နမ့်ခမ်းမြို့နယ်အတွင်း သတ္တုလုပ်ငန်းပြန်လည်တူးဖော်ရန် သတ္တုဝန်ကြီးဌာနမှဝန်ထမ်းများရောက်ရှိ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း ပြန်လည်စတင်ရန် သတ္တုဝန်ကြီးဌာနမှ ၀န်ထမ်းများ၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများနှင့် GSM သတ္တုတူးဖော်ရေးကုမ္ပဏီမှတာဝန်ရှိသူများက နမ့်ခမ်းမြို့သို့ရောက်ရှိနေကြောင်းသတင်းရရှိသည် ။
အဆိုပါအဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်းဌေး ၊မြို့နယ်စည်ပင်ကော်မတီဥက္ကဌ စိုင်းတင်ဦး၊ နမ့်မကျေးရွာ အုပ်ချုပ်ရေးမှုး စိုင်းဆမ်မွန် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားများဖြစ်ကြသော ဦးထွန်းကျော် ၊ဦးအောင်ဝင်း နှင့်ဦးအေးမောင်တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကမြို့နယ်အုပ်ချုပ်ရေးရုံး၌ တွေ့ဆုံခဲ့ကြပြီး သတ္တုတူး ဖော်မှုကြောင့်ဒေသခံများ ထိခိုက်နစ်နာ ခဲ့ရသည်များ၊ GSM သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ လုပ်ငန်း ဆိုင်ရာ အကြောင်းများ ကိုတင်ပြဆွေးနွေးခဲ့သည် ဟု နမ့်မကျေးရွာအုပ်ချုပ်ရေးမှုး စိုင်းဆမ်မွန်ကဆိုသည် ။
“ ဆွေးနွေးသွားခဲ့တဲ့အကြောင်းတွေကတော့ စိုင်းတင်ဦး က သတ္တုတူး ဖော်မှု ကြောင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးထိခိုက်ရတဲ့အကြောင်း နဲ့ နမ့်မချောင်းဦး ပန်မောဝ်တောင်သတ္တုတူးဖော်မှုကြောင့် မြစ်ပျက်ဆီးခြင်းမှ ကာကွယ်ခြင်းအကြောင်း အဲ့သည့်အကြောင်းတွေကို အကျယ်တဝင့် ဆွေးနွေးသွားခဲ့တယ် ”ဟု ၄င်းက သျှမ်းသံတော် ဆင့်အားပြောသည် ။
နမ့်ခမ်းမြို့အရှေ့ဘက်ခြမ်းရှိ နမ့်ဆီးရီးချောင်းဦး ပန်ခါးကျေးရွာအနီး သတ္တုတူးဖော်မှု ကြောင့် ၂၀၁၄ ခုနှစ် က စတင်ပြီး နမ့်ဆီးရီးချောင်းမှာ ယနေ့တိုင်ပျက်စီးနေကြောင်း၊သတ္တုတူးဖော်ရေး ကုမ္ပဏီ မှတာဝန် ယူမှု အပြည့် အဝမရှိခြင်းကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် သတ္တုတူးဖော်ရေးကုမ္ပဏီများအား ယုံကြည်မှုမရှိ တော့ ကြောင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း ထပ်မံလုပ်ဆောင်ပါက ပြည်သူလူထု ဆိုးကျိုးဆက်လက် ရင်ဆိုင်ရမည် ကို ဒေသခံများ စိုးရိမ်နေကြကြောင်း နမ့်ခမ်းမြို့နယ်စည်ပင်ကော်မတီဥက္ကဌ စိုင်းတင်ဦး ကဆိုသည် ။
နမ့်ခမ်းမြို့ အနောက်တောင်အရပ်ရှိ ပန်မောဝ်တောင် သတ္တုတူးဖော်မှုကြောင့် နမ့်မချောင်းတစ်လျှောက် ပျက် စီးသွားသော လယ်မြေများအတွက် GSM သတ္တုတူး ဖော်ရေး ကုမ္ပဏီမှ တာဝန်ယူလျော်ကြေးပေးမည်ဟု ပြော ဆိုခဲ့သော်လည်း လယ်ယာမြေပျက်စီးမှုမှာ GSM သတ္တုတူးဖော်ရေးကုမ္ပဏီကြောင့် မဟုတ်ဟု ကုမ္ပဏီ တာဝန်ခံ ဦးရဲမြင့်ကြည် ကပြောဆိုကြောင်း အမည်မဖော်လိုသည့် နမ့်မကျေးရွာသား တစ်ဦးက ပြောသည် ။
ဆွေးနွေးပွဲအပြီးတွင် နမ့်ခမ်းမြို့နယ်စည်ပင်ကော်မတီဥက္ကဌ စိုင်းတင်ဦး နှင့် နမ့်မကျေးရွာအုပ်ချုပ်ရေးမှုး စိုင်း ဆမ်မွန် တို့သည် ဒေသခံတောင်သူလယ်သမားအဖွဲ့များနှင့် တွေ့ဆုံရာ - ပြန်လည်စတင်မည့် သတ္တုတူးဖော်လုပ်ငန်းကြောင့် မိမိတို့၏ လယ်ယာမြေများ ထိခိုက်လာမည်ဆိုပါက ၂၀၁၄ ခုနှစ် ကကဲ့သို့ သတ္တုတူးဖော်မှုရပ် တန့်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ ထပ်မံပြုလုပ်သွားမည်ဟု ပြောဆိုတင်ပြခဲ့ကြောင်း နမ့်ခမ်းမြို့ တောင် သူလယ်သမားခေါင်းဆောင်ကပြောသည် ။
နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်မှုရပ်တန့်ရေးအတွက် ဒေသခံပြည်သူလူထု နှင့် တောင်သူ လယ်သမားအဖွဲ့များပူးပေါင်းသည့် အင်အား (၄၀၀၀) ခန့် သည် ၂၀၁၄ ခု စက်တင်ဘာလ ၅ ရက်နေ့၌ ဆန္ဒထုတ်ဖော် ခဲ့သည်။ ဆန္ဒပြပြီး နောက်ပိုင်း သတ္တု တူးဖော်မှု ယာယီရပ်ဆိုင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုယ်တိုင် အမိန့်စာတစ် စောင် ထုတ်ပြန်လိုက်ပြီး (ထိုစဉ်) သျှမ်းပြည်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ကလည်း နမ့်ခမ်းမြို့ သို့ရောက်ရှိကာ ကွင်းဆင်းလေ့လာခဲ့ဖူးပါသည် ။
Tags: Environment, News

