လာမည့် ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းပြည်တွင်း လစ်လပ်မဲဆန္ဒနယ်များတွင် ကျားခေါင်းပါတီ ယှဉ်ပြိုင်မည်
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနစ် ဧပြီလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေငြာရာ သျှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ်များ၌ ကျားခေါင်းပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကျားခေါင်းပါတီ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည် ။
သျှမ်းပြည်နယ်အတွင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက မကျင်းပနိုင်ခဲ့သည့် ကျေးသီး ၊ မိုင်းရှူး မြို့နယ်တို့ အပါအဝင် ကျိုင်းတုံမြို့နယ်မှ လစ်လပ်လျက်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အတွက်ပါ ယှဉ်ပြိုင် မည်ဖြစ်ကြောင်းဆိုပါသည် ။
" သုံးမြို့နယ်က လစ်လပ်နေရာတွေမှာပြိုင်မယ်။ မိုင်းရှူး၊ ကျေးသီးမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ နေရာစီ ၊ ပြည်သူ့လွှတ်တော် ၁ နေရာစီ နဲ့ ကျိုင်းတုံမြို့နယ်က ပြည်နယ်လွှတ်တော် ၁ နေရာပေါ့ ။ " ဟု စိုင်းညွှန့်လွင်က ပြောသည် ။
အဆိုပါ မဲဆန္ဒနယ်များအနက် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပခါနီး တပ်မ တော်နှင့် SSPP/SSA တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပရေး ရုပ်သိမ်း ပယ်ဖျက်ခဲ့ခြင်းဖြစ်သည် ။
သျှမ်းပြည်နယ်အတွင်း လစ်လပ်နေရာများအနက် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးကော်မတီထိန်းချုပ် နယ်မြေအတွင်းရှိ ပန်ဆန်း ၊ နားဖန်း ၊ ပန်ဝိုင် ၊ မိုင်းမော လေးမြို့နယ်နှင့် NDAA မိုင်းလားတပ်ဖွဲ့မိုင်းလားမြို့ နယ်တို့ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေထဲတွင် မပါဝင်ပေ ။
" သူတို့မှာက သူတို့ အချုပ်အခြာအာဏာနဲ့သူတို့ဆိုတော့ ပြည့်စုံဖို့ လူထုရွေးတဲ့ ကိုယ်စားလှယ်ပဲ လိုတယ်။ ဒါကြောင့် အစိုးရက ကျင်းပမဲ့ နေရာအဖြစ် မသတ်မှတ်ပေးသလား မသိဘူး" ဟု စိုင်းညွှန့်လွင်က သုံးသပ်သည်။ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၈ နေရာအတွက် ပြုလုပ်ခြင်းဖြစ်သည် ။
Tags: News, politic


