ဝ တပ်ဖွဲ့ အနေဖြင့် သံလွင်အရေးတွင် တရုတ်ဘက်မလိုက်ရန် CSSU ကော်မတီဝင်တိုက်တွန်း



အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် UWSA ၀ အနေဖြင့် သံလွင်မြစ် ရေကာတာ နှင့်လျှပ်စစ်စီမံကိန်း အရေးတွင် တရုတ်ဘက်မလိုက်ဘဲ ပြည်ထောင်စု သားများနှင့် အတူလက်တွဲ ဆောင် ရွက်ရန် CSSU သျှမ်းပြည်ညီညွတ်ရေး ကော်မတီမှ ကော်မတီဝင် စိုင်းလိတ်က တိုက်တွန်းလိုက်သည် ။


သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် စီမံကိန်း အားလက်ခံရန် UWSA အား တရုတ်ဘက်မှ ဖိအားပေး မှု များတွင် UWSA အနေဖြင့် ပါဝင်ခြင်းမရှိဘဲ အောက်ခြေလူထု အဖွဲ့အစည်းများနှင့် လူထုဆန္ဒကို ဆန့်ကျင် မှုမပြုပဲ ပြည်ထောင်စုတိုင်းရင်းသားများနှင့် အတူလက်တွဲဆောင်ရွက်ရန် စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်သည့် နောင်ဖှရေကာတာ စီမံကိန်းနှင့် ပတ်သက်သော ရှမ်းအင်အားစုများ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားကြောင်း သိရသည် ။


 “ UWSA က တရုတ်နဲ့ပတ်သက်လို့ Buffer Zoneဆိုတဲ့ နယ်ခြားဒေသဖြစ်တယ်။ တရုတ်အတွက် ကိုကြည့်ပြီးတော့မှ ပြည်ထောင်စုကြီးအတွက် ရှေးရှုတဲ့ လုပ်ငန်းမျိုးကို မလုပ်ဘူး။ တရုတ်အစိုးရ အလိုကျ သာလိုက်လုပ်မယ်ဆိုရင် ပြည်ထောင်စုဖွားအချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်စေနိုင်တယ်” ဟု ပြောသည် ။


သျှမ်းပြည်နယ်အတွင်း သံလွင်စီမံကိန်းများအပါဝင် မြစ်ငယ် ( ဒုဌဝတီမြစ် ) ပေါ်ရှိစီမံကိန်းများအား ဒေသခံ များမှ ကန့်ကွက်မှုများရှိနေသော်လည်း UWSA  ၀ တပ်ဖွဲ့နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတာဝန်ရှိသူများ ၂၀၁၄ ခုနစ်က တွေ့ဆုံစဉ် သံလွင်မြစ်ပေါ်မှ ရေအားလျှပ်စစ် ထုတ်ယူခွင့်နှင့် သီပေါအနီးတွင် လျှပ်စစ်ဓါတ် အားထုတ်ယူခွင့်ပေးရန် ၀ တပ်ဖွဲ့မှ တင်ပြခဲ့သည်ဟု Eleven Media ၏ သတင်းတပုဒ်တွင် ဖော်ပြခဲ့ဖူးသည် ။


သံလွင်မြစ်ပေါ်စီမံကိန်းများနှင့် မြစ်ငယ်မြစ်ပေါ်ရှိစီမံကိန်းများမှာ တရုတ်ရင်းနှီးမြှပ်နှံမှုဖြင့် တည်ဆောက်မည့် စီမံကိန်းများဖြစ်ပြီး ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများတွင် တည်ရှိသည် ။


ပြည်ထောင်စုအရေးကိစ္စများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားသင့်ကြောင်း UWSAဒေသတွင် လူထုအခြေ ပြုအဖွဲ့အစည်းများမရှိသည့်အတွက် UWSA အနေဖြင့် လူထုအခြေပြုအဖွဲ့အစည်း အနေဖြင့်လည်း ကောင်း၊ ပြည်သူလူထုအနေဖြင့်လည်းကောင်းပါဝင်သင့်ပါဝင်ထိုက်သည့်အတွက် ရှမ်းအင်အားစုများအနေဖြင့် ကမ်းလှမ်းရခြင်းဖြစ်သည်ဟုလည်း စိုင်းလိတ်က ဆိုသည် ။


စိုင်းလိတ်က “ အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ မပါလို့မဖြစ်ဘူး။ ၀ က အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရောက်နေတာပေါ့။ သူတို့အနေနဲ့ သံလွင်ကိုရပ်စဲမယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာ ဒီထက်မက ပိုပြီးတော့မှ နီးနီးကပ်ကပ်ပူးပေါင်းပါဝင်နိုင်တယ်ဆိုတဲ့ပုံမျိုး အလေးတင်လိုက်မယ်ဆိုရင်ပိုပြီးတော့မှ အကျိုးထိရောက်နိုင်တာပေါ့”ဟု ပြောသည် ။


ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် ရေကာတာ ၄ ခု တည်ဆောက်ရန် ယခင် စစ်အစိုးရလက်ထက်ကတည်းက သဘောတူခဲ့ကာ အားလုံးမှာ တရုတ်ရင်းနှီးမြှပ်နှံမှုများ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ် ၉၀ % မှာ တရုတ်သို့တင်ပို့မည်ဖြစ်ကာ ဒေသခံ သိန်းနှင့်ချီ နေရပ်စွန့်ခွာရဖွယ်ရှိနေသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates