကြာသွားဦးမယ်။ ကံဆိုးရင်လည်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်။ ‘ လို့ ဦးခွန်ထွန်းဦးက စက်တင်ဘာလ ၂၈ ရက်နေ့က သံလွင်ဆည်ကြောင့် ကျွန်းတစ်ထောက်ကွယ်ပျောက်တော့မယ်ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ပြသတဲ့ အခမ်းအနားမှာ ပြောပါတယ် ။


ရှမ်းအင်အားစုတွေကတော့ အစိုးရသစ်က သံလွင်စီမံကိန်းတွေ အကုန်လုံးကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်လည်း ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆက်လက်ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ် ။


တစ်ချိန်က အန်အယ်လ်ဒီရဲ့ ကာလရှည်မဟာမိတ်ဟောင်း ရှမ်းအင်အားစုတွေနဲ့ သံလွင်ရေကာတာ ကိစ္စတွေမှာ အန်အယ်လ်ဒီ အစိုးရ အခန့်မသင့် ထိပ်တိုက်တွေ့နိုင်တဲ့ အခြေနေလို့ ဆိုရမှာပါ ။


မြန်မာပြည်က ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ တရုတ်နိုင်ငံမှာတော့ သံလွင်မြစ်ပေါ်မှာ ဆည်တွေ တည်ဆောက်ဖို့ရည်ရွယ်ခဲ့ပေမဲ့ ဒေသခံတွေရဲ့ အကြီးအကျယ်ကန့်ကွက်မှုတွေကြောင့် ဆောက်လက်စဆည်တွေ ဆောက်ပြီးသွားတဲ့ ဆည်တွေပါ ပြန်ဖျက်ခဲ့ရပါတယ်။
တဘက်မှာလည်း သံလွင်မြစ်တလျှောက်မှာ အလွန်ရှားပါးတဲ့ မျိုးစိပ်တွေ ၊ ပန်းမာန်တွေရှိတဲ့အပြင် မတူကွဲပြားရှေးကျတဲ့ မျိုးနွယ်စုတွေ မှီတင်းနေထိုင်ကြတာကြောင့် သံလွင်ကို UNESCO ရဲ့ ထိန်းသိမ်းဧရိယာအဖြစ် တရုတ်နိုင်ငံမှာ သတ်မှတ်ထားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ဆောက်ခွင့်မရှိတော့တဲ့အတွက် မြန်မာနိုင်ငံကနေ ထုတ်ယူဖို့ စဉ်းစားတာလားဆိုတာ သံသယဝင်စရာရှိပါတယ် ။


ရှမ်းမှာရှိတဲ့ လျှပ်စစ်စီမံကိန်းတွေအတော်များများကို ရှမ်းအင်အားစုတွေအပါဝင် ဒေသခံတွေ ကန့်ကွက်နေတာ သိပ်တော့ မဆန်းပါဘူး။ အများစုဟာ နှစ်ပေါင်းများစွာ စီမံကိန်းကြောင့် နေရပ်စွန့်ခွာပေးရတဲ့ဒဏ် လျော်ကြေးကုစားမှုတွေ မရတဲ့ ဒဏ် ကိုယ့်ဒေသက ထွက်ရှိတဲ့ လျှပ်စစ် ၊ ဥပမာ လောပိတလျှပ်စစ်ဆိုရင် ဘီလူးချောင်းက ရှမ်းပြည်နယ်ကနေစ လောပိတအတွက် ရေကာတာဖြစ်တဲ့ မိုးဗြဲရေကာတာက ရှမ်းပြည်နယ်အတွင်းမှာရှိပေမဲ့ ဒေသခံတွေ လျှပ်စစ်မရတာတွေ ရှိခဲ့တာ ၊ ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းဆိုရင်လည်း ရှမ်းမှာပဲရှိပေမဲ့ အနီးနားက ရွာတွေ လျှပ်စစ်မရ စတဲ့ ကိစ္စရပ်ပေါင်းမြောက်မြားစွာ ကြုံဖူးတာ ကြောင့်ဖြစ်ပါတယ် ။


 ပြီးတော့ စီမံကိန်းအကြောင်းပြစစ်ဆင်ရေးထိုးတာ ၊ စီမံကိန်းနယ်မြေကနေ အထက်စီးယူပြီး အခိုင်အမာ စခန်းတွေ တည်ဆောက်ပြီး ပစ်ခတ်တာစတဲ့ ကိစ္စရပ်တွေကို နှစ်ပေါင်းများစွာကြုံတွေ့ ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အခု သံလွင်စီမံကိန်းကြောင့် ဖယ်ပေးရမဲ့ ကွန်ဟိန်းဒေသဆိုရင် စစ်အစိုးရလက်ထက် ၁၉၉၆ နဲ့ ၉၈ ခုနစ် ၀န်းကျင်တွေတုန်းက တပ်မတော်ရဲ့ ဖြတ်လေးဖြတ် စီမံချက်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။  အခုထိလည်း EIA ၊ SIA လုပ်နေတာတွေက ပွင့်လင်းမြင်သာမှုမရှိပါဘူး ။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်းမှာ ထိုင်းတာဝန်ရှိသူအချို့က မိုင်းတုံ ရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ဖွယ်ရှိ တယ်လို့ ထိုင်းအစိုးရနဲ့ နီးစပ်သူ အချို့က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းမလာခင် ရက်ပိုင်းအတွင်း ချင်းမိုင်မှာရှိတဲ့ မြန်မာမီဒီယာအချို့ကို ထိုင်းတာဝန်ရှိသူတွေက ခေါ်တွေ့ပြီး မိုင်းတုံဆည် ဆောက်ရင် ဘယ်လို နေမလဲဆိုတာ မေးမြန်းခဲ့တာတွေလည်း ရှိခဲ့ပါတယ် ။

(၄) လုပ်ခဲ့တာ အစိုးရဟောင်းဆိုပေမဲ့ ၊ မရှင်းတတ်ရင် ရှုပ်နိုင်တဲ့ အခြေနေမှာရှိနေ

ဦးခွန်ထွန်းဦးပြောစကားအရဆိုရင် ရှမ်းမှာရှိတဲ့ အင်အားစုတော်တော်များများက စီမံကိန်းတွေ ကိုကန့်ကွက်မဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ အသံပျောက်နေတာက တရုတ်နဲ့နီးတဲ့ ၀ UWSA ဦးဆောင်တဲ့ အုပ်စုတွေပဲဖြစ်ပါတယ်။ သေချာကြည့်မယ်ဆိုရင် သံလွင်စီမံကိန်းရပ်တန့်ရေး လှုပ်ရှားမှုတွေမှာ ကိုးကန့် MNDAA အပါဝင် ၊ ၀ အဖွဲ့အစည်းတွေ အသံတိတ်နေပါတယ် ။


 ရှမ်းအဖွဲ့အစည်းတွေက  စက်တင်ဘာလ ၂၈ ရက်နေ့က ဖြန့်ဝေတဲ့ နောင်ဖရေကာတာနဲ့ ပတ်သက်တဲ့  အချက်အလက်မှာ ကြည့်မယ်ဆိုရင် ဒေသခံ လူထုကို ထိခိုက်စေသည့်တိုင် UWSA အား တရုတ်၏ ဖိအားပေးမှုကို ဝေဖန်သင့်သည် ဆိုပြီး ဖော်ပြထားပါတယ်။
 UWSA ၀ တပ်ဖွဲ့အနေနဲ့ အဲဒီသဘောအတိုင်းသာ ဆက်လက်ရပ်တည်မယ်ဆိုရင် သံလွင်ရေကာတာကို ဆန့်ကျင်တဲ့ အခြားမျိုးနွယ်စုတွေရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်နေတယ် ။


တိုင်းရင်းသားတွေအကြားသွေးကွဲပြီး ငြိမ်းချမ်းရေးရစေမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ် ။


ဒါကြောင့် တရုတ်နဲ့ ၀ ရဲ့ စီမံကိန်းတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မြစ်ငယ်မြစ်တလျှောက် ဧရိယာတွေမှာ RCSS/SSA ရှမ်းတောင် တပ်ဖွဲ့က အပြည့်အဝ နေရာဝင်ယူဖို့ ကြိုးစားသလားဆို တာလည်း မေးခွန်းထုတ်စရာရှိနေပါတယ်။ UWSA အပါဝင် ၀ တပ်ဖွဲ့နဲ့ အပေါင်းအပါတွေက အသံတိတ်နေပေမဲ့ သံလွင်စီမံကိန်းဆက်စပ်နယ်မြေဖြစ်တဲ့ ၀  ဒေသ ဟိုပန်ဟာ မကြာခဏ ငလျင်လှုပ်တတ်တဲ့ နေရာပါ။ ပြီးခဲ့တဲ့ လက ငလျင်အသေးစားလှုပ်ပြီးမိုးရွာခဲ့တာကြောင့် တောင်ပေါ်က ရွှံ့တွေက ဟိုပန်တစ်မြို့လုံးကို ဖုံးလွှမ်းခဲ့ပါတယ် ။ သံလွင်မြစ်အနောက်ဘက်ကမ်း မှာလည်း ၀ လူမျိုးတွေ နေထိုင်တဲ့ရွာတွေ ရှိတဲ့ အတွက် နောင်ဖ စီမံကိန်းသာ အကောင်ထည် ဖော်ခဲ့ရင် အဲဒီ ၀ လူမျိုးတွေရဲ့ ကျေးရွာတွေလည်း ရွှေ့ပြောင်းပေးရမှာပါ ။


အမှန်တော့ ရှမ်းပြည်နယ်အတွင်းက စီမံကိန်းအားလုံးဟာ အစိုးရအဟောင်းတွေက သဘောတူခဲ့တာ ဆိုပေမဲ့ အဲဒီအဟောင်းတွေရဲ့ အရှုပ်ထုပ်တွေဟာ ၂၀၀၈ အခြေခံဥပဒေအောက်ဝင်လာတဲ့ အရပ်သားအစိုးရသစ်မှာလည်း လက်ဆင့်ကမ်းရမဲ့ တာဝန်ရှိနေပြန်ပါတယ်။
အခုအထိ အစိုးရသစ်ရဲ့ ရှမ်းပြည်နယ်အတွင်းက အငြင်းပွားဖွယ်ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြုမူဆောင်ရွက်မှုတွေက ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဥပမာအားဖြင့် ရှမ်းပြည်နယ်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးညွှန့်လွင်က နောင်ဖ စီမံကိန်းအပါဝင် စီမံကိန်း ၂၀ ကျော်ဟာ ပြန်လည်စီစစ်ရမဲ့ စီမံကိန်းတွေဖြစ်တယ်လို့ ဘီဘီစီမြန်မာပိုင်းနဲ့ အင်တာဗျူးမှာပြောဆိုခဲ့ပါတယ် ။


တစ်ခါ နောင်ဖကို မလုပ်ဘူးလို့ လားရှိုးမှာလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာပြောပါတယ်။ နေပြည်တော်အစိုးရကတော့ စွမ်းအင်အတွက် ရေအားလျှပ်စစ်ကနေထုတ်ယူမယ်လို့ ရက် ၁၀၀ သတင်းစာရှင်းလင်းမှုမှာ ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်နယ်လွှတ်တော်မှာ သံလွင်ရေအားလျှပ်စစ်နဲ့ ရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ဖို့ ရှိမရှိ မေးခွန်းကိုတော့ ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုးညွှန့်လွင်က ဒါဟာ သူတို့နဲ့ မဆိုင်တော့တဲ့အတွက် ပြည်ထောင်စု အဆင့်မှာသာ မေးမြန်းဖို့ဆိုပြီး ပြောပြန်ပါတယ်။ တစ်ပါတီထဲက အစိုးရဖြစ်နေပေမဲ့ ပြည်နယ်နဲ့ ဗဟို ရှေ့နောက်မညီတဲ့ ပြောဆိုမှုတွေပါ ။


လတ်တလောအတွင်းမှာပဲ နောင်ဖရေကာတာနဲ့  ပတ်သက်လို့ လုံခြုံရေးထူထူထပ်ထပ်ချထားပြီး EIA ၊ SIA လူမှု စီးပွား အကျိုးသက်ရောက်မှု ရှိနိုင်မှု ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ကို SMEC ကုမ္ပဏီကနေ လုပ်ဆောင်နေပါတယ်။ ဒေသခံတွေဆီ မေးမြန်းမှု အရ ပွင့်လင်းမြင်သာမှု လည်း မရှိပါ ။


ရှမ်းပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေကို ကြည့်မယ်ဆိုရင် စီမံကိန်းစဖို့လုပ်နေတာ ၊ စနေတာတွေရှိပေပြီး ကန့်ကွက်သူတွေလည်းကန့်ကွက်တာတွေရှိနေပေမဲ့ မကန့်ကွက်တဲ့ အဖွဲ့တွေက တပ်မတော်နဲ့နီးစပ်တဲ့ ဒေသခံ ပြည်သူ့စစ်အဖွဲ့တွေ ၊ ၀ UWSA လို အုပ်စုတွေသာ ဖြစ်နေပါတယ် ။


UWSA အနေနဲ့ အစိုးရနဲ့ တင်းမာမှုရှိတဲ့ အဖွဲ့ချင်းအတူတူ သံလွင်မြစ်အနောက်ဘက်ကမ်းက စီမံကိန်းတွေကို မျက်စပစ် အကောင်ထည်ဖော်နေတာ အားလုံး တရုတ်စီမံကိန်းတွေမှာ တစ်ခွန်းမှ မပြောဖြစ်နေတဲ့ ကိစ္စတွေက ဘဝတူ တိုင်းရင်းသားအင်အားစုချင်းအတူတူ ကိုယ်ရှင်ရင်ပြီးရော ဘယ်သူသေသေဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ ဒါက သူ့အတွက် ဟုတ်သယောင်ယောင်ရှိပေမဲ့ ရေရှည်တိုင်းရင်းသား ညီညွတ်ရေးမှာ ပြဿနာရှိပါတယ်။ လူ့စည်း ၊ ဘီလူးစည်း ဆိုတာ ရှိတယ်မဟုတ်လား ။


 ရှမ်းကလက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေကို ကြည့်မယ်ဆိုရင် ဖက်ဒရယ်ကိုတောင်းတဲ့ အုပ်စု SSPP/SSA ၊ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်တို့လို UNFC အဖွဲ့တွေက တစ်စု ၊ ကိုးကန့် စစ်ပွဲအပြီး UWSA ၊ MDAA တို့နဲ့ ပိုမိုနီးစပ်တဲ့ ဆက်ဆံရေးရှိသွားတဲ့ တအာင်းပလောင် TNLA/PSLF အဖွဲ့လို ကိစ္စနဲ့ သူတို့က တစ်အုပ်စု ( တအာင်းပလောင်အဖွဲ့အနေနဲ့ မူလ လက်ဦးဆရာ ဖြစ် တဲ့ ကေအိုင်အေနယ်မြေမှာ ကျင်းပတဲ့ မိုင်ဂျာယန် တိုင်းရင်းသားဆွေးနွေးပွဲတောင် မလာတော့ ) UWSA နဲ့နှစ်ရှည်လများတိုက်ခဲ့တဲ့ RCSS/SSA အဖွဲ့က တစ်စုဆိုပြီးတွေ့နိုင်ပါတယ်။ အဲဒီအဖွဲ့တွေကို ကြည့်မယ်ဆိုရင် အကုန်လုံးက တပ်မတော်နဲ့ အစိုးရဆီက တိုင်းရင်းသားအခွင့်အရေးတောင်း နေတာခြင်း တူပေမဲ့ အုပ်စုကွဲ ၊ အကျိုးစီးပွားကွဲမှုတွေကြောင့် ဆက်ဆံရေး မကောင်းကြတာလည်း အသေချာပါပဲ။ တစ်ချိန်တည်းမှာလည်း တအာင်းပလောင် လူမှု့ အသင်းအဖွဲ့တွေလည်း အငြင်းပွားဖွယ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ အသံမထွက်သလောက်ဖြစ်နေပါတယ် ။


ဝ ပါတီအနေနဲ့ သံလွင်မြစ်အနောက်ဘက်ကမ်းက တန့်ယန်းဒေသကို ၀ ပြည်နယ်သတ်မှတ်ပေးရေး တောင်းဆိုရာမှာ ထည့်သွင်းတောင်းဆိုခဲ့တာကလည်း တခြားအင်အားစုတွေအတွက်စိုးရိမ်စရာ အခြေနေဖြစ်စေပြီး သံလွင်မြစ်အနောက်ဘက်ကမ်း သီပေါမြို့နယ်လောက်အထိကို ၀ တပ်ဖွဲ့က တရုတ်စီမံကိန်းတွေနဲ့အတူ လျှပ်စစ်တွေရယူချင်နေတာဟာ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုကို ပိုမိုအားကောင်းစေမဲ့ အချက်တွေပဲဖြစ်ပါတယ်။ ထူးခြားမှုကတော့ ကိုးကန့် စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ တအာင်းပလောင်အဖွဲ့အနေနဲ့ နမ္မတူ မြစ်ငယ်မြစ်တစ်လျှောက်က ရေကာတာ စီမံကိန်းတွေနဲ့ ထိစပ်နယ်မြေတွေမှာ လှုပ်ရှားနေခဲ့တာဖြစ်ပြီး ကေအိုင်အေနဲ့လည်း ဆက်ဆံရေးအေးခဲလာချိန်မှာ ဆက်လက် ရပ်တည်နေနိုင်မှုပဲဖြစ်ပါတယ် ။


မြန်မာပြည်သူအများစု အထူးသဖြင့် ပြည်မနေပြည်သူတွေအကြားမှာ ရေပန်းစားတဲ့ ကိစ္စက မြစ်ဆုံ ကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သံလွင်ကိစ္စကိုလည်း မပေါ့ဖို့လိုပါတယ်။ သံလွင်ဟာ ရှမ်းတင်မကပဲ မွန်၊ ကရင် ၊ ကရင်နီနယ်တွေကိုပါ ဖြတ်သွားတဲ့ မြစ်ဖြစ်တာကြောင့်ဖြစ်ပါတယ်။ ကရင်နီနဲ့ ကရင်ပြည်နယ်ထဲမှာလည်း သံလွင်စီမံကိန်းတွေ ရှိနေပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် သံလွင်ဟာ ပြည်ထောင်စု မြစ်လို့တောင်ဆိုနိုင်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်အတွင်း အင်အားအကြီးဆုံး ဖြစ်တဲ့ UWSA ၀ တပ်ဖွဲ့ဟာ အငြင်းပွားဖွယ် တရုတ်စီမံကိန်းတွေ လူထုက ဆန့်ကျင်နေတဲ့ တရုတ်ရင်းနှီးမြှပ်နှံမှုနဲ့ တည်ဆောက်တဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လိုလားသယောင် သံယောင်လိုက်နေတဲ့ ကိစ္စက တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပြဿနာရှိရုံမက ပထဝီနိုင်ငံရေးအရပါ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ် ။


အချူပ်အားဖြင့်ဆိုရင်တော့ ရှမ်းပြည်နယ်အတွင်းမှာ တည်ဆောက်နေဆဲ ဒါမှမဟုတ် တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေ ၊ ရေကာတာ စီမံကိန်းတွေဟာ မတူညီတဲ့ အကျိုးစီးပွား ဒေသခံတွေအတွက် အကျိုးနည်းပါးမှုတွေကြောင့် ပြဿနာတွေ ပိုမိုရှုပ်ထွေးလာနိုင်တဲ့ စီမံကိန်းတွေဖြစ်တာကြောင့် ပွင်းလင်းမြင်သာစွာ ဘက်လိုက်မှု မရှိဖြေရှင်းကြဖို့ ၊ တစ်ဖွဲ့ချင်း အကျိုးစီးပွားကိုသာ ရှေ့ရှူ မဆုံးဖြတ်ကြဖို့ လိုအပ်နေပါတယ် ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates