ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံ
ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိဖွန်းအဒွန်လယဒေ့ မင်းထရာထိပေ့ ရာမာဓိပတိ သက်တော် ၈၈ နှစ်သည် အောက်တိုဘာလ ၁၃ ရက် ထိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၂ မိနစ်တွင် နတ်ရွာစံတော်မူသည် ။
ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံကြောင်း ထိုင်းအစိုးရက အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ထိုင်းရုပ်မြင်သံကြားမှ တရားဝင်ကြေငြာခဲ့ပါသည် ။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဂျန်အိုချာ က - ဘုရင်မင်းမြတ်၏ ရုပ်အလောင်း အား သဂြိုဟ်မည့်နေ့ကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ဘုရင်ကြီး၏ ဈာပနအခမ်း အနားကာလအတောအတွင်း ထိုင်းပြည်သူထု တရပ် လုံးမှ ချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်၊ ဘုရင်ကြီး နတ်ရွာစံမှုကို အခွင့်ကောင်း ယူကာ နိုင်ငံရေးဆူပူရှုပ်ထွေးအောင်မလုပ်ကြရန်၊ အစိုးရဝန်ထမ်းများ ၀မ်းနည်းခြင်း အထိမ်းအမှတ်ကာလ ၁ နှစ်ထားရှိရန်၊ ထိုင်းနိုင်ငံတဝှမ်း နိုင်ငံတော်အလံကို တလတိတိ တိုင်ဝက်သာထူကြရန်၊ ထို့ပြင် တလတိတိ မည်သည့် ပျော်ပွဲရွှင်ပွဲမျှ မကျင်းပကြရန်နှင့် တလအတွင်း အဖွဲ့အစည်းဖြင့်ဖြစ်စေ၊ ရပ်ရွာအတွင်းဖြစ်စေ၊ မိမိတဦးချင်းအနေဖြင့်ဖြစ်စေ ဘုရင်ကြီးကောင်းရာသုဂတိ လားရန်အတွက် အလှူပြုခြင်း၊ ပရိတ်တရားရွတ်ခြင်းများပြုလုပ်ပေးကြရန် - ကြေငြာခဲ့သည် ။
ထိုင်းဘုရင်မင်းမြတ်သည် ၂၀၁၁ ခုနှစ် ကတည်းက အသဲ၊ ကျောက်ကပ် ရောဂါ နှင့် သက်ကြီး ရောဂါခံစားရသဖြင့်ဘန်ကောက်မြို့ ဆီရီရတ်ဆေးရုံကြီး တွင် ဆေးကုသမှု မပြတ်ခံယူနေ သည် မှာ နတ်ရွာစံချိန်အထိဖြစ်သည် ။
နန်းသက် နှစ်ပေါင်း ရ၀ ရှိပြီဖြစ်သော ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင် မင်းမြတ်သည် ၁၉၄၆ ခုနှစ် သက်တော် ၁၈ နှစ်ရှိစဉ်က ချက္ကရီမင်းဆက် ၉ ဆက်မြောက်၏ ထီးနန်းကိုဆက်ခံ စိုးစံခဲ့ပါသည် ။
ထိုင်းဘုရင်မင်းမြတ်သည် ငယ်စဉ်ကတည်းက အနောက်နိုင်ငံတွင် ပညာသင် ယူခဲ့ပြီး ဖြတ်ထိုးဉာဏ်ကောင်းသည့် ခေတ်ပညာတတ်ဘုရင်တပါးဖြစ်ကြောင်း ကမ္ဘာတွင် ထင်ရှား ခဲ့ပါသည် ။
ဘုရင်မင်းမြတ်၏ စီးပွါးရေးရောင့်ရဲတင်းတိမ်မှုနည်းစနစ်နှင့်မူဝါဒများ၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ဆောင်ချက်များ၊ နိုင်ငံတကာနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက် ဆံတတ်မှုများ ကြောင့် ထိုင်းပြည်သူလူထုတရပ်လုံးက ဘုရင်မင်းမြတ် အပေါ် အထူးချစ်ခင်ကြည်ညိုခဲ့ကြ သည် ။
ထိုင်းဘုရင်မင်းမြတ်တွင် သားတော် အိမ်ရှေ့မင်းသား တပါးနှင့် သမီးတော် ၃ ပါး ထွန်းကားတော်မူပါသည် ။
Tags: Culture, News


