သျှမ်းပြည်နယ်လွှတ်တော်သတင်းရယူမှု ကန့်သတ်ခွဲခြားဆက်ဆံခံနေရဟု သျှမ်းပြည်အခြေစိုက် သတင်းသမားများပြော
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ်လွှတ်တော်အတွင်း၌ သတင်း မီဒီယာများ သတင်းရယူခွင့်ခက်ခဲပြီး ကန့်အသတ်ခွဲခြားဆက်ဆံခံနေရကြောင်း လွှတ်တော်တွင်း သတင်းရယူနေသည့် သတင်းသမားအများစု ကပြောသည် ။
နိုင်ငံတော်ပိုင် အစိုးရ မီဒီယာများဖြစ်သော ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာနများ၊ မြဝတီသတင်းဌာနများ ၊ MRTV နှင့် Sky Net ရုပ်သံလှိုင်း များသာ လွှတ်တော်စည်းအဝေးတွင်းသို့ သတင်း ဗီဒီယိုများရိုက်ယူခွင့်ရှိပြီး လွှတ်လပ်သည့် သတင်း မီဒီယာများ ဝင်ရောက်သတင်းရယူမှု မပေးသည့် ကန့်သတ် ခွဲခြားဆက်ဆံမှုဖြစ် သည်ဟု DVB သတင်းဌာန ခွန်ဇော်ဦး ကပြောသည် ။
“ ဘယ်လိုခက်ခဲလဲဆိုတော့ အစိုးရသတင်းမီဒီယာမဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ သတင်းယူရတာ ဘယ်လိုလဲဆိုတာ ကျနော်တို့အပြင်မှာ မိုးကာတဲနဲ့ထားတဲ့ကိစ္စတွေ၊ အဲ့မိုးကာတဲမှာ TV တစ်လုံးနဲ့ အသံလည်းမကြည်ဘူး၊ ဆောင်းဘောက်စ်ကနေတဆင့် ကျနော်တို့က သတင်းယူရ တယ်။ ဓာတ်ပုံတွေလည်း ဝင်ရိုက်ခွင့်မရှိဘူး။ TV ကနေရိုက်ယူရလို့ ပုံတွေ ထွက်လာလည်း မကောင်းဘူး။ အဓိက သွားဖြစ်တာက ရုပ်သံ မီဒီယာမှာ သွားဖြစ်တယ်။ TV ကအလင်းပြန်ရင် ရိုက်လို့မရတော့ဘူး။ အသံတွေကလည်း ဝါးတားတားနဲ့ ဘာတွေပြောလို့ ပြောမှန်းမသိတဲ့ အနေအထား တွေမှာရှိတယ်” ဟု ၄င်းကပြောသည် ။
ညွှန်ကြားရေးမှူး (လွှတ်တော်ရုံးအကြီးအမှူး) ဦးကျော်သူဇော် က လွှတ်တော်၏ ဆောင်ရွက်ချက်၊ လွှတ်တော်၏ လုပ်ဆောင်မှု ၊လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု၊ လွှတ်တော်သည် ပြည်သူလူထုများ၏ စွမ်းဆောင်မှု၊လွှတ်တော်အသံ ပြည်သူ့အသံ၊ ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ အနေအထားကို သွားနေသည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်တွင် ပြည်သူလူထုထံရောက်ရန်အတွက် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လွှတ်တော်စည်းဝေးတွင်းသို့ သတင်းယူရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြောသည် ။
“ သူတို့အဖွဲ့ကိုဘဲ ဝင်ခွင့်ပြုတယ်ဆိုတာက လွှတ်တော်နေရာသည် အင်မတန် ကျဉ်းမြောင်းတယ် အပြင်ကလာရောက်လေ့လာမယ့် နေရာလည်းမရှိဘူး။ နောက်အထဲမှာလည်း ရိုက်ကူးရေးအဖွဲ့တွေ ရိုက်တာတောင်မှ လွှတ်တော်ကိုယ်စားတွေအတွက် အာရုံနှောက်စေတယ်”ဟု ပြောသည် ။
အစိုးရ သတင်းမီဒီယာ ဝင်ခွင့်ရလျှင် လွတ်လပ်သည့် မီဒီယာများလည်း ဝင်ခွင့်ပြု သင့်ပြီး လွတ်လပ်သည့် မီဒီယာဝင်ခွင့်မပြုခြင်း အားဖြင့် အဆင့်အတန်းခွဲခြားခြင်းဖြစ်ကြောင်း၊ တခြားပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော်အတိုင်း လွှတ်လပ်စွာ သတင်းရယူပိုင်ခွင့် လိုချင်ကြောင်း Eleven Media က သတင်းထောက် စည်သာဟိန်း ကပြောသည် ။
သတင်းမီဒီယာ၏ နည်းဥပဒေတွင် ပါရှိသည့် အခန်း (၉) သတင်းအချက်လက်ရယူခွင့်မှာ သတင်းမီဒီယာသမားများသည် ဥပဒေ ပုဒ်မ ၆၊ပုဒ်မခွဲ(က) ပါ အများပြည်သူ သိခွင့်ရှိသော သတင်းအချက်လက်များကို တောင်းခံရာတွင် သတင်းမီဒီယာသမား သက်သေခံကဒ်ပြား ပြသ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှ တောင်းယူကြည့်ရှုခွင့်နှင့် အမှန်တကယ်ကျသင့်သည့် အဖိုးအခမှလွဲ၍ အခြားအပိုဆောင်းစားရိတ်များ ၊ အဖိုးအခများ ပေးရန်မလိုဘဲ တောင်းယူကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်ရှိသည် - ဟု ဖော်ပြထားသည် ။
“ ကျနော်တို့ အကန့်သတ်တွေကို သျှမ်းပြည်နယ်လွှတ်တော်က လျှော့ချပေးဖို့ လိုအပ်တယ်။ ဒါက ကျနော်တို့ ပိုပြီးတောင်းနေတာမဟုတ်ဘူး။ ဥပဒေအတိုင်း ရပိုင်ခွင့် မီဒီယာရဲ့ ရပိုင်ခွင့် ကျနော်တို့ တောင်းဆိုနေတာဖြစ်တယ် ” ဟု ခွန်ဇော်ဦး ကပြောသည် ။
သတင်းမီဒီယာ၏ နည်းဥပဒေတွင် ပါရှိသည့်အတိုင်း ဓာတ်ပုံရိုက်ခွင့် တောင်းယူခွင့်နှင့် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ငြင်းဆန်ခွင့် မရှိကြောင်းနှင့်အချိန်ဆွဲခွင့်မရှိကြောင်း ဥပဒေတွင် ပါရှိပြီးသား ဖြစ်ကြောင်း ခွန်ဇော်ဦး ကပြောသည် ။
Tags: Human Right, News


